ဝတ်ပြုရာ ၂၅:၁-၅၅

  • ဥပုသ်နှစ် (၁-၇)

  • လွတ်လပ်ခွင့်ရတဲ့နှစ် (၈-၂၂)

  • မြေကွက် ပြန်လည်ပိုင်ဆိုင်ခွင့် (၂၃-၃၄)

  • ဆင်းရဲသားကို ဆက်ဆံပုံ (၃၅-၃၈)

  • ကျွန်ပညတ် (၃၉-၅၅)

၂၅  ယေဟောဝါက  ဆိုင်းနိုင်းတောင်မှာ မောရှေကို မိန့်မှာတယ်– ၂  “အစ္စရေးတွေကို ပြောပါ။‘ငါပေးမယ့်ပြည်ထဲ မင်းတို့ရောက်တဲ့အခါ+ ဥပုသ်နေ့နဲ့ ပတ်သက်တဲ့ ယေဟောဝါရဲ့ ပညတ်ကို စောင့်ထိန်းရမယ်။  မြေကို အနားပေးရမယ်။+ ၃  ခြောက်နှစ်လုံး လယ်မှာ မျိုးကြဲနိုင်တယ်။ ခြောက်နှစ်လုံး စပျစ်ကိုင်းတွေချိုင်ပြီး မြေထွက်သီးနှံတွေကို စုသိမ်းနိုင်တယ်။+ ၄  ခုနစ်နှစ်မြောက်ကတော့ ယေဟောဝါရဲ့ ဥပုသ်နှစ်ဖြစ်လို့ မြေကို လုံးဝအနားပေးရမယ်။ မျိုးမကြဲရဘူး။ စပျစ်ကိုင်းတွေကို မချိုင်ရဘူး။ ၅  ရိတ်သိမ်းပြီးနောက် ကျန်ခဲ့တဲ့ကောက်နှံကနေ အလိုလိုပေါက်တဲ့ ကောက်ပင်တွေကို မရိတ်သိမ်းရဘူး။ ချိုင်ထားတဲ့ စပျစ်ပင်က အသီးတွေကိုလည်း မစုသိမ်းရဘူး။ တစ်နှစ်လုံး လယ်မြေကို မထွန်ဘဲ အနားပေးရမယ်။ ၆  ဒါပေမဲ့ ဥပုသ်နှစ်အတွင်းမှာ ပေါက်လာတဲ့ သီးနှံတွေကို မင်းတို့ရော၊ ကျွန်တွေ၊ စာရင်းငှားတွေ၊  လာအခြေချတဲ့ တိုင်းတစ်ပါးသားတွေပါ စားနိုင်တယ်။ ၇  ခြံမွေးတိရစ္ဆာန်တွေနဲ့ သားရဲတွေလည်း စားနိုင်တယ်။ လယ်မှာပေါက်လာတဲ့ သီးနှံအားလုံးကို စားနိုင်တယ်။ ၈  “‘ဥပုသ်နှစ်ကို ခုနစ်ကြိမ် ရေတွက်ရမယ်။ ခုနစ်နှစ်ကို ခုနစ်ကြိမ် ရေတွက်လိုက်ရင် ၄၉ နှစ်ရလာမယ်။ ၉  အဲဒီနောက် ခုနစ်လပိုင်း ၁၀ ရက်၊ အပြစ်ဖြေရာနေ့ ရောက်တဲ့အခါ+ တံပိုးသံ အကျယ်ကြီးမှုတ်ရမယ်။ တစ်ပြည်လုံးမှာ တံပိုးမှုတ်ရမယ်။ ၁၀  နှစ် ၅၀ မြောက်ကို ဘုရားသခင်ဆီ ဆက်ကပ်ပြီး ပြည်သူပြည်သားအားလုံး လွတ်လပ်ခွင့်ရကြောင်း ကြေညာရမယ်။+ အဲဒီနှစ်ဟာ လွတ်လပ်ခွင့်ရတဲ့နှစ်* ဖြစ်ပြီး လူတိုင်း ကိုယ့်မြေ၊ ကိုယ့်မိသားစုဆီ ပြန်ရမယ်။+ ၁၁  နှစ် ၅၀ မြောက်ဟာ လွတ်လပ်ခွင့်ရတဲ့နှစ် ဖြစ်တယ်။ မျိုးမကြဲရဘူး။ ကျန်ခဲ့တဲ့ကောက်နှံကနေ အလိုလိုပေါက်တဲ့ ကောက်ပင်တွေကို မရိတ်သိမ်းရဘူး။ ချိုင်ထားတဲ့ စပျစ်ပင်က အသီးတွေကိုလည်း မစုသိမ်းရဘူး။+ ၁၂  ဒါဟာ လွတ်လပ်ခွင့်ရတဲ့နှစ်ဖြစ်လို့ မင်းတို့အတွက် မြင့်မြတ်တဲ့နှစ်ပဲ။ အလိုလိုပေါက်တဲ့ သီးနှံတွေကိုပဲ စားရမယ်။+ ၁၃  “လွတ်လပ်ခွင့်ရတဲ့နှစ်မှာ လူတိုင်း ကိုယ်ပိုင်တဲ့မြေဆီ ပြန်သွားရမယ်။+ ၁၄  အချင်းချင်း အရောင်းအဝယ်လုပ်မယ်ဆိုရင် အမြတ်မထုတ်ရဘူး။+ ၁၅  လယ်မြေကို ဝယ်တဲ့အခါ လွတ်လပ်ခွင့်ရတဲ့နှစ် ရောက်ဖို့ ဘယ်နှစ်နှစ် လိုသေးတယ်ဆိုတာကို တွက်ချက်ပြီး ဝယ်ရမယ်။ ရောင်းသူကလည်း လွတ်လပ်ခွင့်ရတဲ့နှစ် ရောက်တဲ့အထိ သီးနှံဘယ်နှစ်နှစ် ရိတ်သိမ်းနိုင်ဦးမယ်ဆိုတာကို  တွက်ချက်ပြီး ရောင်းရမယ်။+ ၁၆  သီးနှံဘယ်နှစ်နှစ် ရိတ်သိမ်းနိုင်မယ်ဆိုတာကို တွက်ချက်ပြီး ရောင်းတာဖြစ်လို့ နှစ်တွေ အများကြီးလိုသေးရင် ရောင်းစျေးကို တိုးနိုင်တယ်။ နည်းနည်းပဲလိုရင်တော့ ရောင်းစျေးကို လျှော့ရမယ်။ ၁၇  အချင်းချင်း  အမြတ်မထုတ်ရဘူး။+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။+ ဘုရားသခင်ကို ကြောက်ရွံ့ပါ။+ ၁၈  ငါ့ရဲ့ဥပဒေတွေ၊ တရားစီရင်ချက်တွေကို လိုက်နာစောင့်ထိန်းမယ်ဆိုရင် တိုင်းပြည်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်ရမယ်။+ ၁၉  မြေမှာ အသီးအနှံထွက်တဲ့အတွက်+ ဝဝလင်လင်စားပြီး ဘေးကင်းလုံခြုံစွာ နေထိုင်ရမယ်။+ ၂၀  “‘မင်းတို့က “မျိုးစေ့မကြဲ၊ သီးနှံလည်း မစုသိမ်းရဘူးဆိုရင် ခုနစ်နှစ်မြောက်မှာ ဘာစားရမလဲ” လို့ မေးကောင်းမေးမယ်။+ ၂၁  စိတ်မပူကြပါနဲ့။ ခြောက်နှစ်မြောက်မှာ မင်းတို့ကို ငါကောင်းချီးပေးမှာဖြစ်လို့ အဲဒီနှစ်မှာ မြေက သုံးနှစ်စာ သီးနှံထွက်မယ်။+ ၂၂  ရှစ်နှစ်မြောက်မှာ မျိုးကြဲရမယ်။ ကိုးနှစ်မြောက်အထိ သီးနှံဟောင်းကို စားရမယ်။ သီးနှံမထွက်ခင်အထိ သီးနှံဟောင်းကို စားရမယ်။ ၂၃  “‘မြေကို အပြီးအပိုင် မရောင်းရဘူး။+ မြေဟာ ငါ့ပိုင်ဆိုင်ရာ ဖြစ်လို့ပဲ။+ ငါ့အတွက်တော့ မင်းတို့ဟာ ဒီပြည်မှာ တိုင်းတစ်ပါးသားတွေ၊ လာရောက်အခြေချသူတွေပဲ။+ ၂၄  မင်းတို့အပိုင်ရမယ့်  ပြည်တစ်ဝန်းလုံးမှာ မြေကိုရောင်းတဲ့သူက ကိုယ့်မြေကို ပြန်ဝယ်ယူခွင့်ရှိရမယ်။ ၂၅  “‘အစ္စရေးတစ်ယောက်က ဆင်းရဲသွားလို့ မြေကို ရောင်းလိုက်ရတယ်ဆိုရင် အဲဒီမြေကို ဆွေမျိုးနီးစပ်သူက ပြန်ဝယ်ယူခွင့်ရှိတယ်။+ ၂၆  ပြန်ဝယ်မယ့်သူ မရှိပေမဲ့ မူလပိုင်ရှင်က ချမ်းသာလာလို့  ကိုယ့်မြေကို  ပြန်ဝယ်နိုင်ပြီဆိုရင်၊ ၂၇  သူရောင်းလိုက်တဲ့နှစ်ကစပြီး လွန်သွားတဲ့နှစ်အတွင်းမှာ ထွက်တဲ့ သီးနှံတန်ဖိုးကို တွက်ချက်ရမယ်။ အဲဒီတန်ဖိုးကို မူလရောင်းစျေးထဲကနေ နုတ်ပြီး ကျန်တဲ့ငွေကို ဝယ်တဲ့လူဆီ ပြန်ပေးရမယ်။ မူလပိုင်ရှင်က ကိုယ့်မြေဆီ ပြန်သွားရမယ်။+ ၂၈  “‘မြေကိုပြန်ဝယ်ဖို့ မတတ်နိုင်ရင်တော့ အဲဒီမြေဟာ လွတ်လပ်ခွင့်ရတဲ့နှစ်အထိ ဝယ်သူလက်ထဲမှာပဲ ရှိနေရမယ်။+ လွတ်လပ်ခွင့်ရတဲ့နှစ်ရောက်ရင် အဲဒီမြေကို ပြန်ရလိမ့်မယ်။ မူလပိုင်ရှင်က ကိုယ့်မြေဆီ ပြန်သွားရမယ်။+ ၂၉  “‘လူတစ်ယောက်က မြို့ရိုးထဲကအိမ်ကို  ရောင်းမယ်ဆိုရင်  ရောင်းပြီးတဲ့အချိန်ကစပြီး  နှစ်ကုန်တဲ့အထိ ပြန်ဝယ်ယူခွင့်ရှိတယ်။ တစ်နှစ်အတွင်း တရားဝင်  ပြန်ဝယ်ယူခွင့်ရှိတယ်။+ ၃၀  တစ်နှစ်အတွင်းမှာ ပြန်မဝယ်နိုင်ရင်တော့ အဲဒီအိမ်ကို ဝယ်သူနဲ့ သူ့သားစဉ်မြေးဆက်တွေ အမြဲပိုင်ဆိုင်ရမယ်။ လွတ်လပ်ခွင့်ရတဲ့နှစ်မှာ မူလပိုင်ရှင်ဆီ ပြန်ပေးစရာမလိုဘူး။ ၃၁  ဒါပေမဲ့ မြို့ရိုးမရှိတဲ့ ကျေးရွာထဲက အိမ်တွေကိုတော့  လယ်ယာလို  သတ်မှတ်ရမယ်။ အဲဒီအိမ်ကို ပိုင်ရှင်က အချိန်မရွေး ပြန်ဝယ်ခွင့်ရှိတယ်။  လွတ်လပ်ခွင့်ရတဲ့နှစ်မှာ အိမ်ကို ပိုင်ရှင်ဆီ ပြန်ပေးရမယ်။ ၃၂  “‘လေဝိအနွယ်ပိုင်တဲ့မြို့တွေထဲက အိမ်တွေကိုတော့+ လေဝိအနွယ်ဝင်တွေရောင်းရင်  အချိန်မရွေး  ပြန်ဝယ်ယူခွင့်ရှိတယ်။ ၃၃  ပြန်မဝယ်ဘူးဆိုရင်  လွတ်လပ်ခွင့်ရတဲ့နှစ်မှာ အဲဒီအိမ်ကို  မူလပိုင်ရှင် လေဝိအနွယ်ဆီ ပြန်ပေးရမယ်။+ အစ္စရေးလူမျိုးမှာ လေဝိအနွယ်က သူတို့မြို့တွေမှာရှိတဲ့ အိမ်တွေကို  ပိုင်တယ်။+ ၃၄  မြို့ဝန်းကျင်က စားကျက်မြေကို+ မရောင်းရဘူး။ စားကျက်မြေတွေကို သူတို့ အမြဲပိုင်တယ်။ ၃၅  “‘အိမ်နီးချင်းအစ္စရေးလူတစ်ယောက်က  ဆင်းရဲသွားလို့ ကိုယ့်ကိုယ်ကိုယ် မထောက်ပံ့နိုင်ဘူးဆိုရင် တိုင်းတစ်ပါးသားနဲ့ လာရောက်အခြေချသူတွေကို  ကူညီသလို+  သူ့ကိုလည်း ကူညီရမယ်။+ ဒါမှ သူ ဆက်အသက်ရှင်နိုင်လိမ့်မယ်။ ၃၆  သူ့ဆီက အတိုးမယူရဘူး။ အမြတ်မထုတ်ရဘူး။+ ဘုရားသခင်ကို  ကြောက်ရွံ့ရမယ်။+ ဒါဆိုရင် သူ ဆက်အသက်ရှင်လိမ့်မယ်။ ၃၇  သူ့ကို ငွေချေးတဲ့အခါ အတိုးမယူရဘူး။+ အစားအစာပေးရင်လည်း အမြတ်မထုတ်ရဘူး။ ၃၈  ငါဟာ မင်းတို့ရဲ့ ဘုရားသခင်ဖြစ်တယ်  ဆိုတာပြဖို့၊+ မင်းတို့ကို  ခါနန်ပြည်ပေးဖို့  အီဂျစ်ပြည်ကနေ  ခေါ်ထုတ်လာတဲ့အရှင် ယေဟောဝါပဲ။+ ၃၉  “‘အိမ်နီးချင်း  အစ္စရေးလူတစ်ယောက် ဆင်းရဲသွားလို့ သူ့ကိုယ်သူ လာရောင်းရင်+ ကျွန်လို မခိုင်းနဲ့။+ ၄၀  သူ့ကို  စာရင်းငှားတစ်ယောက်လို၊+ လာရောက်အခြေချသူလို ဆက်ဆံပါ။ လွတ်လပ်ခွင့်ရတဲ့နှစ်အထိ သူအလုပ်လုပ်ပေးလိမ့်မယ်။ ၄၁  ပြီးရင်တော့  သူနဲ့သူ့သားသမီးတွေက ထွက်သွားပြီး ဆွေမျိုးတွေဆီ ပြန်ရမယ်။ ဘိုးဘေးတွေပိုင်တဲ့မြေကို ပြန်သွားရမယ်။+ ၄၂  အစ္စရေးလူမျိုးဟာ  အီဂျစ်ပြည်ကနေ ငါခေါ်ထုတ်လာတဲ့ ငါ့ကျွန်တွေဖြစ်တဲ့အတွက်+ ကိုယ့်ကိုယ်ကိုယ် ကျွန်အဖြစ် မရောင်းရဘူး။ ၄၃  သူ့ကို မညှာမတာ မဆက်ဆံပါနဲ့။+ ဘုရားသခင်ကို  ကြောက်ရွံ့ပါ။+ ၄၄  ကျွန်တွေ၊ ကျွန်မတွေ လိုချင်ရင်တော့  ပတ်ဝန်းကျင်နိုင်ငံတွေကနေ ဝယ်ရမယ်။ ၄၅  မင်းတို့ပြည်မှာနေတဲ့ တိုင်းတစ်ပါးသားတွေ၊+ သူတို့ကနေ မွေးလာသူတွေကိုလည်း ကျွန်အဖြစ် အပိုင်ဝယ်နိုင်တယ်။ ၄၆  သူတို့ကို သားမြေးတွေအတွက် အမွေအဖြစ်၊ ထာဝရပိုင်ဆိုင်ရာအဖြစ် လက်ဆင့်ကမ်းပေးနိုင်တယ်။ အလုပ်သမားတွေအဖြစ်  ခိုင်းနိုင်တယ်။  ကိုယ့်ညီအစ်ကို  အစ္စရေးတွေကိုတော့  မညှာမတာ  မဆက်ဆံနဲ့။+ ၄၇  “‘တိုင်းတစ်ပါးသား ဒါမှမဟုတ် လာရောက်အခြေချသူက ချမ်းသာလာပြီး သူ့အနီးအနားမှာ နေထိုင်တဲ့ မင်းရဲ့ညီအစ်ကိုကတော့ ဆင်းရဲသွားလို့ အဲဒီတိုင်းတစ်ပါးသား၊ လာရောက်အခြေချသူဆီမှာ ဒါမှမဟုတ် အဲဒီလူရဲ့ မိသားစုဝင်ဆီမှာ ကိုယ့်ကိုယ်ကိုယ် ရောင်းတယ်ဆိုရင်၊ ၄၈  ရောင်းပြီးတဲ့နောက် ပြန်ဝယ်ယူခွင့်ရှိနေတုန်းပဲ။ သူ့ညီအစ်ကိုတစ်ယောက်က သူ့ကို  ပြန်ဝယ်နိုင်တယ်။+ ၄၉  သူ့ဘကြီးဘထွေး၊ ဘကြီးဘထွေးရဲ့သား ဒါမှမဟုတ် သွေးသားရင်းချာ တစ်ယောက်က ပြန်ဝယ်နိုင်တယ်။ “‘ဒါမှမဟုတ်  ကိုယ်တိုင်ချမ်းသာလာရင် သူ့ကိုယ်သူ ပြန်ဝယ်ယူနိုင်တယ်။+ ၅၀  သူ့ကိုယ်သူ  ရောင်းလိုက်တဲ့နှစ်ကနေ လွတ်လပ်ခွင့်ရတဲ့နှစ်အထိ နှစ်ပေါင်းကို ဝယ်သူနဲ့အတူ တွက်ချက်ရမယ်။+ သူ့ကိုယ်သူရောင်းခဲ့တဲ့စျေးက အဲဒီနှစ်ပေါင်းအရေအတွက်နဲ့ ညီတယ်။+ အဲဒီနှစ်တွေအတွင်း သူ့ရဲ့လုပ်အားခကို စာရင်းငှားတစ်ယောက်ရဲ့ လုပ်အားခအတိုင်း သတ်မှတ်ရမယ်။+ ၅၁  လွတ်လပ်ခွင့်ရတဲ့နှစ် ရောက်ဖို့ နှစ်တွေ အများကြီး  လိုသေးရင် ပြန်ဝယ်ယူတဲ့ငွေကို လိုသေးတဲ့နှစ်တွေနဲ့အညီ  ပေးရမယ်။ ၅၂  လွတ်လပ်ခွင့်ရတဲ့နှစ်ရောက်ဖို့ နှစ်အနည်းငယ်ပဲလိုရင် ပြန်ဝယ်ယူတဲ့ငွေကို လိုသေးတဲ့နှစ်တွေနဲ့အညီ တွက်ချက်ပြီး ပေးရမယ်။ ၅၃  သခင်က သူ့ကို နှစ်တိုင်းငှားတဲ့ စာရင်းငှားလို သဘောထားရမယ်။ သခင်က မညှာမတာ ခိုင်းစားနေလားဆိုတာကို မင်းတို့ ကြည့်ပေးရမယ်။+ ၅၄  ဒါပေမဲ့ သူက တစ်နည်းနည်းနဲ့ သူ့ကိုယ်သူ ပြန်မဝယ်နိုင်ဘူးဆိုရင်တော့ လွတ်လပ်ခွင့်ရတဲ့နှစ်ရောက်မှ  သားသမီးတွေနဲ့အတူ လွတ်လပ်ခွင့်ရမယ်။+ ၅၅  “‘အစ္စရေးတွေဟာ  ငါပိုင်တဲ့ကျွန်တွေ၊ အီဂျစ်ပြည်ကနေ ငါခေါ်ထုတ်လာတဲ့ ငါ့ကျွန်တွေဖြစ်တယ်။+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။

အောက်ခြေမှတ်ချက်များ

ခက်ဆစ် “ယုဘိလ” ကိုကြည့်။