လုကာ ၈:၁-၅၆

  • ယေရှုနောက်လိုက်တဲ့ အမျိုးသမီးများ (၁-၃)

  • မျိုးကြဲသူ ပုံဥပမာ (၄-၈)

  • ဥပမာတွေကို ယေရှု ဘာကြောင့် အသုံးပြု (၉၊ ၁၀)

  • မျိုးကြဲသူ ပုံဥပမာကို ရှင်းပြ (၁၁-၁၅)

  • မီးခွက်ကို အုပ်ထားလေ့မရှိ (၁၆-၁၈)

  • ယေရှုရဲ့မိခင်နဲ့ ညီများ (၁၉-၂၁)

  • လေမုန်တိုင်းကို ယေရှုငြိမ်သက်စေ (၂၂-၂၅)

  • နတ်ဆိုးတွေကို ဝက်အုပ်ထဲ ယေရှု လွှတ် (၂၆-၃၉)

  • ယာအိရုရဲ့သမီး။ ယေရှုဝတ်လုံကို တို့တဲ့ အမျိုးသမီး (၄၀-၅၆)

၈  မကြာခင်မှာ ယေရှုက တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာ သွားပြီး ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောတယ်။+ တမန်တော် ၁၂ ယောက်နဲ့အတူ၊ ၂  နတ်ဆိုးနှောင့်ယှက်မှု ကင်းအောင်၊ ရောဂါသက်သာအောင် ယေရှု ကုသပေးဖူးတဲ့ အမျိုးသမီးတချို့လည်း လိုက်ပါလာတယ်။ နတ်ဆိုးခုနစ်ကောင်ရဲ့ နှောင့်ယှက်မှုကနေ လွတ်ကင်းသွားတဲ့ မာဂဒလလို့ခေါ်တဲ့ မာရိ၊ ၃  ဟေရုဒ်မင်းရဲ့ အိမ်တော်ထိန်း ခုဇရဲ့ဇနီး ယောဟန္န၊+ ရှုရှန္နတို့အပြင် တခြားအမျိုးသမီးတွေလည်း ပါတယ်။ သူတို့က ကိုယ့်ပစ္စည်းဥစ္စာတွေ သုံးပြီး ယေရှုနဲ့ တမန်တော်တွေကို အလုပ်အကျွေးပြုဖို့ လိုက်ပါလာကြတယ်။+ ၄  မြို့အသီးသီးကနေ ရောက်လာသူတွေအပါအဝင် လူအများကြီး စုရုံးလာတဲ့အခါ ယေရှုက ပုံဥပမာသုံးပြီး အခုလိုပြောတယ်–+ ၅  “တစ်ခါက မျိုးကြဲသူတစ်ယောက် မျိုးစေ့ကြဲဖို့ ထွက်သွားတယ်။ မျိုးကြဲတဲ့အခါ မျိုးစေ့တချို့ လမ်းပေါ်ကျတဲ့အတွက် အနင်းခံရတယ်။ ငှက်တွေ ကောက်စားသွားတယ်။+ ၆  မျိုးစေ့တချို့ဟာ မြေဆီလွှာပါးတဲ့ ကျောက်ခံမြေပေါ် ကျတယ်။ အပင်ပေါက်လာပေမဲ့ ရေမရတဲ့အတွက် ခြောက်သွေ့သွားတယ်။+ ၇  မျိုးစေ့တချို့ကတော့ ဆူးပင်တွေကြားထဲ ကျတယ်။ ဆူးပင်တွေ အတူ ကြီးထွားလာပြီး လွှမ်းမိုးပိတ်ဆို့လိုက်တယ်။+ ၈  မျိုးစေ့တချို့ကတော့ ကောင်းတဲ့မြေပေါ် ကျတဲ့အတွက် အပင်ပေါက်လာပြီး အဆ ၁၀၀ သီးပွင့်ဖြစ်ထွန်းတယ်။”+ အဲဒီနောက် အသံကိုမြှင့်ပြီး “နားရှိတဲ့သူ ကြားပါစေ”+ လို့ပြောတယ်။ ၉  အဲဒီပုံဥပမာရဲ့  အဓိပ္ပာယ်ကို တပည့်တွေမေးတော့၊+ ၁၀  ယေရှုက “ခင်ဗျားတို့ဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်တဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်အကြောင်း  နားလည်ခွင့်ရတယ်။ တခြားသူတွေအတွက်တော့ ဒါဟာ  ပုံဥပမာသက်သက်ပဲ။+ ဒါကြောင့် သူတို့ဟာ ကြည့်လျက်နဲ့ မမြင်ဘူး။ ကြားလျက်နဲ့ ဆိုလိုရင်းကို သဘောမပေါက်ဘူး။+ ၁၁  ပုံဥပမာရဲ့ အဓိပ္ပာယ်ကတော့  မျိုးစေ့ဟာ  ဘုရားသခင်ရဲ့ တရားစကား ဖြစ်တယ်။+ ၁၂  လမ်းပေါ် မျိုးစေ့ကျတယ်ဆိုတဲ့ အဓိပ္ပာယ်က တရားစကားကို  ကြားပေမဲ့  မယုံကြည်အောင်၊ ကယ်တင်ခြင်းမရအောင် သူတို့စိတ်နှလုံးထဲက တရားစကားကို မာရ်နတ် လာနုတ်ယူသွားတာကို ဆိုလိုတယ်။+ ၁၃  ကျောက်ခံမြေပေါ် မျိုးစေ့ကျတယ်ဆိုတဲ့ အဓိပ္ပာယ်က တရားစကားကို ကြားတဲ့အခါ ဝမ်းသာအားရ လက်ခံပေမဲ့ စိတ်ထဲမှာ အမြစ်မစွဲတာကို ဆိုလိုတယ်။ ခဏတော့ ယုံကြည်ပေမဲ့  စမ်းသပ်ခံရချိန်မှာ  ကျရှုံးသွားတယ်။+ ၁၄  ဆူးပင်တွေကြားမှာ မျိုးစေ့ကျတယ်ဆိုတဲ့  အဓိပ္ပာယ်က တရားစကားကို ကြားပေမဲ့ ဘဝရဲ့စိုးရိမ်ပူပန်စရာ၊  စည်းစိမ်ဥစ္စာ၊+ အပျော်အပါးတွေကြောင့်+  စိတ်ပျံ့လွင့်သွားတာကို ဆိုလိုတယ်။ လုံးဝ လွှမ်းမိုးပိတ်ဆို့ ခံရတဲ့အတွက် အသီးမအောင်ဘူး။+ ၁၅  ကောင်းတဲ့မြေမှာ မျိုးစေ့ကျတယ်ဆိုတဲ့ အဓိပ္ပာယ်က စိတ်ကောင်းနှလုံးကောင်း ရှိသူတွေ တရားစကားကို နာယူပြီးနောက်+ စိတ်စွဲမှတ်ထားပြီး ခံနိုင်ရည်ရှိရှိ  သီးပွင့်ဖြစ်ထွန်းတာကို  ဆိုလိုတယ်။+ ၁၆  “မီးခွက်ကိုထွန်းပြီးရင် ဘယ်သူမှ  တောင်းနဲ့  အုပ်ထားလေ့မရှိဘူး။ ခုတင်အောက်မှာ ထားလေ့မရှိဘူး။ အိမ်ထဲဝင်လာသူတွေ အလင်းရအောင် ဆီမီးတိုင်ပေါ်  တင်ထားမှာပဲ။+ ၁၇  ဖုံးကွယ်ထားသမျှ  ပေါ်လာရလိမ့်မယ်။ လုံးဝမသိရအောင် အသေအချာ လျှို့ဝှက်ထားသမျှ  ထင်ရှားလာရလိမ့်မယ်။+ ၁၈  ဒါကြောင့် ကိုယ်ဟာ အာရုံစိုက်နားထောင်နေရဲ့လားဆိုတာ သတိပြုပါ။ ဘာလို့လဲဆိုတော့ ရှိတဲ့သူဟာ ထပ်ပြီးရလိမ့်မယ်။+ မရှိတဲ့သူကတော့ ရှိတယ်လို့ ထင်နေတဲ့အရာတောင် အသိမ်းခံရလိမ့်မယ်”+ လို့ပြောတယ်။ ၁၉  အဲဒီအချိန်မှာ ယေရှုရဲ့မိခင်နဲ့ ညီတွေ+ ရောက်လာတယ်။ ဒါပေမဲ့ လူတွေဝိုင်းအုံနေလို့  ယေရှုအနားကို မရောက်နိုင်ကြဘူး။+ ၂၀  ဒါနဲ့  ယေရှုကို “ဆရာ့အမေနဲ့ ညီတွေက တွေ့ချင်လို့ အပြင်မှာ ရပ်စောင့်နေတယ်” လို့ ပြောတဲ့အခါ၊ ၂၁  ယေရှုက “ဘုရားသခင်ရဲ့ တရားစကားကို ကြားနာပြီး လက်တွေ့ကျင့်တဲ့ ဟောဒီလူတွေဟာ ကျွန်တော့်အမေ၊ ကျွန်တော့်ညီအစ်ကိုတွေပါပဲ”+  လို့ ပြောတယ်။ ၂၂  တစ်နေ့မှာ ယေရှုနဲ့တပည့်တွေ လှေပေါ်တက်ကြတယ်။ ယေရှုက “အိုင်တစ်ဖက်ကမ်းကို ကူးရအောင်” လို့ပြောတော့ သူတို့ ရွက်လွှင့်သွားကြတယ်။+ ၂၃  သူတို့ ရွက်လွှင့်သွားချိန်မှာ ယေရှု အိပ်ပျော်နေတယ်။ အဲဒီအခါ လေပြင်းမုန်တိုင်း တိုက်ခတ်လာပြီး လှေထဲကို ရေဝင်လာတဲ့အတွက် လှေနစ်တော့မလို ဖြစ်သွားတယ်။+ ၂၄  တပည့်တွေက ယေရှုကို လာနှိုးပြီး “ဆရာ၊ ဆရာ၊ ကျွန်တော်တို့  သေတော့မယ်”  လို့ပြောတယ်။ ဒါနဲ့ ယေရှု ထပြီး လှိုင်းနဲ့လေကို အမိန့်ပေးလိုက်တဲ့အခါ မုန်တိုင်းစဲပြီး ငြိမ်သွားတယ်။+ ၂၅  ယေရှုက “ခင်ဗျားတို့ရဲ့ယုံကြည်ခြင်း ဘယ်ရောက်သွားတာလဲ” လို့ပြောတယ်။ တပည့်တွေကတော့ ထိတ်လန့်အံ့သြပြီး “ဘယ်လိုလူပါလိမ့်။ လှိုင်းနဲ့လေတောင် သူ့စကားကို နားထောင်ပါလား” လို့ အချင်းချင်းပြောကြတယ်။+ ၂၆  ဂါလိလဲအိုင်တစ်ဖက်ကမ်း ဂေရသနယ်ကို  ရောက်တော့  သူတို့ကမ်းကပ်ကြတယ်။+ ၂၇  ယေရှု လှေပေါ်ကဆင်းတာနဲ့ အဲဒီနယ်က နတ်ဆိုးပူးသူတစ်ယောက်နဲ့  ဆုံတယ်။  သူက အဝတ်မဝတ်၊ အိမ်မှာမနေဘဲ သင်္ချိုင်းဂူတွေကြားမှာ နေနေတာ အတော်ကြာပြီ။+ ၂၈  ယေရှုကို မြင်တဲ့အခါ ရှေ့မှာ လာဒူးထောက်ပြီး  “အမြင့်ဆုံးဘုရားသခင်ရဲ့သား ယေရှု၊ ခင်ဗျားနဲ့ကျုပ် ဘာဆိုင်လို့တုံး။ ကျုပ်ကို ဒဏ်မခတ်ပါနဲ့။ တောင်းပန်ပါတယ်”  လို့ အော်ပြောတယ်။+ ၂၉  (ယေရှုက အဲဒီလူထဲ ဝင်ပူးနေတဲ့ နတ်ဆိုးကို  ထွက်သွားဖို့ အမိန့်ပေးလိုက်လို့ပဲ။ သူ့ကို နတ်ဆိုး ခဏခဏ ဝင်ပူးတတ်တော့+ သံကြိုးတွေ၊ ခြေကျဉ်းတွေနဲ့ ချုပ်နှောင်ထားလည်း သူက သံခြေကျဉ်းတွေကို ဆွဲဖြတ်တတ်တယ်။ နတ်ဆိုးက သူ့ကို လူသူကင်းမဲ့တဲ့နေရာဆီ သွားခိုင်းတတ်တယ်။) ၃၀  ယေရှုက “မင်းနာမည် ဘာလဲ” လို့မေးတော့ “တပ်ဖွဲ့” လို့ဖြေတယ်။ သူ့အထဲမှာ နတ်ဆိုးအဖွဲ့လိုက်ကြီး  ဝင်ပူးနေလို့ပဲ။ ၃၁  နတ်ဆိုးတွေက တွင်းနက်ကြီးထဲ မနှင်ချဖို့ ယေရှုကို  တောင်းပန်ကြတယ်။+ ၃၂  ဝက်အုပ်ကြီးတစ်အုပ်+  တောင်စောင်းမှာ ကျက်စားနေတော့ နတ်ဆိုးတွေက အဲဒီဝက်အုပ်ထဲ ဝင်ခွင့်ပေးပါလို့ တောင်းပန်တယ်။ ယေရှု ခွင့်ပြုလိုက်တဲ့အခါ၊+ ၃၃  နတ်ဆိုးတွေက အဲဒီလူထဲကထွက်ပြီး  ဝက်အုပ်ထဲ  ဝင်ပူးတဲ့အတွက် ဝက်တစ်အုပ်လုံး ကမ်းပါးပေါ်ကနေ တစ်ဟုန်ထိုးကျပြီး ရေနစ်ကုန်တယ်။ ၃၄  ဝက်ကျောင်းတဲ့လူတွေက ဒါကိုမြင်တဲ့အခါ မြို့ရွာတွေဆီ ပြေးသွားပြီး ဖြစ်ကြောင်းကုန်စင် ပြောပြကြတယ်။ ၃၅  အဲဒီအဖြစ်အပျက်ကို  လူတွေ လာကြည့်ကြတဲ့အခါ နတ်ဆိုးတွေ ဝင်ပူးဖူးတဲ့သူက အဝတ်ဝတ်ပြီး ယေရှုခြေရင်းမှာ ပုံမှန်စိတ်အခြေအနေနဲ့ ထိုင်နေတာကို မြင်လိုက်ရတော့ ကြောက်လန့်သွားကြတယ်။ ၃၆  မျက်မြင်သက်သေတွေကလည်း နတ်ဆိုးပူးဖူးတဲ့သူ ဘယ်လိုသက်သာလာတဲ့အကြောင်း လူတွေကို ပြန်ပြောပြတယ်။ ၃၇  ဂေရသနယ်တစ်ဝိုက်က လူတွေ အကြီးအကျယ် ကြောက်လန့်သွားတဲ့အတွက် ယေရှုကို သူတို့ဆီကနေ ထွက်သွားဖို့ တောင်းပန်ကြတယ်။  ယေရှု  လှေပေါ်တက်တဲ့အခါ၊ ၃၈  နတ်ဆိုးပူးခဲ့ဖူးသူက အတူလိုက်ခွင့်ပြုဖို့ တောင်းပန်တယ်။ ယေရှုက ခွင့်မပြုဘဲ၊+ ၃၉  “အိမ်ကိုပဲ ပြန်ပါ။ ခင်ဗျားအတွက် ဘုရားသခင် လုပ်ပေးခဲ့သမျှ လူတွေကို ပြန်ပြောပြပါ” လို့မှာတယ်။ အဲဒီလူလည်း ပြန်သွားပြီး သူ့အတွက် ယေရှုလုပ်ပေးခဲ့တာတွေကို တစ်မြို့လုံးအနှံ့ ပြောပြတော့တယ်။ ၄၀  လူတွေက ယေရှုကို စောင့်မျှော်နေတော့ ဂါလိလဲနယ်ကို သူပြန်လာတဲ့အခါ  လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။+ ၄၁  ယာအိရုလို့ခေါ်တဲ့ တရားဇရပ်မှူးက  ယေရှုရှေ့မှာ  ဒူးထောက်ပြီး သူ့အိမ်ကိုလိုက်ခဲ့ဖို့ တောင်းပန်တယ်။+ ၄၂  သူ့ရဲ့ ၁၂ အရွယ် တစ်ဦးတည်းသောသမီးလေး သေဆုံးခါနီး ဖြစ်နေလို့ပဲ။ ယေရှုလိုက်လာတဲ့အခါ  လူတွေ ကြိတ်ကြိတ်တိုးပြီး  ပါလာတယ်။ ၄၃  ဆယ့်နှစ်နှစ်လုံး  သွေးသွန်နာစွဲနေတဲ့  အမျိုးသမီးတစ်ယောက်လည်း+ လိုက်ပါလာတယ်။ သူ့ရောဂါကို ဘယ်သူမှ မကုပေးနိုင်ဘူး။+ ၄၄  သူက နောက်ကနေ ကပ်လိုက်လာပြီး ယေရှုရဲ့ ဝတ်လုံအမြိတ်ကို+ တို့လိုက်တဲ့အခါ သွေးဆင်းနေတာ ချက်ချင်း ရပ်သွားတယ်။ ၄၅  ယေရှုက “ကျွန်တော့်ကို ဘယ်သူ တို့သလဲ” လို့မေးတော့ မတို့ပါဘူးလို့ ဖြေကြတယ်။ ပေတရုက “ဆရာရယ်၊ လူတွေ ဒီလောက် ကြိတ်ကြိတ်တိုးနေတာ” လို့ပြောတော့၊+ ၄၆  ယေရှုက “တစ်ယောက်ယောက်ကတော့ တို့ပါတယ်။ ကျွန်တော့်ဆီက တန်ခိုးထွက်သွားတာ+ သိလိုက်တယ်” လို့ဖြေတယ်။ ၄၇  အဲဒီအမျိုးသမီးက ပုန်းနေလို့မရမှန်း သိလိုက်တဲ့အခါ တဆတ်ဆတ်တုန်ပြီး ယေရှုရှေ့မှာ လာဒူးထောက်တယ်။ ပြီးတော့ သူဘာလို့ တို့ရတဲ့အကြောင်း၊ တို့လိုက်တာနဲ့ ရောဂါ ပျောက်သွားတဲ့အကြောင်း လူအားလုံးရှေ့မှာ ဖွင့်ပြောတယ်။ ၄၈  ယေရှုက “သမီး၊ သမီးရဲ့ယုံကြည်ခြင်းက ပြန်ကျန်းမာစေပြီ။ စိတ်အေးလက်အေးသာ ပြန်ပါတော့”+ လို့ ပြောလိုက်တယ်။ ၄၉  အဲဒီလိုပြောနေတုန်းမှာပဲ ယာအိရုရဲ့အိမ်က  လူတစ်ယောက် ရောက်လာပြီး သူ့ကို “သမီးလေး ဆုံးသွားပါပြီ။  ဆရာ့ကို  ဒုက္ခမပေးပါနဲ့တော့” လို့ပြောတယ်။+ ၅၀  ဒါကိုကြားတော့ ယေရှုက “ဘာမှမစိုးရိမ်ပါနဲ့။ ယုံကြည်ခြင်းသာရှိပါ။ သမီးလေး အသက်ရှင်လာလိမ့်မယ်”+ လို့ သူ့ကို ပြောတယ်။ ၅၁  အိမ်ကိုရောက်တဲ့အခါ ယေရှုက သမီးလေးရဲ့ မိဘနှစ်ပါးနဲ့ ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကလွဲလို့ ဘယ်သူ့ကိုမှ အထဲပေးမဝင်ဘူး။ ၅၂  လူတွေက သမီးလေး ဆုံးသွားလို့ ရင်ဘတ်ထုပြီး ငိုနေကြတယ်။ ယေရှုက “မငိုကြနဲ့တော့။+ ဒီမိန်းကလေး သေတာမှ မဟုတ်ပဲ။ အိပ်ပျော်နေတာ”+ လို့ပြောတော့၊ ၅၃  လူတွေ လှောင်ရယ်ကြတယ်။ မိန်းကလေး သေဆုံးသွားမှန်း သူတို့သိထားကြလို့ပဲ။ ၅၄  ယေရှုက သူ့လက်ကိုကိုင်ပြီး “သမီးလေး၊ ထပါ” လို့ပြောတော့၊+ ၅၅  မိန်းကလေးအသက်*+ ပြန်ရှင်လာပြီး ချက်ချင်းပဲထလာတယ်။+ အဲဒီနောက် မိန်းကလေးကို စားစရာတစ်ခုခု ကျွေးလိုက်ပါလို့ ပြောတယ်။ ၅၆  မိဘတွေက ဝမ်းသာလုံးဆို့သွားကြတယ်။ ယေရှုက ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောဖို့ မှာတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ် “စွမ်းအား” ကိုကြည့်။