လုကာ ၂၂:၁-၇၁
-
ယေရှုကိုသတ်ဖို့ ပုရောဟိတ်တွေ ကြံစည် (၁-၆)
-
နောက်ဆုံး ပသခါပွဲအတွက် ပြင်ဆင်ခြင်း (၇-၁၃)
-
သခင့်ညစာစားပွဲ ကျင်းပ (၁၄-၂၀)
-
“သစ္စာဖောက်မယ့်သူဟာ ကျွန်တော်နဲ့ တစ်စားပွဲတည်း ထိုင်နေ” (၂၁-၂၃)
-
ဘယ်သူကြီးမြတ်ကြောင်း အကြီးအကျယ် ငြင်းခုံ (၂၄-၂၇)
-
နိုင်ငံတော်ပဋိညာဉ်ကို ယေရှုဖွဲ့ (၂၈-၃၀)
-
ပေတရု ငြင်းမယ့်အကြောင်း ကြိုပြော (၃၁-၃၄)
-
ပြင်ဆင်ဖို့ လိုအပ်။ ဓားနှစ်လက် (၃၅-၃၈)
-
သံလွင်တောင်ပေါ်မှာ ယေရှုဆုတောင်း (၃၉-၄၆)
-
ယေရှု အဖမ်းခံရ (၄၇-၅၃)
-
ယေရှုကို မသိဘူးလို့ ပေတရု ငြင်း (၅၄-၆၂)
-
ယေရှုကို လှောင်ပြောင်ကြ (၆၃-၆၅)
-
ဂျူးတရားရုံးချုပ်မှာ စစ်ဆေးခံရ (၆၆-၇၁)
၂၂ ပသခါပွဲတော်လို့ခေါ်တဲ့ တဆေးမဲ့မုန့်ပွဲတော်+ ရောက်တော့မယ်။+
၂ ပုရောဟိတ်ကြီးတွေနဲ့ ကျမ်းတတ်တွေက လူတွေကို ကြောက်တော့+ ယေရှုကို ဘယ်လိုနည်းနဲ့ အစဖျောက်ရင် ကောင်းမလဲဆိုပြီး တိုင်ပင်ကြတယ်။+
၃ အဲဒီအခါ စာတန်က တမန်တော် ၁၂ ယောက်အဝင် ယုဒရှကာရုတ်ရဲ့စိတ်ကို ကြိုးကိုင်ခြယ်လှယ်တော့တယ်။+
၄ ဒါနဲ့ ယုဒက ပုရောဟိတ်ကြီးတွေ၊ ဗိမာန်တော်မှူးတွေဆီ သွားတယ်။ ယေရှုကို ဘယ်လို သစ္စာဖောက်ပြီး အပ်နှံရင် ကောင်းမလဲဆိုပြီး တိုင်ပင်တော့၊+
၅ သူတို့ ဝမ်းသာအားရဖြစ်ပြီး ငွေပေးမယ်လို့ ကတိပေးကြတယ်။+
၆ ယုဒလည်း သဘောတူပြီး လူတွေမရှိခိုက် ယေရှုကိုအပ်နှံဖို့ အခွင့်ကောင်းရှာနေတော့တယ်။
၇ ပသခါပူဇော်သက္ကာကို ဆက်သလေ့ရှိတဲ့ တဆေးမဲ့မုန့်ပွဲတော်နေ့ ရောက်လာတယ်။+
၈ ယေရှုက “ကျွန်တော်တို့စားဖို့ ပသခါညစာကို သွားပြင်ဆင်ကြပါ”+ ဆိုပြီး ပေတရုနဲ့ ယောဟန်ကို လွှတ်လိုက်တယ်။
၉ “ဘယ်မှာ သွားပြင်ဆင်ရမလဲ” လို့ သူတို့မေးတော့၊
၁၀ ယေရှုက “ခင်ဗျားတို့ မြို့ထဲဝင်တဲ့အခါ ရေအိုးထမ်းလာတဲ့ ယောက်ျားတစ်ယောက်ကို တွေ့လိမ့်မယ်။ သူ့နောက်ကိုလိုက်ပြီး သူဝင်တဲ့အိမ်ထဲ လိုက်ဝင်သွားပါ။+
၁၁ ပြီးတော့ ‘“တပည့်တွေနဲ့အတူ ပသခါညစာ စားမယ့်အခန်းက ဘယ်မှာလဲ” လို့ ဆရာမေးတယ်’ ဆိုပြီး အိမ်ရှင်ကို ပြောပါ။
၁၂ အိမ်ရှင်က အပေါ်ထပ်မှာရှိတဲ့ ပြင်ဆင်ပြီးသား အခန်းကြီးကို ပြလိမ့်မယ်။ အဲဒီအခန်းမှာ ညစာပြင်ဆင်ပါ” လို့မှာလိုက်တယ်။
၁၃ တပည့်တွေလည်း ထွက်သွားပြီး ယေရှုမှာတဲ့အတိုင်း တွေ့တော့ ပသခါပွဲအတွက် ပြင်ဆင်ကြတယ်။
၁၄ ညစာစားချိန်ရောက်တော့ ယေရှုက တမန်တော်တွေနဲ့အတူ စားပွဲမှာ ထိုင်ပြီး၊+
၁၅ “ကျွန်တော် ဝေဒနာမခံစားရခင် ခင်ဗျားတို့နဲ့အတူ ဒီပသခါညစာစားဖို့ စောင့်မျှော်နေတာ။
၁၆ ကျွန်တော်ပြောမယ်။ ဘုရားသခင့် နိုင်ငံတော်မှာ ပသခါပွဲနဲ့ပတ်သက်သမျှ မပြည့်စုံမချင်း ဒီပသခါညစာကို ကျွန်တော်စားတော့မှာ မဟုတ်ဘူး” လို့ပြောတယ်။
၁၇ အဲဒီနောက် ဝိုင်ခွက်ကို လှမ်းယူပြီး ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းတယ်။ “ဒါကို ယူပြီး လက်ဆင့်ကမ်းလိုက်ပါ။
၁၈ ကျွန်တော်ပြောမယ်။ ဘုရားသခင့်နိုင်ငံတော် မလာမချင်း အခုကစပြီး စပျစ်ဝိုင်ကို ကျွန်တော် လုံးဝမသောက်တော့ဘူး” လို့ တပည့်တွေကို ပြောတယ်။
၁၉ ယေရှုက မုန့်ကိုယူပြီး+ ကျေးဇူးတင် ချီးမွမ်းတယ်။ မုန့်ကိုဖဲ့ပြီးနောက် “ဒါဟာ ခင်ဗျားတို့အတွက် စွန့်လွှတ်တဲ့ ကျွန်တော့်ကိုယ်ခန္ဓာကို+ ကိုယ်စားပြုတယ်။+ ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲလုပ်ကြပါ” လို့ပြောပြီး တပည့်တွေကို ဝေပေးတယ်။+
၂၀ ညစာစားပြီးတဲ့နောက် ဝိုင်ခွက်ကိုလည်း ယူပြီး “ဒီခွက်ဟာ ကျွန်တော့်ရဲ့သွေးကို ကိုယ်စားပြုတယ်။ ဒါဟာ ခင်ဗျားတို့အတွက် သွန်းလောင်းမယ့်+ ကျွန်တော့်သွေးနဲ့ဖွဲ့တဲ့+ ပဋိညာဉ်သစ်ပဲ။+
၂၁ “အခု ကျွန်တော့်ကို သစ္စာဖောက်မယ့်သူဟာ ကျွန်တော်နဲ့ တစ်စားပွဲတည်း ထိုင်နေတယ်။+
၂၂ ကြိုဟောထားတဲ့အတိုင်း လူသားက သွားရမှာပဲ။+ ဒါပေမဲ့ လူသားကို သစ္စာဖောက်တဲ့သူကတော့ အဖြစ်ဆိုးကြုံရလိမ့်မယ်” လို့ပြောတယ်။+
၂၃ အဲဒီအခါ တပည့်တွေက ဒီလိုလုပ်မယ့်သူဟာ ဘယ်သူများပါလိမ့်ဆိုပြီး အချင်းချင်း မေးကြတယ်။+
၂၄ အဲဒီနောက် တပည့်တွေက သူတို့ထဲမှာ ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး အကြီးအကျယ် အငြင်းပွားကြတယ်။+
၂၅ ယေရှုက “လောကအုပ်စိုးရှင်တွေဟာ နိုင်ထက်စီးနင်း လုပ်တတ်တယ်။ အာဏာရှိသူတွေလည်း ကျေးဇူးရှင်လို့ အခေါ်ခံတတ်ကြတယ်။+
၂၆ ခင်ဗျားတို့ကတော့ အဲဒီလိုမဖြစ်ရဘူး။+ ခင်ဗျားတို့ထဲမှာ အကြီးမြတ်ဆုံးဟာ အငယ်ဆုံးလို ဖြစ်ရမယ်။+ ဦးဆောင်နေသူကလည်း အလုပ်အကျွေးပြုသူလို ဖြစ်ရမယ်။
၂၇ စားပွဲမှာထိုင်ပြီး စားသောက်သူနဲ့ အလုပ်အကျွေးပြုသူ ဘယ်သူဟာ ပိုကြီးမြတ်သလဲ။ စားပွဲမှာထိုင်ပြီး စားသောက်တဲ့သူ မဟုတ်လား။ ကျွန်တော်ကတော့ ခင်ဗျားတို့ကို အလုပ်အကျွေးပြုတဲ့သူပဲ။+
၂၈ “ခင်ဗျားတို့က ကျွန်တော် စမ်းသပ်မှုကြုံရချိန်တွေမှာ+ ကျွန်တော့်ကို မစွန့်ခွာကြဘူး။+
၂၉ အဖဘုရားက ကျွန်တော်နဲ့ ပဋိညာဉ်ဖွဲ့ခဲ့သလို ကျွန်တော်ကလည်း နိုင်ငံတော်မှာ အုပ်ချုပ်ဖို့ ခင်ဗျားတို့နဲ့ ပဋိညာဉ်ဖွဲ့တယ်။+
၃၀ ခင်ဗျားတို့ဟာ နိုင်ငံတော်မှာ ကျွန်တော်နဲ့ တစ်စားပွဲတည်းထိုင်ပြီး စားသောက်ရလိမ့်မယ်။+ ပလ္လင်ပေါ်ထိုင်ပြီး+ အစ္စရေး ၁၂ နွယ်ကို တရားစီရင်ရလိမ့်မယ်။+
၃၁ “ရှိမုန်၊ ရှိမုန်၊ ဂျုံစပါးကို ဆန်ခါချသလို စာတန်က ခင်ဗျားတို့အားလုံးကို ဆန်ခါချဖို့ အခွင့်တောင်းနေတယ်။+
၃၂ ခင်ဗျားရဲ့ယုံကြည်ခြင်း အားမနည်းသွားအောင် ကျွန်တော် တိုးလျှိုးအသနားခံထားတယ်။+ ခင်ဗျား နောင်တရပြီး ပြန်လှည့်လာတာနဲ့ ညီအစ်ကိုတွေကို အားပေးထောက်မပါ”+ လို့ပြောတယ်။
၃၃ ဒါနဲ့ ပေတရုက “သခင်၊ ကျွန်တော်က သခင်နဲ့အတူသာဆိုရင် ထောင်ထဲဝင်ဖို့လည်း အသင့်ပဲ။ သေဖို့လည်း အသင့်ပါပဲ” ဆိုတော့၊+
၃၄ ယေရှုက “ပေတရု၊ ကျွန်တော်ပြောမယ်။ ဒီနေ့ ကြက်မတွန်ခင် ကျွန်တော့်ကို မသိဘူးလို့ ခင်ဗျား သုံးကြိမ်ငြင်းလိမ့်မယ်” ဆိုပြီး ပြောတယ်။+
၃၅ အဲဒီနောက် ယေရှုက “ငွေအိတ်၊ ရိက္ခာအိတ်၊ ဖိနပ်တွေ မယူသွားနဲ့လို့ ပြောပြီး ခင်ဗျားတို့ကို လွှတ်လိုက်တုန်းက+ လိုအပ်တာ ဘာမှမရှိဘူး မဟုတ်လား” ဆိုပြီးမေးတော့ သူတို့က “မရှိပါဘူး” လို့ဖြေတယ်။
၃၆ ဒါနဲ့ ယေရှုက “အခုတော့ ငွေအိတ်ရှိသူက ငွေအိတ်ဆောင်ထားပါ။ ရိက္ခာအိတ်ရှိတဲ့သူက ရိက္ခာအိတ် ဆောင်ထားပါ။ ဓားမရှိတဲ့သူကလည်း ကိုယ့်အင်္ကျီကိုရောင်းပြီး ဓားဝယ်ပါ။
၃၇ ကျွန်တော် ပြောမယ်။ ‘သူဟာ တရားမဲ့သူတွေရဲ့ စာရင်းမှာ ပါတယ်’+ ဆိုတဲ့ ကျမ်းစကားက ကျွန်တော့်ဆီမှာ ပြည့်စုံတော့မယ်။ ကျွန်တော်နဲ့ပတ်သက်ပြီး ရေးထားသမျှ ပြည့်စုံနေပြီ”+ လို့ပြောတယ်။
၃၈ တပည့်တွေက “သခင်၊ ဒီမှာ ဓားနှစ်လက် ရှိပါတယ်” ဆိုတော့ ယေရှုက “ဒီလောက်ဆိုရင် ရပြီ” ဆိုပြီးပြောတယ်။
၃၉ အဲဒီနောက် ယေရှုက သွားနေကျအတိုင်း သံလွင်တောင်ကို ထွက်သွားတဲ့အခါ တပည့်တွေလည်း လိုက်သွားတယ်။+
၄၀ အဲဒီကိုရောက်တော့ “သွေးဆောင်မှုနောက် ပါမသွားအောင် အမြဲဆုတောင်းနေကြပါ” လို့ မှာပြီး၊+
၄၁ တပည့်တွေနဲ့ ခဲတစ်ပစ်လောက် ဝေးတဲ့နေရာကို ထွက်သွားတယ်။ အဲဒီမှာ ဒူးထောက်ပြီး၊
၄၂ “အဖ၊ အလိုရှိမယ်ဆိုရင် ဒီခွက်ကို* လွှဲဖယ်ပေးပါ။ ဒါပေမဲ့ ကျွန်တော့်ဆန္ဒအတိုင်း မဖြစ်ပါစေနဲ့။ အဖရဲ့ဆန္ဒအတိုင်းသာ ဖြစ်ပါစေ” လို့ဆုတောင်းတယ်။+
၄၃ အဲဒီအခါ ကောင်းကင်ကနေ ကောင်းကင်တမန်တစ်ပါး ရောက်လာပြီး ယေရှုကို အားပေးတယ်။+
၄၄ ယေရှုက မချိတင်ကဲ ခံစားရလွန်းလို့ ခါတိုင်းထက်ပိုပြီး အသည်းအသန် ဆုတောင်းတော့+ ချွေးတွေဟာ သွေးလို မြေပေါ် တစက်စက် ကျလာတယ်။
၄၅ ဆုတောင်းပြီးနောက် တပည့်တွေဆီ ပြန်လာတဲ့အခါ သူတို့ ဝမ်းနည်းလွန်းလို့ နွမ်းလျပြီး အိပ်ပျော်နေတာကို တွေ့ရတယ်။+
၄၆ ယေရှုက “ခင်ဗျားတို့ ဘာလို့အိပ်နေကြတာလဲ။ ထကြ၊ သွေးဆောင်မှုနောက် ပါမသွားအောင် မပြတ်ဆုတောင်းနေကြပါ” လို့ပြောတယ်။+
၄၇ အဲဒီလိုပြောနေတုန်းမှာပဲ လူတစ်အုပ် ရောက်လာတယ်။ တမန်တော် ၁၂ ယောက်အဝင်ဖြစ်တဲ့ ယုဒက ဦးဆောင်ခေါ်လာတာ။ သူက ယေရှုဆီ သွားပြီး နမ်းလိုက်တယ်။+
၄၈ ဒါနဲ့ ယေရှုက “ယုဒ၊ ခင်ဗျားက လူသားကို နမ်းပြီး သစ္စာဖောက်လိုက်တာပေါ့” လို့ပြောတယ်။
၄၉ အနားမှာရှိသူတွေက ဘာဖြစ်တော့မယ်ဆိုတာ ရိပ်မိပြီး “သခင်၊ ဓားနဲ့ခုတ်လိုက်ရမလား” လို့မေးတယ်။
၅၀ သူတို့ထဲက တစ်ယောက်က ပုရောဟိတ်မင်းရဲ့ကျွန်ကို ခုတ်လိုက်တဲ့အတွက် ညာဘက်နားရွက် ပြတ်သွားတယ်။+
၅၁ ယေရှုက “တော်တော့” လို့ပြောပြီး သူ့နားရွက်ကို တို့လိုက်တဲ့အခါ အကောင်းပကတိ ဖြစ်သွားတယ်။
၅၂ အဲဒီနောက် ယေရှုက ရောက်လာတဲ့ ပုရောဟိတ်ကြီးတွေ၊ ဗိမာန်တော်မှူးတွေ၊ အကြီးအကဲတွေကို “ခင်ဗျားတို့က ဓားပြဖမ်းသလို ကျွန်တော့်ကိုဖမ်းဖို့ ဓားတွေ၊ တုတ်တွေ ကိုင်ပြီး လာရသလား။+
၅၃ နေ့တိုင်း ဗိမာန်တော်မှာ ခင်ဗျားတို့နဲ့အတူ ရှိနေတုန်းက+ ကျွန်တော့်ကို မဖမ်းကြဘူး။+ အခုချိန်က ခင်ဗျားတို့ရဲ့အချိန်၊ အမှောင်မှာ ကျင်လည်သူတွေ ကြီးစိုးတဲ့အချိန်ကိုး”+ လို့ပြောတယ်။
၅၄ အဲဒီနောက် သူတို့က ယေရှုကိုဖမ်းပြီး+ ပုရောဟိတ်မင်းရဲ့အိမ်ကို ခေါ်သွားတယ်။ ပေတရုက ခပ်လှမ်းလှမ်းကနေ လိုက်သွားတယ်။+
၅၅ ခြံဝင်းအလယ်မှာ လူတွေ မီးဖိုပြီး ဝိုင်းထိုင်တဲ့အခါ ပေတရုလည်း သူတို့ကြားမှာ ဝင်ထိုင်တယ်။+
၅၆ ပေတရု ထိုင်ပြီးမီးလှုံနေတာကို အစေခံမလေးတစ်ယောက် တွေ့တဲ့အခါ အသေအချာကြည့်ပြီး “သူလည်း ဟိုလူနဲ့ တစ်ဖွဲ့တည်းပဲ” လို့ပြောတော့၊
၅၇ “သူ့ကို ကျွန်တော် မသိပါဘူး” လို့ ငြင်းတယ်။
၅၈ ခဏကြာတော့ နောက်တစ်ယောက်က ပေတရုကို တွေ့တဲ့အခါ “ခင်ဗျားလည်း သူ့တပည့်ပဲ” ဆိုတော့ “မဟုတ်ရပါဘူးဗျာ” လို့ ငြင်းတယ်။+
၅၉ တစ်နာရီလောက်ကြာတော့ နောက်တစ်ယောက်က “သူဟာ ဂါလိလဲပြည်သားဆိုတော့ ဟိုလူနဲ့တစ်ဖွဲ့တည်းဆိုတာ သေချာတယ်” လို့ တထစ်ချပြောတဲ့အခါ၊
၆၀ ပေတရုက “ခင်ဗျား ဘာတွေပြောနေမှန်း ကျွန်တော် မသိဘူး” ဆိုပြီး ငြင်းတယ်။ သူ အဲဒီလိုငြင်းနေတုန်းမှာပဲ ကြက်တွန်သံ ကြားလိုက်ရတယ်။
၆၁ အဲဒီအချိန်မှာ သခင်ယေရှုက ပေတရုကို လှည့်ပြီးကြည့်တယ်။ ပေတရုလည်း “ဒီနေ့ ကြက်မတွန်ခင်မှာ ကျွန်တော့်ကို မသိဘူးလို့ ခင်ဗျား သုံးကြိမ်ငြင်းလိမ့်မယ်” ဆိုတဲ့ ယေရှုရဲ့စကားကို သတိရသွားတဲ့အတွက်၊+
၆၂ အပြင်ထွက်ပြီး ရှိုက်ကြီးတငင် ငိုချတော့တယ်။
၆၃ စောင့်ကြပ်နေသူတွေက ယေရှုကို လှောင်ပြောင်ပြီး+ ရိုက်နှက်ကြတယ်။+
၆၄ သူ့မျက်နှာကို ဖုံးပြီး “မင်းကို ဘယ်သူရိုက်သလဲ ဟောစမ်းပါဦး” လို့ပြောကြတယ်။
၆၅ သူ့ကို အမျိုးမျိုး ကဲ့ရဲ့စော်ကားကြတယ်။
၆၆ မိုးလင်းတဲ့အခါ အကြီးအကဲအဖွဲ့ဖြစ်တဲ့ ပုရောဟိတ်ကြီးတွေနဲ့ ကျမ်းတတ်တွေ စုဝေးပြီး+ ယေရှုကို ဂျူးတရားရုံးချုပ်ဆီ* ခေါ်သွားတယ်။
၆၇ “မင်းဟာ ခရစ်တော်ဟုတ်ရဲ့လား။ ပြောစမ်းပါဦး”+ လို့ သူတို့မေးတဲ့အခါ ယေရှုက “ကျွန်တော်ပြောရင်လည်း ခင်ဗျားတို့ ယုံမှာမဟုတ်ဘူး။
၆၈ ကျွန်တော်မေးရင်လည်း ဖြေကြမှာ မဟုတ်ဘူး။
၆၉ ဒါပေမဲ့ အခုချိန်ကစပြီး လူသားဟာ+ တန်ခိုးကြီးတဲ့ ဘုရားသခင်ရဲ့ ညာဘက်မှာ ထိုင်လိမ့်မယ်”+ လို့ပြန်ပြောတယ်။
၇၀ အဲဒီအခါ အားလုံးက “ဒါဆို မင်းက ဘုရားသခင်ရဲ့သားလား” လို့မေးတော့ ယေရှုက “ခင်ဗျားတို့ပြောတာ အမှန်ပဲ” လို့ဖြေတယ်။
၇၁ သူတို့က “ဘာသက်သေ လိုသေးလို့လဲ။ သူကိုယ်တိုင် သက်သေထွက်ဆိုနေတာကို ကျုပ်တို့ကြားရပြီပဲ”+ လို့ပြောကြတယ်။