ဟီဘရူး ၄:၁-၁၆

  • ဘုရားနဲ့အတူ အနားယူခွင့်မရှိတဲ့ အန္တရာယ် (၁-၁၀)

  • ဘုရားသခင်နဲ့အတူ အနားယူခွင့်ရအောင် ကြိုးစားဖို့တိုက်တွန်း (၁၁-၁၃)

    • နှုတ်တော်ထွက်စကားဟာ ရှင်သန်နေ (၁၂)

  • မဟာပုရောဟိတ်မင်း ယေရှု (၁၄-၁၆)

 ဒါကြောင့်  ဘုရားသခင်နဲ့အတူ အနားယူခွင့်ရှိတယ်ဆိုတဲ့ ကတိဟာ အကျိုးသက်ရောက်မှုရှိသေးလို့ အဲဒီကတိနဲ့  မထိုက်တန်တဲ့သူတွေ မဖြစ်သွားရအောင် သတိထားကြစို့။+ ၂  ကျွန်တော်တို့ သတင်းကောင်းကြားခဲ့ရသလို+ သူတို့လည်း ကြားခဲ့ရတာပဲ။ ဒါပေမဲ့ သူတို့ကြားရတဲ့ တရားစကားက သူတို့ကို အကျိုးမပြုခဲ့ဘူး။ အကြောင်းကတော့ နာခံမှုရှိသူတွေရဲ့ ယုံကြည်ခြင်းမျိုး သူတို့မှာ မရှိလို့ပဲ။ ၃  ယုံကြည်သက်ဝင်ကြတဲ့ ကျွန်တော်တို့ကတော့ ဘုရားသခင်နဲ့အတူ အနားယူခွင့်ရကြတယ်။ ဘုရားသခင်က လူ့လောကအစပြုချိန်* ကတည်းက မိမိရဲ့အလုပ်တွေကို လက်စသတ်ပြီးသွားပေမဲ့+ “‘သူတို့ကို ငါနဲ့အတူ အနားယူခွင့် မပေးဘူး’ လို့ ဒေါသနဲ့ ငါကျိန်ဆိုခဲ့တယ်”+ ဆိုပြီး ပြောခဲ့တယ်။ ၄  သတ္တမနေ့နဲ့ပတ်သက်ပြီး ကျမ်းတစ်ချက်မှာ “ဘုရားသခင်ဟာ သတ္တမနေ့မှာ အလုပ်အားလုံးကနေ အနားယူတယ်”+ လို့ဆိုထားတယ်။ ၅  နောက်ကျမ်းတစ်ချက်မှာလည်း “သူတို့ကို ငါနဲ့အတူ အနားယူခွင့် မပေးဘူး”+ လို့ ဆိုထားပြန်တယ်။ ၆  သတင်းကောင်းကို ဦးစွာကြားခဲ့ရသူတွေဟာ နာခံမှုမရှိလို့ ဘုရားသခင်နဲ့အတူ အနားယူခွင့် မရခဲ့ဘူး။ ဒါပေမဲ့ လူတချို့အတွက် ဘုရားသခင်နဲ့အတူ အနားယူခွင့်ရဖို့ ဖြစ်နိုင်သေးတယ်။+ ၇  ဒါကြောင့် နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ဘုရားသခင်က ဒါဝိဒ်ရဲ့ဆာလံသီချင်းမှာ “ဒီနေ့ ငါပြောတာကို နားထောင်ကြ။ ခေါင်းမမာကြနဲ့” လို့ပြောခဲ့တယ်။+ “ဒီနေ့” လို့ပြောပြီး နေ့ရက်တစ်ရက်ကို ပြန်သတ်မှတ်ပေးခဲ့တယ်။ ၈  ယောရှုက+ သူတို့ကို ဘုရားသခင်နဲ့အတူ အနားယူနိုင်မယ့်  နေရာတစ်ခုဆီ  ခေါ်ဆောင်သွားခဲ့တယ်ဆိုရင် နှစ်ပေါင်းများစွာကြာပြီးမှ တခြားနေ့ရက်တစ်ရက်အကြောင်း ဘုရားသခင် ပြောနေမှာ မဟုတ်ဘူး။ ၉  ဒါကြောင့် ဥပုသ်နေ့မှာ အနားယူသလိုမျိုး ဘုရားသခင်ရဲ့ လူမျိုးအတွက် အနားယူရမယ့်နေ့  ရှိသေးတယ်။+ ၁၀  ဘုရားသခင်က မိမိရဲ့အလုပ်တွေကနေ  အနားယူတယ်၊  အဲဒီလိုပဲ ဘုရားသခင်နဲ့အတူ အနားယူတဲ့သူကလည်း မိမိရဲ့အလုပ်တွေကနေ အနားယူတယ်။+ ၁၁  ဒါကြောင့် အဲဒီလို အနားယူခွင့်ရဖို့ အစွမ်းကုန် ကြိုးစားကြစို့။ မကြိုးစားရင် နာခံမှုမရှိသူတွေရဲ့ လမ်းစဉ်ကို လိုက်မိလိမ့်မယ်။+ ၁၂  ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်၊ အစွမ်းထက်တယ်၊+ အသွားနှစ်ဖက်ရှိတဲ့ ဓားမှန်သမျှထက် ပိုထက်တယ်၊+ လူ့အပြင်ပန်းနဲ့ အတွင်းသဘောကိုသာမက အရိုးအဆစ်နဲ့ ခြင်ဆီကိုပါ ခွဲခြားပြီး ထွင်းဖောက်နိုင်တယ်။ စိတ်နှလုံးထဲက အတွေးတွေ၊ အကြံအစည်တွေကိုလည်း ပိုင်းခြားသိမြင်နိုင်တယ်။ ၁၃  ဘုရားသခင် မမြင်အောင် ဖုံးကွယ်ထားတဲ့ ဖန်ဆင်းရာဆိုလို့ ဘာတစ်ခုမှ မရှိဘူး။+ ကျွန်တော်တို့ ဖြေရှင်းချက်ပေးရမယ့် အရှင်ရဲ့ရှေ့မှာ အရာအားလုံးဟာ ဖုံးကွယ်မနေဘဲ အထင်အရှား မြင်နေရတယ်။+ ၁၄  ကျွန်တော်တို့ရဲ့  မဟာပုရောဟိတ်မင်းဟာ  ဘုရားသခင်ရဲ့သား ယေရှုပဲ။+ သူ ကောင်းကင်တက်သွားပြီ။ ဒါကြောင့်  သူ့အကြောင်း  အများသိအောင်  ဆက်ဟောနေကြစို့။+ ၁၅  အဲဒီပုရောဟိတ်မင်းက ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို မစာနာနိုင်တဲ့သူ မဟုတ်ဘူး။+ ကျွန်တော်တို့လိုပဲ အဘက်ဘက်မှာ  စမ်းသပ်ခံရတဲ့သူပဲ။ ဒါပေမဲ့  အပြစ်တစ်ခုမှ  မကျူးလွန်ခဲ့ဘူး။+ ၁၆  ဒါကြောင့်  မဟာကရုဏာပြတဲ့ ဘုရားသခင်ရဲ့ ပလ္လင်အနားကို  သွားကြစို့၊  ရဲရဲဝံ့ဝံ့ပြောဆိုခွင့်ကို*+ သုံးပြီး ဆုတောင်းကြစို့။ အဲဒီလိုလုပ်ရင် အကူအညီ လိုအပ်ချိန်မှာ သနားကြင်နာမှုနဲ့ မဟာကရုဏာကို ခံစားရလိမ့်မယ်။

အောက်ခြေမှတ်ချက်များ

အာဒံနဲ့ဧဝ သားသမီးရတဲ့အချိန်။
ခက်ဆစ်ကိုကြည့်။