ဟေရှာယ ၁၄:၁-၃၂
၁၄ ယေဟောဝါက ယာကုပ်ကို ကရုဏာပြမယ်။+ အစ္စရေးကို ပြန်ရွေးချယ်မယ်။+ သူတို့ရဲ့နေရင်းပြည်မှာ နေထိုင်စေမယ်။+ တိုင်းတစ်ပါးသားတွေက သူတို့နဲ့ လာပူးပေါင်းမယ်။ ယာကုပ်အမျိုးနဲ့အတူ နေထိုင်လိမ့်မယ်။+
၂ လူမျိုးခြားတွေက အစ္စရေးတွေကို နေရင်းပြည်ဆီ ပြန်ခေါ်လာမယ်။ အဲဒီလူမျိုးခြားတွေဟာ ယေဟောဝါရဲ့ပြည်မှာ သူတို့ရဲ့ကျေးကျွန်တွေ ဖြစ်လာမယ်။+ အစ္စရေးတွေက မိမိတို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့သူတွေကို ပြန်ဖမ်းဆီးရလိမ့်မယ်။ တစ်ချိန်တုန်းက အတင်းအကျပ် ခိုင်းစေခဲ့သူတွေကို ပြန်အုပ်ချုပ်ရလိမ့်မယ်။
၃ ယေဟောဝါက မင်းတို့ ခံစားရတဲ့ ဝေဒနာတွေ၊ စိုးရိမ်သောကတွေကို သက်သာစေပြီး ဖိနှိပ်ခံကျွန်ဘဝကနေ လွတ်မြောက်စေတဲ့အခါ၊+
၄ ဗာဗုလုန်ဘုရင်ကို မင်းတို့ ကဲ့ရဲ့ပြောင်လှောင်ကြမှာက–
“သူများကို မတရားခိုင်းစေခဲ့သူ ဇာတ်သိမ်းသွားပြီကိုး။
ဖိနှိပ်မှုကလည်း အဆုံးတိုင်ပြီကိုး။+
၅ ယေဟောဝါဘုရားက လူဆိုးတွေရဲ့ ကြိမ်လုံးကို၊အုပ်စိုးရှင်တွေရဲ့ ရာဇလှံတံကို ချိုးပစ်လိုက်ပြီ။+
၆ သူတို့က လူတွေကို ဒေါသတကြီးနဲ့ တရစပ် ရိုက်နှက်ခဲ့တယ်။+
တခြားလူမျိုးတွေကို ဒေါသတကြီး နှိမ်နင်းပြီး မနားတမ်း နှိပ်စက်ခဲ့တယ်။+
၇ အခုမှပဲ မြေတစ်ပြင်လုံး ငြိမ်သက်အေးချမ်းပြီး အနှောင့်အယှက်တွေ ကင်းဝေးသွားတော့တယ်။
လူတွေလည်း ဝမ်းသာအားရ ကြွေးကြော်ကြတယ်။+
၈ မင်းရဲ့အဖြစ်ကို ကြည့်ပြီး ဂျူနီပါထင်းရှူးပင်တွေနဲ့လက်ဘနွန်က သစ်ကတိုးပင်တွေပါ ဝမ်းမြောက်ကြတယ်။
‘မင်းပြိုလဲသွားကတည်းကသစ်ခုတ်သမားတွေ ငါတို့ကို လာမခုတ်တော့ဘူး’ လို့ပြောကြတယ်။
၉ အောက်အရပ်မှာရှိတဲ့ သင်္ချိုင်းကတောင်ရောက်လာမယ့် မင်းကို ကြိုဆိုချင်လို့ လှုပ်လှုပ်ရွရွ ဖြစ်နေတယ်။
မင်းရောက်လာမယ်ဆိုလို့ အစွမ်းမရှိတော့တဲ့ လူသေတွေနဲ့ကမ္ဘာမြေပေါ်က ဖိနှိပ်တဲ့ ခေါင်းဆောင်တွေကို လှုပ်နှိုးတယ်။
လူမျိုးတို့ရဲ့ ဘုရင်တွေကိုလည်း ရာဇပလ္လင်ပေါ်ကနေ ထခိုင်းတယ်။
၁၀ သူတို့အားလုံးက‘မင်းလည်း ငါတို့လို အားနည်းသွားပြီကိုး။
ငါတို့လို ဖြစ်သွားပြီကိုး။
၁၁ မင်းရဲ့မာန်မာန၊ တူရိယာတီးမှုတ်သံတွေသင်္ချိုင်းကို ရောက်လာပြီ။+
လောက်ကောင်တွေပေါ်မှာ မင်းအိပ်စက်ရပြီ။
တီကောင်တွေကို ခြုံထားရပြီ’ လို့ မင်းကို ပြောကြတယ်။
၁၂ အို အရုဏ်ဦးရဲ့သား၊ တောက်ပတဲ့ကြယ်၊ကောင်းကင်ကနေ မင်းကြွေကျပြီပဲ။
တိုင်းနိုင်ငံတွေကို နှိမ်နင်းခဲ့တဲ့သူ၊မြေပေါ်ပြိုလဲတဲ့အထိ ခုတ်လှဲခံရပြီပဲ။+
၁၃ မင်းက ‘ကောင်းကင်ပေါ် ငါတက်မယ်။+
ဘုရားသခင်ရဲ့ ကြယ်တွေအထက်မှာ ငါ့ရာဇပလ္လင်ကို ထားမယ်။+
မြောက်ဘက်စွန်းမှာရှိတဲ့စည်းဝေးရာတောင်တန်းပေါ်မှာ ငါထိုင်မယ်။+
၁၄ မိုးတိမ်တွေရဲ့ အထက်ကို ငါတက်မယ်။
အမြင့်ဆုံးအရှင်လိုဖြစ်အောင် ငါလုပ်မယ်’ လို့ကြံစည်တယ်။
၁၅ ဒါပေမဲ့ မင်းက သင်္ချိုင်းရောက်တဲ့အထိ၊တွင်းရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ဆွဲချခံရမယ်။
၁၆ တွေ့တဲ့လူတိုင်းက မင်းကို စိုက်ကြည့်လိမ့်မယ်။
မင်းကို သေသေချာချာကြည့်ပြီး‘ကမ္ဘာမြေကို လှုပ်ခါခဲ့တာ၊တိုင်းနိုင်ငံတွေကို တုန်လှုပ်စေခဲ့တာ ဒီလူလား။+
၁၇ လူနေထိုင်ရာ ကမ္ဘာမြေကို တောကန္တာရလိုဖြစ်အောင် လုပ်ခဲ့တာ၊မြို့တွေကို ဖျက်ဆီးခဲ့တာ၊+အကျဉ်းသားတွေကို အိမ်ပြန်ခွင့်မပေးတာ ဒီလူလား’ လို့ပြောလိမ့်မယ်။+
၁၈ လူမျိုးခြားတို့ရဲ့ ဘုရင်တွေကသင်္ချိုင်းဂူတွေမှာဂုဏ်ကျက်သရေရှိရှိ သင်္ဂြိုဟ်ခံရတယ်။
၁၉ မင်းမှာတော့ သင်္ချိုင်းဂူတောင် မရှိဘူး။
ရွံစရာသစ်ကိုင်းလို လွှင့်ပစ်ခံရတယ်။
ဓားထိုးခံရသူတွေ၊ ကျောက်တွင်းထဲ ပစ်ချခံရသူတွေနဲ့ဖုံးလွှမ်းသွားတယ်။
အနင်းခံရတဲ့ အသေကောင်လို ဖြစ်သွားတယ်။
၂၀ မင်းက ကိုယ့်နေရင်းပြည်ကို ဖျက်ဆီးပြီးကိုယ့်လူမျိုးကို သတ်ခဲ့တဲ့အတွက်ဘုရင်တွေနဲ့အတူ သင်္ချိုင်းဂူမှာ သင်္ဂြိုဟ်ခံရမှာ မဟုတ်ဘူး။
လူယုတ်မာရဲ့ သားမြေးတွေဟာ နာမည်တွင်ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး။
၂၁ ဘိုးဘေးတွေရဲ့ အပြစ်အတွက်သားမြေးတွေကို ကွပ်မျက်ဖို့ အသင့်ပြင်ကြ။
အသင့်မပြင်ရင် သူတို့ ပြန်ဦးမော့လာပြီး ကမ္ဘာကြီးကို သိမ်းပိုက်မယ်။
တစ်တိုင်းပြည်လုံးကို သူတို့ရဲ့ မြို့တွေချည်းပဲ ဖြစ်စေလိမ့်မယ်။”
၂၂ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက “သူတို့ကိုတိုက်ဖို့ ငါထမယ်” လို့ ပြောတယ်။+
“ဗာဗုလုန်ရဲ့ နာမည်၊ ကျန်ကြွင်းသူ၊ သားမြေး၊ နောင်လာနောက်သား အားလုံးကို ငါပယ်ရှင်းမယ်”+ လို့ ယေဟောဝါပြောတယ်။
၂၃ “ဗာဗုလုန်ကို ရွှံ့နွံတော၊ ဖြူကောင်တွေ ကျက်စားတဲ့နေရာ ဖြစ်စေမယ်။ ဖျက်ဆီးခြင်း တံမြက်စည်းနဲ့ သူ့ကိုလှည်းကျင်းပစ်မယ်”+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၂၄ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက“ငါရည်ရွယ်ထားတဲ့အတိုင်း ဖြစ်လာမယ်။
ငါဆုံးဖြတ်ထားတဲ့အတိုင်း ပြည့်စုံလာမယ်။
၂၅ အဆီးရီးယားကို ငါ့တိုင်းပြည်မှာ နင်းခြေမယ်။
ငါ့တောင်တန်းတွေပေါ်မှာ ချေမှုန်းမယ်။+
ငါ့လူမျိုးပေါ် သူတင်ထားတဲ့ ထမ်းပိုးကို ဖယ်ရှားမယ်။
သူတို့ပခုံးပေါ် သူတင်ထားတဲ့ ဝန်ထုပ်ကိုလည်း ဖယ်ရှားမယ်”+ လို့ကျိန်ဆိုတယ်။
၂၆ ဒါဟာ မြေတစ်ပြင်လုံးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ပဲ။
လူမျိုးအားလုံးအပေါ် ဆန့်တန်းထားတဲ့လက်ပဲ။
၂၇ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ဆုံးဖြတ်လိုက်ပြီ။
ပျက်ပြားသွားအောင် ဘယ်သူလုပ်နိုင်မှာလဲ။+
လက်ကို ဆန့်တန်းလိုက်ပြီ။
ပြန်ရုပ်သွားအောင် ဘယ်သူလုပ်နိုင်မှာလဲ။+
၂၈ အာခတ်မင်း ကွယ်လွန်တဲ့နှစ်မှာ+ ဒီသတင်းစကားကို ဘုရားသခင် ထုတ်ပြန်ခဲ့တယ်–
၂၉ “ဖိလိတိ၊ မင်းကိုရိုက်တဲ့သူရဲ့တုတ် ကျိုးသွားလို့ဝမ်းသာမနေနဲ့။
မြွေရဲ့အမျိုးကနေ+ အဆိပ်ပြင်းတဲ့မြွေ ဆင်းသက်လာမယ်။+
သူ့မျိုးဆက်ဟာ ပျံတတ်တဲ့ မီးမြွေ ဖြစ်လိမ့်မယ်။
၃၀ နိမ့်ကျသူတွေရဲ့ သားဦးက စားသောက်ရလိမ့်မယ်။
ဆင်းရဲသားတွေ ဘေးကင်းလုံခြုံစွာ အိပ်စက်ရလိမ့်မယ်။
အဲဒီအချိန်မှာ မင်းရဲ့အမျိုးကို အငတ်ဘေးနဲ့ ငါသေဆုံးစေမယ်။
ကျန်ရစ်သူတွေလည်း အသတ်ခံရမယ်။+
၃၁ မြို့တံခါး၊ ငိုကြွေးပါ။ မြို့တော်၊ အော်ဟစ်ပါ။
ဖိလိတိ၊ မြောက်ဘက်ကနေ မီးခိုးတွေတက်လာပြီ။
ရန်သူ့တပ်ဟာ တကွဲတပြားမဖြစ်ဘဲ ချီတက်လာနေပြီ။
ဒါကြောင့် မင်းရဲ့လူအားလုံး စိတ်အားလျော့ကုန်ပြီ။”
၃၂ တခြားနိုင်ငံက ရောက်လာတဲ့ စေတမန်တွေကို ဘယ်လို ပြန်ပြောရမလဲ။
ဇိအုန်ရဲ့အုတ်မြစ်ကို ယေဟောဝါ တည်ထားပြီဆိုတော့+
လူမျိုးတော်ထဲက နိမ့်ကျသူတွေ ဇိအုန်မှာ ခိုလှုံလိမ့်မယ်လို့ ပြန်ပြောကြလိမ့်မယ်။