လုကာ ၆:၁-၄၉

  • “ဥပုသ်နေ့ရဲ့သခင်” ယေရှု (၁-၅)

  • လက်တစ်ဖက်သေနေသူကို ကုပေး (၆-၁၁)

  • တမန်တော် ၁၂ ယောက် (၁၂-၁၆)

  • ယေရှု သွန်သင်ပေး၊ ကုသပေး (၁၇-၁၉)

  • ပျော်ရွှင်ချမ်းမြေ့ခြင်း၊ အဖြစ်ဆိုးခြင်း (၂၀-၂၆)

  • ရန်သူကို ချစ်ပါ (၂၇-၃၆)

  • ဝေဖန်အကဲဖြတ်တာတွေ မလုပ်နဲ့တော့ (၃၇-၄၂)

  • အသီးကိုကြည့်ပြီး အပင်ကို သိနိုင် (၄၃-၄၅)

  • ခိုင်ခိုင်ခံ့ခံ့ဆောက်တဲ့အိမ်၊ အုတ်မြစ်မချဘဲ ဆောက်တဲ့အိမ် (၄၆-၄၉)

၆  ဥပုသ်နေ့တစ်နေ့မှာ လယ်ကွက်ထဲ ဖြတ်လျှောက်သွားနေတုန်း ယေရှုရဲ့တပည့်တွေက ကောက်နှံကို ဆွတ်ပြီး+ လက်နဲ့ပွတ်စားကြတယ်။+ ၂  အဲဒီအခါ ဖာရိရှဲတချို့က “ဥပုသ်နေ့မှာ လုပ်ခွင့်မရှိတာကို ဘာလို့ လုပ်နေကြတာလဲ”+ လို့မေးတော့၊ ၃  ယေရှုက “ဒါဝိဒ်နဲ့သူ့လူတွေ ဗိုက်ဆာတဲ့အခါ ဒါဝိဒ် ဘာလုပ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့ မဖတ်ဖူးဘူးလား။+ ၄  ဘုရားသခင့်အိမ်တော်ထဲ ဝင်ပြီး ပုရောဟိတ်တွေကလွဲလို့ ဘယ်သူမှ စားခွင့်မရှိတဲ့ ရှေ့တော်မုန့်ကို ရတဲ့အခါ သူစားတယ်။ သူ့လူတွေကိုလည်း ကျွေးခဲ့တယ်”+ လို့ပြောပြီး၊ ၅  “လူသားဟာ ဥပုသ်နေ့ရဲ့သခင်ပဲ”+ လို့ပြောလိုက်တယ်။ ၆  နောက်ဥပုသ်တစ်ရက်မှာ+ ယေရှုက  တရားဇရပ်ထဲဝင်ပြီး  သွန်သင်တယ်။ အဲဒီမှာ ညာလက်သေနေသူ ရှိတယ်။+ ၇  ကျမ်းတတ်နဲ့ဖာရိရှဲတွေက ယေရှုကိုစွပ်စွဲဖို့ အကြောင်းရှာချင်တာနဲ့ ဥပုသ်နေ့မှာ အဲဒီလူကို ကုပေးမလားဆိုတာ မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်။ ၈  သူတို့ ဘာတွေးနေမှန်း ယေရှုသိတဲ့အတွက်+ လက်တစ်ဖက်သေနေသူကို “ထပြီး ဒီအလယ်မှာ လာရပ်ပါ” လို့ပြောတော့ အဲဒီလူက လာရပ်တယ်။ ၉  ဒါနဲ့ ယေရှုက “ခင်ဗျားတို့ကို ကျွန်တော်မေးမယ်။ ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ။ ကောင်းမှုလား၊ မကောင်းမှုလား။ လူ့အသက် ကယ်တာလား၊ လူ့အသက် သတ်တာလား” လို့မေးတယ်။+ ၁၀  ပတ်လည်မှာရှိနေတဲ့ လူအားလုံးကို ကြည့်ပြီးနောက် အဲဒီလူကို “လက်ဆန့်လိုက်ပါ” လို့ပြောတော့ သူ လက်ဆန့်လိုက်တဲ့အခါ အကောင်းပကတိ ပြန်ဖြစ်သွားတယ်။ ၁၁  အဲဒီအခါ ကျမ်းတတ်နဲ့ ဖာရိရှဲတွေ ဒေါသပေါက်ကွဲပြီး ယေရှုကို ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ အချင်းချင်း တိုင်ပင်ကြတယ်။ ၁၂  တစ်နေ့မှာ ယေရှုက ဆုတောင်းဖို့ တောင်ပေါ်ကို တက်သွားပြီး+ ဘုရားသခင်ဆီ  တစ်ညလုံး  ဆုတောင်းတယ်။+ ၁၃  မနက်မိုးလင်းတဲ့အခါ တပည့်တွေကို  ခေါ်လိုက်တယ်။  သူတို့ထဲက ၁၂ ယောက်ကို ရွေးပြီး တမန်တော်တွေလို့ ခေါ်တယ်။+ ၁၄  ပေတရုလို့ ယေရှုနာမည်ပေးထားတဲ့ ရှိမုန်၊ သူ့ညီ အန္ဒြေ၊ ယာကုပ်၊ ယောဟန်၊ ဖိလိပ္ပု၊+ ဗာသောလမဲ၊ ၁၅  မဿဲ၊ သောမ၊+ အာလဖဲရဲ့သား ယာကုပ်၊ “စိတ်ထက်သန်သူ” ရှိမုန်၊ ၁၆  ယာကုပ်ရဲ့သား ယုဒ၊ နောက်ပိုင်းမှာ သစ္စာဖောက်သွားတဲ့ ယုဒရှကာရုတ်တို့ ဖြစ်တယ်။ ၁၇  ယေရှုက သူတို့နဲ့အတူ တောင်ပေါ်ကနေ ဆင်းလာပြီး မြေပြန့်ကို ရောက်လာတယ်။ အဲဒီမှာ တပည့်အတော်များများ ရှိနေတယ်။ ဂျေရုဆလင်မြို့နဲ့ ယုဒပြည်တစ်ဝန်း၊ တိုင်ရာနဲ့ဆိုင်ဒုန် ကမ်းရိုးတန်းဒေသကနေ တရားနာချင်လို့၊ ရောဂါပျောက်ချင်လို့ ရောက်လာသူတွေလည်း အများကြီးရှိနေတယ်။ ၁၈  ယေရှုက နတ်ဆိုး  နှောင့်ယှက်ခံရသူတွေကိုတောင် ကုသပေးတယ်။ ၁၉  သူ့ဆီကထွက်တဲ့ တန်ခိုးဟာ+ ရောဂါပျောက်ကင်းစေတဲ့အတွက် လူတွေက သူ့ကို တို့ထိခွင့်ရဖို့ ကြိုးစားကြတယ်။ ၂၀  အဲဒီနောက် ယေရှုက တပည့် တွေကို လှမ်းကြည့်ပြီး အခုလို ပြောတယ်– “နွမ်းပါးသူတို့၊ ခင်ဗျားတို့ဟာ ပျော်ရွှင်ချမ်းမြေ့သူတွေပဲ။ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ခင်ဗျားတို့ရဲ့နိုင်ငံ ဖြစ်လို့ပါ။+ ၂၁  “အခု ဆာငတ်နေသူတို့၊ ခင်ဗျားတို့ဟာ ပျော်ရွှင်ချမ်းမြေ့သူတွေပဲ။ ခင်ဗျားတို့ ဝဝလင်လင် စားရလိမ့်မယ်။+ “အခု ငိုကြွေးနေသူတို့၊ ခင်ဗျားတို့ဟာ ပျော်ရွှင်ချမ်းမြေ့သူတွေပဲ။ ခင်ဗျားတို့ ရယ်မောရလိမ့်မယ်။+ ၂၂  “လူသားကြောင့် လူတွေရဲ့အမုန်းခံရ၊+ အပယ်ခံရ၊+ ကဲ့ရဲ့ခံရ၊ နာမည်ဖျက်ခံရတဲ့အခါတိုင်း ခင်ဗျားတို့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။ ၂၃  အဲဒီနေ့ကျရင်  အားရပါးရ ရွှင်လန်းကြပါ။ ကောင်းကင်မှာ  ခင်ဗျားတို့ရမယ့်ဆုဟာကြီးမြတ်တယ်။ သူတို့ရဲ့ဘိုးဘေးတွေလည်း ပရောဖက်တွေကို အဲဒီလိုပဲ လုပ်ခဲ့ကြတယ်။+ ၂၄  “ချမ်းသာကြွယ်ဝသူတို့၊ အဖြစ်ဆိုးလိုက်ကြတာ။+ ခင်ဗျားတို့ဟာ စည်းစိမ်ကို အပြည့်အဝ ခံစားပြီးပြီဖြစ်လို့ပဲ။+ ၂၅  “အခု ဝဝလင်လင် ဖြစ်နေသူတို့၊ အဖြစ်ဆိုးလိုက်ကြတာ။ ခင်ဗျားတို့ ဆာငတ်ရမှာ မို့လို့ပဲ။ “အခု ရယ်မောနေသူတို့၊ အဖြစ်ဆိုးလိုက်ကြတာ။ ခင်ဗျားတို့ ဝမ်းနည်းပူဆွေးပြီး ငိုကြွေးရမှာ မို့လို့ပဲ။+ ၂၆  “လူတွေ  ချီးမွမ်းနေပြီဆိုရင်တော့+ ခင်ဗျားတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။ သူတို့ရဲ့ဘိုးဘေးတွေဟာ ပရောဖက်အတုအယောင်တွေကို အဲဒီလိုပဲ ချီးမွမ်းခဲ့ကြတယ်။ ၂၇  “နားထောင်နေတဲ့ ခင်ဗျားတို့ကို ကျွန်တော်ပြောမယ်။ ရန်သူတွေကို ချစ်မြဲချစ်ပါ။ ကိုယ့်ကို မုန်းတဲ့သူတွေကို အမြဲကောင်းမှုပြုပါ။+ ၂၈  ကိုယ့်ကို ကျိန်ဆဲသူတွေအတွက် အမြဲ ကောင်းချီးတောင်းခံပေးပါ။ ကိုယ့်ကို စော်ကားသူတွေအတွက် အမြဲဆုတောင်းပေးပါ။+ ၂၉  ကိုယ့်ရဲ့ ပါးတစ်ဖက်ကို လာရိုက်ရင် နောက်ပါးတစ်ဖက်ကိုလည်း လှည့်ပေးလိုက်ပါ။ အပေါ်ဝတ်ရုံ သိမ်းတဲ့သူကို  အတွင်းအင်္ကျီပါ  ပေးလိုက်ပါ။+ ၃၀  တောင်းခံသူတိုင်းကို  ပေးပါ။+ ကိုယ့်ပစ္စည်းကို ယူသွားရင် ပြန်မတောင်းနဲ့တော့။ ၃၁  “ကိုယ့်ကို   ပြုမူဆက်ဆံစေချင်တဲ့အတိုင်း  သူတစ်ပါးကို ပြုမူဆက်ဆံပါ။+ ၃၂  “ကိုယ့်ကို မေတ္တာထားသူတွေကိုပဲ မေတ္တာထားရင် ဘာထူးခြားလို့လဲ။ အပြစ်သားတွေတောင် ကိုယ့်အပေါ် မေတ္တာထားသူကို မေတ္တာပြန်ထားတတ်တာပဲ။+ ၃၃  ကိုယ့်ကို ကျေးဇူးပြုသူတွေကိုပဲ ကျေးဇူးပြုမယ်ဆိုရင် ဘာထူးခြားလို့လဲ။ အပြစ်သားတွေတောင် အဲဒီလိုလုပ်တတ်တာပဲ။ ၃၄  ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ချေးငှားပေးရင် ဘာထူးခြားလို့လဲ။+ အပြစ်သားတွေတောင် ကျေးဇူးဆပ်ခံချင်လို့ အချင်းချင်း ချေးငှားတတ်တာပဲ။ ၃၅  ခင်ဗျားတို့ကတော့ ရန်သူတွေကို မေတ္တာထားမြဲထားပါ။ အမြဲကောင်းမှုပြုပါ။ ပြန်ရမယ်လို့ မမျှော်လင့်ဘဲ အမြဲချေးငှားပေးပါ။+ အဲဒီလိုလုပ်ရင် ခင်ဗျားတို့ရမယ့် ဆုဟာ ကြီးမြတ်လိမ့်မယ်။ အမြင့်မြတ်ဆုံးအရှင်ရဲ့ သားတွေ ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားက ကျေးဇူးမသိတတ်သူတွေ၊ လူဆိုးတွေကို ကျေးဇူးပြုတဲ့အရှင်  ဖြစ်လို့ပဲ။+ ၃၆  အဖဘုရားဟာ သနားကြင်နာတတ်သလို ခင်ဗျားတို့လည်း  အမြဲသနားကြင်နာကြပါ။+ ၃၇  “သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။ ဒါမှ ကိုယ်တိုင် အကဲဖြတ်ခံရတော့မှာ မဟုတ်ဘူး။+ သူတစ်ပါးကို အပြစ်တင်တာမျိုး မလုပ်ပါနဲ့တော့။ ဒါမှ ကိုယ်တိုင် အပြစ်တင်ခံရတော့မှာ မဟုတ်ဘူး။ အမြဲခွင့်လွှတ်ပါ။ ဒါမှ ကိုယ်တိုင် ခွင့်လွှတ်ခံရလိမ့်မယ်။+ ၃၈  ပေးကမ်းတတ်တဲ့အကျင့် လုပ်ပါ။ ခင်ဗျားတို့ကို  ပြန်ပေးကမ်းကြလိမ့်မယ်။+ ခင်ဗျားတို့ရဲ့ အင်္ကျီအိတ်ထဲ ရက်ရက်ရောရော ထည့်ပေးရုံမက ဖိသိပ်လှုပ်ခါပြီး ပြည့်လျှံနေအောင် ပေးကြလိမ့်မယ်။ ကိုယ်ချိန်ပေးလိုက်တဲ့ ပမာဏအတိုင်း ပြန်ရမှာဖြစ်လို့ပဲ။” ၃၉  အဲဒီနောက် ယေရှုက ပုံဥပမာပေးပြီး အခုလိုပြောတယ်– “မျက်မမြင် အချင်းချင်း လမ်းပြနိုင်သလား။ လမ်းပြရင်  နှစ်ယောက်စလုံး  တွင်းထဲကျမှာပေါ့။+ ၄၀  တပည့်ဟာ  ဆရာထက် မသာနိုင်ဘူး။ ဒါပေမဲ့ အပြည့်အဝ သွန်သင်ခံရသူတိုင်း ဆရာလိုဖြစ်နိုင်တယ်။ ၄၁  ကိုယ့်မျက်စိထဲမှာ  သစ်သားချောင်း ခံနေတာကို သတိမထားဘဲနဲ့ ညီအစ်ကိုရဲ့မျက်စိထဲက သစ်စလေးကိုပဲ ဘာလို့ ကြည့်နေတာလဲ။+ ၄၂  ကိုယ့်မျက်စိထဲက သစ်သားချောင်းကို မမြင်ဘဲ ညီအစ်ကိုကို ‘မင်းရဲ့မျက်စိထဲက သစ်စလေး ထုတ်ပေးပါရစေ’ လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ သူတော်ကောင်းယောင်ဆောင်သူတို့၊ ကိုယ့်မျက်စိထဲက သစ်သားချောင်းကို အရင် ထုတ်လိုက်ပါဦး။ ဒါမှ ရှင်းရှင်းလင်းလင်း မြင်ရပြီး ညီအစ်ကိုရဲ့မျက်စိထဲက သစ်စလေးကို ထုတ်ပေးနိုင်မှာပေါ့။ ၄၃  “ကောင်းတဲ့အပင်မှာ မကောင်းတဲ့အသီး မသီးဘူး။ မကောင်းတဲ့အပင်မှာလည်း ကောင်းတဲ့အသီး မသီးဘူး။+ ၄၄  အသီးကိုကြည့်ပြီး အပင်ကို သိနိုင်တယ်။+ ဆူးပင်ကနေ သဖန်းသီးခူးလို့ မရဘူး။ ချုံပင်ကနေ စပျစ်သီးခူးလို့ မရဘူး။ ၄၅  ကောင်းတဲ့လူဟာ သူ့စိတ်ထဲက ကောင်းတဲ့အရာတွေကို ထုတ်ပေးတတ်တယ်။ ဆိုးညစ်သူကတော့ သူ့စိတ်ထဲက မကောင်းတဲ့အရာကိုပဲ ထုတ်ပေးတတ်တယ်။ စိတ်ထဲရှိသမျှ နှုတ်ကနေ ထွက်လာတတ်လို့ပဲ။+ ၄၆  “ကျွန်တော်ပြောတဲ့အတိုင်း မလုပ်ဘဲနဲ့  ဘာလို့  ကျွန်တော့်ကို ‘သခင်၊  သခင်’  လို့ခေါ်ကြတာလဲ။+ ၄၇  ကျွန်တော့်ဆီ လာ၊ ကျွန်တော်ပြောသမျှကို နားထောင်ပြီး လက်တွေ့ကျင့်တဲ့သူဟာ ဘယ်သူနဲ့တူသလဲဆိုတော့–+ ၄၈  အိမ်ဆောက်တဲ့အခါ နက်နက်တူးပြီး ကျောက်သားပေါ်မှာ အုတ်မြစ်ချတဲ့သူနဲ့ တူတယ်။ ရေကြီးတဲ့အခါ မြစ်ရေက အဲဒီအိမ်ကို ရိုက်ခတ်ပေမဲ့ ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ထားတာဖြစ်လို့ အိမ်ဟာ မယိုင်ဘူး။+ ၄၉  ကျွန်တော်ပြောတာကို ကြားပေမဲ့ လက်တွေ့မကျင့်သူကတော့+ အုတ်မြစ်မချဘဲ မြေပေါ်မှာ  အိမ်ဆောက်တဲ့သူနဲ့  တူတယ်။ မြစ်ရေတက်ပြီး ရိုက်ခတ်လာတဲ့အခါ အိမ်ဟာ ချက်ချင်းပြိုလဲပြီး လုံးဝပျက်စီးသွားတယ်။”

အောက်ခြေမှတ်ချက်များ