ဟေရှာယ ၁၉:၁-၂၅
၁၉ အီဂျစ်နဲ့ပတ်သက်တဲ့ တရားစီရင်ချက်–+
ကြည့်ပါ။ ယေဟောဝါက မိုးတိမ်ကိုစီးပြီး အီဂျစ်ပြည်ကို အမြန်ဆုံး လာနေပြီ။
အီဂျစ်ရဲ့ အသုံးမဝင်တဲ့ ဘုရားတွေဟာ ရှေ့တော်မှာ ဖိမ့်ဖိမ့်တုန်နေမယ်။+
အီဂျစ်ရဲ့သတ္တိတွေ အရည်ပျော်သွားမယ်။
၂ “အီဂျစ်လူတွေ အချင်းချင်း တိုက်ခိုက်အောင် ငါဆွပေးမယ်။
အချင်းချင်း တိုက်ခိုက်ကြမယ်။
ညီအစ်ကို အချင်းချင်း၊ အပေါင်းအဖော် အချင်းချင်း၊တစ်မြို့နဲ့ တစ်မြို့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြမယ်။
၃ အီဂျစ်လူတွေ စိတ်ရှုပ်ထွေးသွားမယ်။
သူတို့ရဲ့ အစီအစဉ်တွေကို ငါရှုပ်ထွေးစေမယ်။+
အသုံးမဝင်တဲ့ ဘုရားတွေ၊ မှော်ဆရာတွေ၊နတ်ကတော်တွေ၊ ဗေဒင်ဆရာတွေကို သူတို့ အားကိုးကြလိမ့်မယ်။+
၄ ခက်ထန်တဲ့ သခင်လက်ထဲ အီဂျစ်ကို ငါအပ်မယ်။
သူတို့ကို ရက်စက်တဲ့ဘုရင် အုပ်စိုးလိမ့်မယ်”+ လို့ စစ်မှန်တဲ့သခင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၅ ပင်လယ်ရေ ခန်းခြောက်မယ်။
မြစ်လည်း ခြောက်သွေ့ ပြီး ခန်းသွားမယ်။+
၆ အီဂျစ်ပြည်ရဲ့ မြစ်တွေ ပုပ်စော်နံလိမ့်မယ်။
နိုင်းမြစ်ရဲ့ တူးမြောင်းတွေ ရေခန်းပြီး ခြောက်သွေ့မယ်။
ကျူပင်၊ ကိုင်းပင်တွေ ဆွေးမြည့်သွားမယ်။+
၇ နိုင်းမြစ်ဝနဲ့ မြစ်တစ်လျှောက်မှာရှိတဲ့ အပင်တွေ၊နိုင်းမြစ်တစ်လျှောက်မှာရှိတဲ့ စိုက်ခင်းတွေ+ ခြောက်သွေ့မယ်။+
လေထဲလွင့်ပါပြီး ပျောက်ကွယ်သွားမယ်။
၈ တံငါသည်တွေ ညည်းတွားငိုကြွေးရလိမ့်မယ်။
နိုင်းမြစ်ထဲ ငါးမျှားချိတ်ချတဲ့ သူတွေ ငိုကြွေးမြည်တမ်း ရလိမ့်မယ်။
ရေပြင်ပေါ် ပိုက်ကွန်ချသူတွေ တဖြည်းဖြည်း နည်းသွားမယ်။
၉ ပိုက်ဆန်လျှော်တွေကို ဖြီးသင်တဲ့ လုပ်သားတွေ၊+အဖြူရောင်အထည်ကို ရက်လုပ်သူတွေ အရှက်ကွဲရလိမ့်မယ်။
၁၀ ရက်ကန်းသမားတွေ ကြေကွဲရလိမ့်မယ်။
စာရင်းငှားတွေလည်း ပူဆွေးရလိမ့်မယ်။
၁၁ ဇောနမြို့ရဲ့+ မင်းညီမင်းသားတွေဟာ မိုက်မဲတယ်။
ဖာရောရဲ့ ပညာအရှိဆုံး အတိုင်ပင်ခံတွေက ယုတ္တိမရှိတဲ့ အကြံကို ပေးကြတယ်။+
“ကျွန်တော်ဟာ ပညာရှိတွေရဲ့ မျိုးဆက်ပါ။
ခေတ်အဆက်ဆက် ရှိခဲ့တဲ့ မင်းမျိုးမင်းနွယ်ပါ” လို့ဖာရောကို ဘယ်လိုလုပ် ပြောရဲကြတာလဲ။
၁၂ အို ဖာရော၊ မင်းရဲ့ပညာရှိတွေ ဘယ်ရောက်ကုန်ပြီလဲ။+
အီဂျစ်နဲ့ပတ်သက်ပြီး ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ဆုံးဖြတ်ထားတာကို သူတို့သိရင် မင်းကို ပြောပြကြပါစေ။
၁၃ ဇောနမြို့ရဲ့ မှူးမတ်တွေ မိုက်မိုက်မဲမဲပြုမူကြပြီ။
နောဖမြို့ရဲ့*+ မှူးမတ်တွေလည်း လှည့်စားခံရပြီ။
အီဂျစ်မျိုးနွယ်စု ခေါင်းဆောင်တွေဟာ အီဂျစ်လူတွေကို လမ်းလွဲစေကြပြီ။
၁၄ ယေဟောဝါက အီဂျစ်လူတွေကို စိတ်ရှုပ်ထွေးစေတယ်။+
အန်ဖတ်ပေါ်မှာ သိုင်းကွက်နင်းနေတဲ့ အမူးသမားလိုအဲဒီခေါင်းဆောင်တွေက အီဂျစ်လူတွေကို လုပ်လေသမျှမှာ လမ်းလွဲစေတယ်။
၁၅ အီဂျစ်တွေဟာ ခေါင်းအတွက်ဖြစ်စေ၊ အမြီးအတွက်ဖြစ်စေ၊ အညွန့်အတွက်ဖြစ်စေ၊ ကိုင်းပင်အတွက်ဖြစ်စေ*
ဘာမှလုပ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူး။
၁၆ အဲဒီအချိန်ကျရင် အီဂျစ်တွေဟာ မိန်းမလို ဖြစ်နေမယ်။ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက လက်သီးလက်မောင်း တန်းထားတဲ့အတွက် သူတို့ ကြောက်လွန်းလို့ ဖိမ့်ဖိမ့်တုန်နေမယ်။+
၁၇ ယုဒပြည်ဟာ အီဂျစ်တွေအတွက် ထိတ်လန့်စရာ ဖြစ်လိမ့်မယ်။ အီဂျစ်ကိုတိုက်ဖို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ဆုံးဖြတ်ထားတဲ့အတွက် ယုဒပြည်အကြောင်း ကြားရုံနဲ့ ကြောက်လန့်ကြလိမ့်မယ်။+
၁၈ အဲဒီအချိန်ကျရင် အီဂျစ်ပြည်မှာ ခါနန်စကား* ပြောတဲ့မြို့၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကို သစ္စာစောင့်သိမယ်လို့ ကျိန်ဆိုတဲ့မြို့ ၅ မြို့ ရှိလိမ့်မယ်။+ အဲဒီထဲက တစ်မြို့ကို ဖြိုဖျက်ရာမြို့လို့ ခေါ်ကြလိမ့်မယ်။
၁၉ အဲဒီအချိန်ကျရင် အီဂျစ်ပြည်အလယ်မှာ ယေဟောဝါအတွက် ပူဇော်ရာပလ္လင်တစ်ခု၊ နယ်စပ်မှာ ယေဟောဝါကို ဂုဏ်ပြုတဲ့ ကျောက်တိုင်တစ်ခု ရှိလိမ့်မယ်။
၂၀ အဲဒါတွေဟာ အီဂျစ်ပြည်မှာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါနဲ့ဆိုင်တဲ့ အမှတ်အသားနဲ့ သက်သေဖြစ်လိမ့်မယ်။ ဖိနှိပ်သူတွေကြောင့် ယေဟောဝါဆီ အော်ဟစ်အကူအညီ တောင်းကြတဲ့အခါ ဘုရားသခင်က မြင့်မြတ်တဲ့ ကယ်တင်ရှင်တစ်ဦးကို စေလွှတ်မယ်။
၂၁ ယေဟောဝါက မိမိကို အီဂျစ်တွေသိလာအောင် လုပ်လိမ့်မယ်။ အဲဒီအခါ အီဂျစ်တွေလည်း ယေဟောဝါကို သိလာမယ်။ ပူဇော်သက္ကာတွေ၊ လက်ဆောင်တွေ ဆက်သလိမ့်မယ်။ ယေဟောဝါဆီ သစ္စာကတိပြုပြီး အဲဒီအတိုင်း လုပ်ဆောင်လိမ့်မယ်။
၂၂ ယေဟောဝါက အီဂျစ်လူတွေကို ဒဏ်ခတ်မယ်။+ အဲဒီနောက် ကုသပေးမယ်။ ယေဟောဝါဆီ ပြန်လာတဲ့အတွက် သူတို့အသနားခံတာကို တုံ့ပြန်ပြီး ကုသပေးမယ်။
၂၃ အဲဒီအချိန်ကျရင် အီဂျစ်ပြည်ကနေ အဆီးရီးယားပြည်ကိုသွားတဲ့ လမ်းမကြီးရှိမယ်။+ အဆီးရီးယားတွေ အီဂျစ်ပြည်ကို လာလိမ့်မယ်။ အီဂျစ်တွေလည်း အဆီးရီးယားပြည်ကို သွားလိမ့်မယ်။ အီဂျစ်တွေဟာ အဆီးရီးယားတွေနဲ့အတူ ဘုရားသခင်ကို ဝတ်ပြုလိမ့်မယ်။
၂၄ အဲဒီအချိန်ကျရင် အစ္စရေးက အီဂျစ်၊ အဆီးရီးယားနဲ့ ပူးပေါင်းပြီး တတိယအဖွဲ့ဝင် ဖြစ်လာမယ်။+ ကမ္ဘာမြေအတွက် ကောင်းချီးဖြစ်လာမယ်။
၂၅ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက “ငါ့လူမျိုး အီဂျစ်၊ ငါ့လက်ရာ အဆီးရီးယားနဲ့ ငါ့အမွေ အစ္စရေး ကောင်းချီးခံစားရပါစေ” လို့ပြောပြီး သူတို့ကို ကောင်းချီးပေးမှာဖြစ်လို့ပဲ။+