ဝတ်ပြုရာ ၂၆:၁-၄၆
၂၆ “‘အသုံးမဝင်တဲ့ ဘုရားတွေကို မလုပ်နဲ့။+ ရုပ်တုတွေ၊+ ကိုးကွယ်ရာ ကျောက်တိုင်တွေကို မစိုက်ထူနဲ့။ ဦးညွှတ်ပျပ်ဝပ်ဖို့ ကျောက်ရုပ်တွေကို+ တိုင်းပြည်မှာ မထားနဲ့။+ ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။
၂ ဥပုသ်နေ့တွေကို စောင့်ထိန်းပါ။ သန့်ရှင်းရာဌာနတော်ကို ကြည်ညိုလေးစားပါ။ ငါဟာ ယေဟောဝါပဲ။
၃ “ငါ့ဥပဒေတွေ၊ ပညတ်ချက်တွေကို အမြဲ လိုက်နာစောင့်ထိန်းမယ်ဆိုရင်၊+
၄ အချိန်တန်တဲ့အခါ ငါမိုးရွာစေမှာဖြစ်လို့+ လယ်မှာ ကောက်နှံတွေ ဖြစ်ထွန်းလိမ့်မယ်။+ အပင်တွေလည်း အသီးသီးမယ်။
၅ သီးနှံတွေ လှိုင်လှိုင်ထွက်တဲ့အတွက် စပါးနယ်လို့မပြီးခင် စပျစ်သီး ဆွတ်ခူးချိန် ရောက်လာမယ်။ စပျစ်သီးဆွတ်ခူးလို့ မပြီးခင် မျိုးကြဲချိန် ရောက်လာမယ်။ အစားအစာကို အဝစားပြီး တိုင်းပြည်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်ရမယ်။+
၆ တိုင်းပြည်ကို ငါငြိမ်သက်အေးချမ်းစေမှာဖြစ်လို့+ ကြောက်စရာမလိုဘဲ မင်းတို့အိပ်ရမယ်။+ ကြမ်းကြုတ်တဲ့ သားရဲတွေကို တိုင်းပြည်ကနေ ငါဖယ်ရှားပေးမယ်။ ဓားဘေးကြုံရမှာ မဟုတ်ဘူး။
၇ ရန်သူတွေကို မင်းတို့လိုက်ဖမ်းရလိမ့်မယ်။ ဓားဘေးကြောင့် ရန်သူတွေ ကျဆုံးလိမ့်မယ်။
၈ မင်းတို့ဘက်က လူ ၅ ယောက်က လူ ၁၀၀ ကို လိုက်ဖမ်းရလိမ့်မယ်။ လူ ၁၀၀ က လူ ၁၀,၀၀၀ ကို လိုက်ဖမ်းရလိမ့်မယ်။ ဓားဘေးကြောင့် ရန်သူတွေ ကျဆုံးလိမ့်မယ်။+
၉ “‘မင်းတို့ကို ငါ မျက်နှာသာပေးမယ်။ သားသမီးတွေ အများကြီး မွေးဖွားစေပြီး တိုးများစေမယ်။+ မင်းတို့နဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်ကို ငါစောင့်ထိန်းမယ်။+
၁၀ အရင်နှစ်က သီးနှံဟောင်းတွေကို စားလို့မကုန်သေးခင် သီးနှံသစ်တွေ သိုလှောင်ဖို့ သီးနှံဟောင်းတွေကို ရှင်းထုတ်ရလိမ့်မယ်။
၁၁ ငါ့တဲတော်ကို မင်းတို့အလယ်မှာ တည်စေမယ်။+ မင်းတို့ကို ငါ မပစ်ပယ်ဘူး။
၁၂ ငါဟာ မင်းတို့နဲ့အတူရှိပြီး မင်းတို့ရဲ့ဘုရားသခင် ဖြစ်မယ်။+ မင်းတို့လည်း ငါ့လူမျိုးဖြစ်ရလိမ့်မယ်။+
၁၃ ငါဟာ မင်းတို့ကို ကျွန်ဘဝကနေ လွတ်မြောက်အောင် အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ဘုရား ယေဟောဝါပဲ။ မင်းတို့ရဲ့ထမ်းပိုးကို ချိုးပစ်ပြီး မတ်မတ်လျှောက်စေခဲ့ပြီ။
၁၄ “‘ဒါပေမဲ့ ငါ့စကားကို မင်းတို့နားမထောင်ဘူး၊ ပညတ်ချက်တွေကို မလိုက်နာဘူးဆိုရင်၊+
၁၅ ငါ့ဥပဒေတွေကို ပစ်ပယ်ပြီး+ ငါ့တရားစီရင်ချက်တွေကို ရွံမုန်းမယ်ဆိုရင်၊ ပညတ်ချက်တွေကို မလိုက်နာဘဲ ငါ့ပဋိညာဉ်ကို ချိုးဖောက်မယ်ဆိုရင်၊+
၁၆ ငါလည်း မင်းတို့ကို စိတ်ဆင်းရဲစရာတွေ၊ အဆုတ်ရောဂါတွေ၊ အပြင်းဖျားတာတွေနဲ့ ဒဏ်ခတ်မယ်။ မျက်စိကွယ်စေမယ်။ မင်းတို့ရဲ့ ဘဝကို လုံးပါးပါးစေမယ်။ မျိုးကြဲတဲ့အခါ ရန်သူတွေ စားပစ်လိုက်လို့ အကျိုးခံစားရမှာ မဟုတ်ဘူး။+
၁၇ မင်းတို့ကို ငါကျောခိုင်းမှာမို့လို့ ရန်သူတွေရှေ့မှာ ရှုံးနိမ့်ရလိမ့်မယ်။+ လိုက်ဖမ်းသူမရှိဘဲ ထွက်ပြေးရမယ်။+ မုန်းတဲ့သူတွေက မင်းတို့ကို နင်းချေကြလိမ့်မယ်။+
၁၈ “‘ဒီလောက်ခံရတာတောင် ငါ့စကား နားမထောင်ဘူးဆိုရင် မင်းတို့ရဲ့အပြစ်တွေအတွက် ခုနစ်ဆတိုးပြီး ပြစ်ဒဏ်ပေးမယ်။
၁၉ မင်းတို့ရဲ့မာနကို ငါချိုးပစ်မယ်။ မင်းတို့ရဲ့ ကောင်းကင်ကို သံလို၊+ မြေကြီးကို ကြေးနီလို ဖြစ်စေမယ်။
၂၀ လယ်မှာ ကောက်နှံတွေ မဖြစ်ထွန်းတဲ့အပြင် အပင်တွေလည်း အသီးမသီးတဲ့အတွက် မင်းတို့ ကြိုးစားပမ်းစား လုပ်သမျှ အချည်းနှီးဖြစ်သွားမယ်။+
၂၁ “‘ဒါတောင်မှ ငါ့ကိုဆန့်ကျင်ပြီး ငါ့စကား နားမထောင်ချင်သေးဘူးဆိုရင် မင်းတို့ရဲ့အပြစ်အတွက် ခုနစ်ဆတိုးပြီး ဒဏ်ခတ်မယ်။
၂၂ သားရဲတွေကို ငါလွှတ်လိုက်မှာဖြစ်လို့+ မင်းတို့ရဲ့သားသမီးတွေ၊ ခြံမွေးတိရစ္ဆာန်တွေကို ကိုက်သတ်လိမ့်မယ်။+ လူဦးရေ လျော့နည်းသွားတဲ့အတွက် လမ်းသွားလမ်းလာတွေတောင် ရှိတော့မှာမဟုတ်ဘူး။+
၂၃ “‘ဒါတောင်မှ ငါဆုံးမတာကို နားမထောင်ဘဲ+ ဆန့်ကျင်နေဦးမယ်ဆိုရင်၊
၂၄ ငါလည်း မင်းတို့ကို ဆန့်ကျင်ပြီး မင်းတို့အပြစ်အတွက် ခုနစ်ဆတိုးပြီး ဒဏ်ခတ်မယ်။
၂၅ ငါ့ပဋိညာဉ်ကို ချိုးဖောက်တဲ့အတွက်+ ဓားဘေးနဲ့ လက်စားချေမယ်။ မြို့တွေထဲ ပြေးဝင်ခိုလှုံတဲ့အခါ ကပ်ရောဂါတွေကို ငါလွှတ်လိုက်မယ်။+ ရန်သူတွေလက်ထဲ မင်းတို့ရောက်ရလိမ့်မယ်။+
၂၆ စားနပ်ရိက္ခာကို* ငါဖျက်ဆီးတဲ့အခါ+ အိမ်ရှင်မ ၁၀ ယောက်အတွက် မုန့်ဖုတ်ဖို့ မီးဖိုတစ်ဖိုပဲ လိုလိမ့်မယ်။ မုန့်ကို ခွဲတမ်းချပြီး+ မဝရေစာ စားရလိမ့်မယ်။+
၂၇ “‘ဒါတောင်မှ ငါ့စကား နားမထောင်ဘဲ ဆန့်ကျင်နေဦးမယ်ဆိုရင်၊
၂၈ ငါလည်း မင်းတို့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်မယ်။+ မင်းတို့အပြစ်အတွက် ခုနစ်ဆတိုးပြီး ဒဏ်ခတ်မယ်။
၂၉ ကိုယ့်သားသမီးတွေရဲ့ အသားကို စားရလိမ့်မယ်။+
၃၀ မင်းတို့ရဲ့ အထွတ်အမြတ်နေရာတွေကို ဖျက်ဆီးမယ်။+ နံ့သာပေါင်း ပူဇော်တဲ့ စင်တွေကို ခုတ်လှဲမယ်။ မင်းတို့ရဲ့အလောင်းတွေကို ရွံမုန်းဖွယ်ရုပ်တု* အကျိုးအပဲ့တွေပေါ်မှာ ပစ်ချမယ်။+ မင်းတို့ကို ငါရွံလွန်းလို့ မင်းတို့ဆီကနေ ထွက်သွားမယ်။+
၃၁ မင်းတို့ရဲ့ မြို့တွေကို ဓားဘေးနဲ့ ဖျက်ဆီးမယ်။+ ဝတ်ကျောင်းတွေကို ပျက်စီးစေမယ်။ မင်းတို့ဆက်သတဲ့ ပူဇော်သက္ကာတွေရဲ့ မွှေးကြိုင်တဲ့ရနံ့ကို ငါလက်ခံမှာ မဟုတ်ဘူး။
၃၂ မင်းတို့ပြည်ကို ငါဖျက်ဆီးမှာဖြစ်လို့+ ပြည်ကိုသိမ်းပိုက်မယ့် ရန်သူတွေတောင် တအံ့တဩ ဖြစ်သွားလိမ့်မယ်။+
၃၃ မင်းတို့ကို တိုင်းပြည်အရပ်ရပ်ဆီ တကွဲတပြား ဖြစ်စေမယ်။+ ဓားကိုထုတ်ပြီး မင်းတို့နောက်ကို လိုက်စေမယ်။+ ပြည်ဟာ လူသူကင်းမဲ့ပြီး+ မြို့တွေလည်း ပျက်စီးသွားမယ်။
၃၄ “‘ရန်သူရဲ့ပြည်မှာ မင်းတို့ရောက်နေတုန်း မင်းတို့တိုင်းပြည်က လူသူကင်းမဲ့ချိန်တစ်လျှောက်လုံး အနားယူရလိမ့်မယ်။ အရင်က ဥပုသ်နှစ်တွေမှာ အနားမရခဲ့တဲ့အတွက် အဲဒီအချိန်မှာ အနားရလိမ့်မယ်။+
၃၅ မင်းတို့နေထိုင်တုန်းက ဥပုသ်နှစ်တွေမှာ လယ်မြေတွေ အနားမရခဲ့ဘူး။ ဒါကြောင့် တိုင်းပြည် လူသူကင်းမဲ့ချိန် တစ်လျှောက်လုံးမှာ လယ်မြေတွေ အနားရလိမ့်မယ်။
၃၆ “‘မင်းတို့ထဲက အသက်ရှင်ကျန်ရစ်သူတွေကို+ ရန်သူ့တိုင်းပြည်တွေမှာ စိတ်ပျက်အားလျော့သွားအောင် ငါလုပ်မယ်။ သစ်ရွက်လှုပ်သံကြားရုံနဲ့ ထွက်ပြေးကြလိမ့်မယ်။ ဓားဘေးကြောင့် ထွက်ပြေးသူတွေလို ထွက်ပြေးပြီး လိုက်ဖမ်းသူမရှိဘဲ လဲကျလိမ့်မယ်။+
၃၇ ဓားဘေးကြောင့် ထွက်ပြေးသူတွေလို လိုက်ဖမ်းသူမရှိဘဲ အချင်းချင်း တိုက်မိပြီး လဲကျလိမ့်မယ်။ ရန်သူတွေကို ခုခံနိုင်စွမ်းရှိမှာ မဟုတ်ဘူး။+
၃၈ တိုင်းပြည်အရပ်ရပ်ကို ကွဲလွင့်ပြီး သေဆုံးကြလိမ့်မယ်။+ ရန်သူရဲ့မြေက မင်းတို့ကို ဝါးမျိုသွားမယ်။
၃၉ မင်းတို့ထဲက ကျန်ရစ်သူတွေဟာ ကိုယ့်အမှားကြောင့်၊ ဘိုးဘေးတွေရဲ့အမှားကြောင့်+ ရန်သူရဲ့ပြည်မှာ စိတ်ထောင်းကိုယ်ကြေ ဖြစ်ရလိမ့်မယ်။+
၄၀ အဲဒီအခါကျမှ ကိုယ့်ရဲ့အမှား၊+ ဘိုးဘေးတွေရဲ့ အမှားနဲ့ သစ္စာဖောက်မှုကို ဝန်ခံကြလိမ့်မယ်။ ငါ့ကိုဆန့်ကျင်ပြီး သစ္စာဖောက်ခဲ့မှန်း ဝန်ခံကြလိမ့်မယ်။+
၄၁ ငါလည်း သူတို့ကို ဆန့်ကျင်ပြီး+ ရန်သူ့တိုင်းပြည်ကို ပို့ပစ်မယ်။+
“‘အဲဒီအခါကျရင်တော့ ခေါင်းမာလွန်းတဲ့ သူတို့ဟာ စိတ်နှိမ့်ချလာပြီး+ ကိုယ့်အမှားအတွက် ပေးဆပ်နိုင်ကောင်းပါရဲ့။
၄၂ ငါလည်း ယာကုပ်နဲ့ဖွဲ့တဲ့ ပဋိညာဉ်၊+ အိဇက်နဲ့ဖွဲ့တဲ့ ပဋိညာဉ်၊+ အာဗြဟံနဲ့ဖွဲ့တဲ့ ပဋိညာဉ်ကို+ သတိရမယ်။ မင်းတို့ရဲ့တိုင်းပြည်ကိုလည်း သတိရမယ်။
၄၃ တိုင်းပြည်ဟာ စွန့်ပစ်ခံရချိန်မှာ အနားရလိမ့်မယ်၊+ လူသူကင်းမဲ့နေမယ်။ ငါ့တရားစီရင်ချက်တွေကို ပစ်ပယ်ပြီး ငါ့ဥပဒေတွေကို ရွံမုန်းခဲ့တဲ့ သူတို့ရဲ့အမှားအတွက် ပြန်ပေးဆပ်ရမယ်။+
၄၄ ဒီလိုဖြစ်နေပေမဲ့ သူတို့ကို ရန်သူရဲ့ပြည်မှာ ရှိနေတုန်း ငါအပြီးအပိုင်တော့ ပစ်ပယ်မှာ မဟုတ်ဘူး။+ မျိုးပြုတ်သွားတဲ့အထိတော့ ဖယ်ရှားမှာ မဟုတ်ဘူး။ အဲဒီလိုလုပ်ရင် သူတို့နဲ့ဖွဲ့ထားတဲ့ ငါ့ရဲ့ပဋိညာဉ်ကို ချိုးဖျက်ရာရောက်တယ်။+ ငါဟာ သူတို့ရဲ့ဘုရား ယေဟောဝါဖြစ်တယ်။
၄၅ သူတို့အကျိုးအတွက် ဘိုးဘေးတွေနဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ကို ငါသတိရမယ်။+ အဲဒီဘိုးဘေးတွေကို လူမျိုးခြားတွေရှေ့မှာ အီဂျစ်ပြည်ကနေ ငါခေါ်ထုတ်ပြီး+ ငါဟာ သူတို့ရဲ့ ဘုရားသခင်ဖြစ်မှန်း ပြခဲ့တယ်။ ငါဟာ ယေဟောဝါပဲ။’”
၄၆ ဒါတွေဟာ ဆိုင်းနိုင်းတောင်ပေါ်မှာ မောရှေကတစ်ဆင့် အစ္စရေးလူမျိုးကို ယေဟောဝါပေးခဲ့တဲ့ စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေ၊ ပညတ်ချက်တွေပဲ။+