ဟီဘရူး ၉:၁-၂၈
၉ ပဋိညာဉ်ဟောင်းမှာ ဘုရားအတွက် အမှုဆောင်ဖို့ ပြဋ္ဌာန်းချက်တွေ ရှိတယ်။ အဲဒီလိုအမှုဆောင်ဖို့ သန့်ရှင်းရာအရပ်လည်း+ ကမ္ဘာမြေပေါ်မှာ ရှိတယ်။
၂ တဲတော်ရဲ့ ပထမအခန်းကို ဆောက်လုပ်ထားပြီး အဲဒီမှာ ဆီမီးတိုင်၊+ စားပွဲ၊ ရှေ့တော်မုန့်တွေရှိတယ်။+ အဲဒီအခန်းကို သန့်ရှင်းရာအခန်းလို့+ ခေါ်တယ်။
၃ ဒုတိယကန့်လန့်ကာရဲ့+ နောက်မှာ အသန့်ရှင်းဆုံးအခန်းလို့+ ခေါ်တဲ့ တဲတော်အတွင်းခန်း ရှိတယ်။
၄ အဲဒီအခန်းမှာ နံ့သာပေါင်းထည့်ထားတဲ့ ရွှေခွက်နဲ့+ ရွှေချထားတဲ့+ ပဋိညာဉ်သေတ္တာ+ ရှိတယ်။ သေတ္တာထဲမှာ မန္နမုန့်ထည့်ထားတဲ့ ရွှေအိုး၊+ အာရုန်ရဲ့ ပန်းပွင့်တဲ့တောင်ဝှေးနဲ့+ ပဋိညာဉ်ကျောက်ပြားတွေ+ ရှိတယ်။
၅ ပဋိညာဉ်သေတ္တာရဲ့ အဖုံးပေါ်မှာ* အတောင်တွေဖြန့်ထားတဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ ခေရုဗိမ်* နှစ်ရုပ်ရှိတယ်။+ ဒါပေမဲ့ အခုတော့ အဲဒီအကြောင်းတွေကို အသေးစိတ်ပြောရမယ့်အချိန် မဟုတ်ဘူး။
၆ အဲဒါတွေကို ဆောက်လုပ်ပြီးတဲ့အခါ ပုရောဟိတ်တွေက ဘုရားအတွက် အမှုဆောင်ဖို့ တဲတော်ရဲ့ ပထမအခန်းထဲ နေ့တိုင်းဝင်ထွက်ရတယ်။+
၇ တဲတော်ရဲ့ ဒုတိယအခန်းထဲကိုတော့ ပုရောဟိတ်မင်းတစ်ယောက်ပဲ တစ်နှစ်မှာ တစ်ကြိမ် ဝင်ရတယ်။+ မိမိအတွက်ရော+ မသိလို့ အပြစ်လုပ်မိသူတွေအတွက်ပါ+ အပြစ်ဖြေဖို့ သွေးကို ယူသွားရတယ်။+
၈ ပထမတဲတော် တည်ရှိနေချိန်မှာ အသန့်ရှင်းဆုံးအခန်းဆီ ဝင်တဲ့လမ်းကို ဘယ်သူ့ကိုမှ မဖော်ပြရသေးဘူးဆိုပြီး သန့်ရှင်းသော စွမ်းအားတော်က ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။+
၉ အဲဒီတဲတော်ဟာ လက်ရှိအချိန်အတွက် ပုံဥပမာပဲ။+ အဲဒီအစီအစဉ်အတိုင်း အလှူတွေ၊ ပူဇော်သက္ကာတွေကို ဆက်သပေမဲ့+ အဲဒီအလှူတွေက ဘုရားကိုဝတ်ပြုတဲ့သူတွေကို အမှားအမှန်သိစိတ် လုံးဝကြည်လင်သွားအောင် မလုပ်ပေးနိုင်ဘူး။+
၁၀ အဲဒီအလှူတွေက အစားအသောက်တွေ၊ မောရှေပညတ်မှာပါတဲ့ ဆေးကြောခြင်းတွေနဲ့ပဲ သက်ဆိုင်တယ်။+ ဒါတွေဟာ ကိုယ်ခန္ဓာနဲ့ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေဖြစ်ပြီး+ ကိစ္စရပ်တွေ ပြေလည်သွားဖို့ သတ်မှတ်ထားတဲ့အချိန်အထိ အတည်ဖြစ်နေရမယ်။
၁၁ ခရစ်တော်ဟာ ကျွန်တော်တို့ လက်ရှိခံစားနေရတဲ့ ကောင်းမြတ်တဲ့အရာတွေကို ယူဆောင်လာတဲ့ ပုရောဟိတ်မင်းအဖြစ် ရောက်လာချိန်မှာ ပိုကြီးမြတ်သာလွန်တဲ့ တဲတော်ထဲ ဝင်သွားတယ်။ အဲဒီတဲတော်ဟာ လူတွေ ဆောက်ထားတာ မဟုတ်ဘူး၊ ကမ္ဘာပေါ်မှာ တည်ရှိတာ မဟုတ်ဘူး။
၁၂ ခရစ်တော်က အသန့်ရှင်းဆုံးအခန်းထဲ ဆိတ်သွေး၊ နွားကလေးသွေးနဲ့ မဟုတ်ဘဲ မိမိရဲ့သွေးနဲ့+ တစ်ကြိမ်တည်းအပြီး ဝင်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ ထာဝရ လွတ်မြောက်ခွင့်ရသွားတယ်။+
၁၃ ဆိတ်သွေး၊ နွားသွေး၊+ မစင်ကြယ်သူတွေအပေါ်ဖျန်းတဲ့ နွားမပျိုရဲ့ ပြာတွေက သူတို့ကို ဘုရားရဲ့အမြင်မှာ စင်ကြယ်စေတယ်ဆိုရင်၊+
၁၄ ခရစ်တော်ရဲ့သွေးက+ ကျွန်တော်တို့ကို ပိုလို့တောင် စင်ကြယ်စေမှာပဲ။ ခရစ်တော်က ထာဝရတည်တဲ့ စွမ်းအားတော်ရဲ့ လမ်းညွှန်မှုအတိုင်း အပြစ်အနာအဆာမရှိတဲ့ ပူဇော်သက္ကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်ဆီ ဆက်သခဲ့တယ်။ သူ့ရဲ့သွေးက ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်ကို ကြည်လင်စေတယ်။ သေခြင်းနဲ့ဆိုင်တဲ့ အကျင့်တွေကို ကျွန်တော်တို့ မကျင့်တော့ဘူး။+ ဒါကြောင့် အသက်ရှင်တဲ့ ဘုရားသခင်ကို ဝတ်ပြုနိုင်ကြတယ်။+
၁၅ ခရစ်တော်ဟာ ပဋိညာဉ်သစ်ရဲ့ ဖျန်ဖြေသူဖြစ်လာတယ်။+ ဒါကြောင့် ခေါ်တော်မူခြင်းခံရသူတွေဟာ ထာဝရအမွေနဲ့ဆိုင်တဲ့+ ကတိတော်ကို ရရှိနိုင်ကြတယ်။ ခရစ်တော်ရဲ့ သေခြင်းက ပဋိညာဉ်ဟောင်းအောက်မှာ သူတို့ရှိနေတုန်းက လွန်ကျူးခဲ့တဲ့ အပြစ်ရဲ့အနှောင်အဖွဲ့ကနေ ရွေးနုတ်ပြီး+ လွတ်မြောက်စေတယ်။
၁၆ ဘုရားသခင်နဲ့ ပဋိညာဉ်ဖွဲ့ရင် ပဋိညာဉ်ဖွဲ့တဲ့လူက သေဆုံးဖို့ လိုတယ်။
၁၇ ပဋိညာဉ်ဖွဲ့တဲ့လူ သေဆုံးမှ ပဋိညာဉ် အတည်ဖြစ်မှာမို့လို့ပဲ။ ပဋိညာဉ်ဖွဲ့တဲ့လူ အသက်ရှင်နေသရွေ့ အတည်မဖြစ်နိုင်ဘူး။
၁၈ ဒါကြောင့် ပဋိညာဉ်ဟောင်းကို သွေးမပါဘဲ အတည်ပြုခဲ့တာ မဟုတ်ဘူး။
၁၉ မောရှေက ပညတ်တရားမှာပါတဲ့ ပညတ်ချက်တွေအကြောင်း လူတွေကို ပြောပြပြီးတဲ့နောက် နွားကလေးသွေး၊ ဆိတ်သွေး၊ ရေ၊ ကြက်သွေးရောင်သိုးမွေးနဲ့ ဟုဿုပ်ခက်ကို* ယူပြီး ပဋိညာဉ်ကျမ်းနဲ့ လူအားလုံးပေါ်မှာ ဖျန်းခဲ့တယ်။
၂၀ ပြီးတော့ “ဒီသွေးဟာ ခင်ဗျားတို့လိုက်နာဖို့ ဘုရားသခင် မိန့်မှာထားတဲ့ ပဋိညာဉ်နဲ့ ဆိုင်တဲ့ သွေးပဲ”+ လို့ပြောတယ်။
၂၁ မောရှေက တဲတော်ကိုရော ဘုရားသခင်အတွက် အမှုဆောင်ရာမှာသုံးတဲ့ ပစ္စည်းတွေကိုပါ သွေးနဲ့ ဖျန်းခဲ့တယ်။+
၂၂ ပညတ်တရားအရ အရာအားလုံး နီးပါးဟာ သွေးအားဖြင့်ပဲ စင်ကြယ်နိုင်တယ်။+ သွေးသွန်းလောင်းမှသာ အပြစ်တွေ ခွင့်လွှတ်ခံရမယ်။+
၂၃ ဒါကြောင့် ကောင်းကင်နဲ့ဆိုင်တဲ့အရာတွေကို ကိုယ်စားပြုတဲ့အရာတွေဟာ+ တိရစ္ဆာန်ပူဇော်သက္ကာတွေရဲ့ သွေးအားဖြင့် စင်ကြယ်စေဖို့ လိုအပ်တယ်။+ ဒါပေမဲ့ ကောင်းကင်နဲ့ဆိုင်တဲ့အရာတွေကိုတော့ တိရစ္ဆာန်ပူဇော်သက္ကာတွေထက် ပိုသာလွန်တဲ့ ပူဇော်သက္ကာတွေနဲ့ စင်ကြယ်စေရတယ်။
၂၄ ခရစ်တော်ဟာ စစ်မှန်တဲ့ အသန့်ရှင်းဆုံးအခန်းရဲ့ ပုံတူဖြစ်တဲ့+ လူတွေဆောက်တဲ့+ အသန့်ရှင်းဆုံးအခန်းထဲ ဝင်တာ မဟုတ်ဘူး။ ကောင်းကင်ကို တက်သွားတာ။+ အခုဆို ကျွန်တော်တို့အတွက် ဘုရားသခင့်ရှေ့မှာ သူ အသနားခံပေးနေတယ်။+
၂၅ ပုရောဟိတ်မင်းက မိမိသွေးမဟုတ်ဘဲ တိရစ္ဆာန်ရဲ့သွေးကို ယူပြီး အသန့်ရှင်းဆုံးအခန်းထဲ နှစ်စဉ် ဝင်ရတယ်။+ ခရစ်တော်ကတော့ အဲဒီလို အကြိမ်ကြိမ် ပူဇော်နေစရာ မလိုဘူး။
၂၆ အဲဒီလိုသာ ပူဇော်ရရင် ခရစ်တော်က လူ့လောကအစပြုချိန်* ကတည်းက အကြိမ်ကြိမ် အသေခံရတော့မှာပေါ့။ အခုတော့ မိမိကိုယ်ကို ပူဇော်ခြင်းအားဖြင့် အပြစ်တွေကို ဖယ်ရှားဖို့+ လောကစနစ်တွေရဲ့* နိဂုံးပိုင်းမှာ တစ်ကြိမ်တည်းအပြီး ပေါ်ထွန်းခဲ့ပြီ။
၂၇ လူတွေဟာ တစ်ကြိမ်တည်း သေဆုံးပြီးနောက် တရားစီရင်ခံရမှာ ဖြစ်သလိုပဲ၊
၂၈ ခရစ်တော်လည်း လူအများရဲ့ အပြစ်ကိုခံပြီး မိမိကိုယ်ကို တစ်ကြိမ်တည်းအပြီး ဆက်သခဲ့တယ်။+ ခရစ်တော် ဒုတိယအကြိမ် ပေါ်ထွန်းတာဟာ အပြစ်တွေကို ဖယ်ရှားဖို့ မဟုတ်ဘဲ မိမိကို ထက်ထက်သန်သန် စောင့်မျှော်နေသူတွေကို ကယ်တင်ဖို့ပါ။+