ဟေရှာယ ၂၈:၁-၂၉
၂၈ ဧဖရိမ်ပြည်က+ ယစ်ထုတ်တွေရဲ့ မာနသရဖူဟာ* အဖြစ်ဆိုးလိုက်တာ။
ဝိုင်မူးသူတွေရဲ့ မြေသြဇာကောင်းတဲ့ ချိုင့်ဝှမ်းထိပ်ကလှပတဲ့ပန်းဦးရစ် ညှိုးနွမ်းတော့မယ်။
၂ ယေဟောဝါက သန်မာပြီး ခွန်အားကြီးတဲ့သူကို စေလွှတ်မယ်။
သူက အဲဒါတွေကို မိုးသီးမုန်တိုင်းလို၊ ဖျက်ဆီးတတ်တဲ့ မုန်တိုင်းလို၊ရေလုံးကြီးတွေပါတဲ့ မိုးကြိုးမုန်တိုင်းလိုမြေကြီးပေါ်ကို အရှိန်နဲ့ ပစ်ချမယ်။
၃ ဧဖရိမ်ပြည်က ယစ်ထုတ်တွေရဲ့ မာနသရဖူတွေဟာနင်းခြေခံရမယ်။+
၄ မြေသြဇာကောင်းတဲ့ ချိုင့်ဝှမ်းထိပ်က လှပတဲ့ပန်းဦးရစ်ဟာ ညှိုးနွမ်းသွားမယ်။
နွေရာသီမတိုင်ခင် သီးတဲ့သဖန်းသီးလို ဖြစ်လိမ့်မယ်။
တစ်ယောက်ယောက်က အဲဒီအသီးကို တွေ့တဲ့အခါချက်ချင်း ခူးစားတတ်တယ်။
၅ အဲဒီအချိန်ကျရင် ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဟာ လူမျိုးတော်ထဲက ကျန်ကြွင်းသူတွေအတွက်+ ကျက်သရေရှိတဲ့သရဖူ၊ လှပတဲ့ပန်းဦးရစ် ဖြစ်လာမယ်။
၆ ဘုရားက တရားစီရင်ဖို့ထိုင်တဲ့သူကို တရားမျှတတဲ့စိတ် ပေးသနားမယ်။ မြို့တံခါးမှာ ရန်သူကို တိုက်ထုတ်တဲ့သူတွေကို ရဲစွမ်းသတ္တိ ပေးသနားမယ်။+
၇ ပုရောဟိတ်တွေ၊ ပရောဖက်တွေဟာ စပျစ်ဝိုင်ကြောင့် လမ်းလွဲနေတယ်။
အရက်ယမကာကြောင့် ယိုင်တီးယိုင်တိုင် ဖြစ်နေတယ်။
အရက်ကြောင့် လမ်းလွဲနေတယ်။
စပျစ်ဝိုင်ကြောင့် စိတ်ထွေနေတယ်။
အရက်သောက်ပြီး ဒယိမ်းဒယိုင် ဖြစ်နေတယ်။
စိတ်အာရုံတွေကြောင့် လမ်းလွဲပြီးမမှန်မကန် တရားစီရင်နေကြတယ်။+
၈ သူတို့စားပွဲပေါ်မှာ နေရာလပ်မကျန်အောင်ရွံစရာအန်ဖတ်တွေ ပြည့်နေတယ်။
၉ သူတို့က “ဘယ်သူ့ကို အသိပညာပေးမှာလဲ။
ဘယ်သူ့ကို နားလည်အောင် ရှင်းပြမှာလဲ။
ငါတို့က နို့ပြတ်ခါစကလေးတွေ၊နို့ကွာခါစကလေးတွေ မို့လို့လား။
၁၀ ‘ပညတ် တစ်ခုပြီးတစ်ခု၊ ပညတ် တစ်ခုပြီးတစ်ခု၊စည်းမျဉ်း* တစ်ခုပြီးတစ်ခု၊ စည်းမျဉ်း တစ်ခုပြီးတစ်ခု၊+ဒီလိုလုပ်ပါလား၊ ဟိုလိုလုပ်ပါလား’ ဆိုပြီး တစ်ချိန်လုံး သူလာပြောနေတယ်” လို့ပြောကြတယ်။
၁၁ ဒါကြောင့် စကားထစ်သူတွေ၊ တိုင်းတစ်ပါးစကား ပြောသူတွေကတစ်ဆင့် ဒီလူမျိုးကို ဘုရားပြောလိမ့်မယ်။+
၁၂ “ဒါဟာ ခိုနားတဲ့နေရာပဲ။ ပင်ပန်းနွမ်းနယ်သူ အနားယူပါစေ။ ဒီနေရာဟာ လန်းဆန်းစေတဲ့နေရာပဲ” လို့ ဘုရားပြောခဲ့ပေမဲ့ သူတို့ နားမထောင်ကြဘူး။+
၁၃ ဒါကြောင့် ယေဟောဝါရဲ့စကားက သူတို့အတွက်“ပညတ် တစ်ခုပြီးတစ်ခု၊ ပညတ် တစ်ခုပြီးတစ်ခု၊စည်းမျဉ်း တစ်ခုပြီးတစ်ခု၊ စည်းမျဉ်း တစ်ခုပြီးတစ်ခု၊+ဒီလိုလုပ်ပါလား၊ ဟိုလိုလုပ်ပါလား” ဆိုတာမျိုး ဖြစ်နေတယ်။
ဒါကြောင့် သူတို့ လမ်းလျှောက်တဲ့အခါခလုတ်တိုက်ပြီး နောက်ပြန်လှန်ကျသွားမယ်။
သူတို့ ကျိုးပဲ့သွားမယ်။ ထောင်ချောက်မိမယ်။ အဖမ်းခံရမယ်။+
၁၄ ကြွားဝါသူတို့၊ ဂျေရုဆလင်မြို့ရဲ့ အုပ်စိုးရှင်တို့၊ယေဟောဝါ ပြောတာကို နားထောင်ကြ။
၁၅ “ငါတို့က သေမင်းနဲ့ မဟာမိတ် ဖွဲ့ပြီးပြီ။
သင်္ချိုင်းနဲ့ သဘောတူညီမှု ရပြီးပြီ။*+
ရုတ်တရက် ရေလွှမ်းမိုးတဲ့အခါ
ငါတို့ဆီရောက်လာမှာ မဟုတ်ဘူး။
ငါတို့က မုသာကို ခိုလှုံပြီးလိမ်လည်မှုရဲ့ နောက်ကွယ်မှာ ပုန်းခိုနေတာ”+ ဆိုပြီးမင်းတို့ပြောတယ်။
၁၆ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–
“စမ်းသပ်မယ့်ကျောက်၊+ မြဲမြံတဲ့အုတ်မြစ်ပေါ်က+ အဖိုးတန် ထောင့်ချုပ်ကျောက်ကို+ဇိအုန်မှာ ငါအုတ်မြစ်ချထားတယ်။
အဲဒီကျောက်ကို ယုံကြည်တဲ့သူဟာ ထိတ်ထိတ်ပျာပျာ ဖြစ်ရမှာ မဟုတ်ဘူး။+
၁၇ ငါက တရားမျှတမှုကို တိုင်းကြိုးအဖြစ် သုံးမယ်။+
ဖြောင့်မတ်မှုကို ရေချိန်* အဖြစ် သုံးမယ်။+
မုသာဆိုတဲ့ ခိုလှုံရာကို မိုးသီးက တိုက်ချသွားမယ်။
ပုန်းခိုရာကိုလည်း ရေလွှမ်းမိုးသွားမယ်။
၁၈ သေမင်းနဲ့ မဟာမိတ်ဖွဲ့ထားတာတွေ ပျက်သွားမယ်။
သင်္ချိုင်းနဲ့ သဘောတူညီမှု ယူထားတာလည်း တည်မြဲမှာမဟုတ်ဘူး။+
ရုတ်တရက် ရေလွှမ်းမိုးတဲ့အခါမင်းတို့ ပျက်စီးလိမ့်မယ်။
၁၉ ရေက မနက်တိုင်း၊နေ့ရောညပါ လွှမ်းမိုးမှာဖြစ်လို့
ရေလွှမ်းမိုးတဲ့အခါတိုင်း မင်းတို့ကို တိုက်ချလိမ့်မယ်။+
ဒီသတင်း ကြားရရုံနဲ့တင်လူတွေ တုန်လှုပ်မယ်။”*
၂၀ ခုတင်က တိုလွန်းတော့ ခြေဆန့်လို့ မရဘူး။
ရက်စောင်က သေးလွန်းတော့ လုံအောင်ခြုံလို့ မရဘူး။
၂၁ ယေဟောဝါက ပေရဇိမ်တောင်ပေါ်မှာတုန်းကလို ထလိမ့်မယ်။
ဂိဗောင်မြို့နားက ချိုင့်ဝှမ်း လွင်ပြင်မှာတုန်းကလို မတ်တတ်ရပ်မယ်။+
ထူးဆန်းတဲ့အမှု ပြုလုပ်မယ်၊ထူးခြားတဲ့အရာ လုပ်ဆောင်မယ်။+
၂၂ အခု မလှောင်ကြနဲ့တော့။+
လှောင်ရင် ချည်နှောင်ထားတဲ့ကြိုးတွေ ပိုတင်းကျပ်လာမယ်။
အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက တစ်ပြည်လုံးကို အစတုံးဖျက်ဆီးဖို့
ဆုံးဖြတ်ထားတယ်လို့ ငါကြားတယ်။+
၂၃ နားစိုက်ကြ။ ငါပြောတာကို နားထောင်ကြ။
ငါပြောတာကို အာရုံစိုက် နားထောင်ကြ။
၂၄ လယ်ထွန်တဲ့သူက မျိုးစေ့မကြဲဘဲ တစ်ချိန်လုံး လယ်ထွန်နေပါ့မလား။
တစ်ချိန်လုံး ထယ်ထိုးပြီး မြေမွအောင် လုပ်နေပါ့မလား။+
၂၅ မြေကိုညှိပြီးတဲ့နောက်စမုန်နက်နဲ့ ဇီရာကို ကြဲတယ်မဟုတ်လား။
ဂျုံ၊ ဆပ်၊ မုယောကို သူ့နေရာနဲ့သူစိုက်ပြီးဂျုံကြမ်းမျိုးကိုတော့+ လယ်ထောင့်ပတ်လည်မှာ စိုက်တယ်မဟုတ်လား။
၂၆ ဘုရားသခင်က သူ့ကို နည်းမှန်လမ်းကျ ဆုံးမသွန်သင်တယ်။
သူကိုးကွယ်တဲ့ဘုရားက ညွှန်ကြားပေးတယ်။+
၂၇ စမုန်နက်ကို ကောက်နယ်ပြားနဲ့ မကြိတ်ဘူး။+
ဇီရာကို လှည်းဘီးနဲ့ မနင်းဘူး။
အဲဒီအစား စမုန်နက်ကို တုတ်နဲ့၊ဇီရာကို တုတ်ချောင်းနဲ့ပဲ ရိုက်ခြွေလေ့ရှိတယ်။
၂၈ မုန့်လုပ်ဖို့ ကောက်နှံကို ကြိတ်ခြေပစ်သလား။
မခြေပစ်ဘူး။ ကောက်နှံကို တရစပ် မနင်းနယ်ဘူး။+
မြင်းတွေဆွဲတဲ့ လှည်းမှာ ဒလိမ့်တုံးတပ်ပြီး နင်းနယ်တာမှန်ပေမဲ့
ညက်ညက်ကြေအောင် မခြေပစ်ဘူး။+
၂၉ အဲဒီလိုပဲ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဆီကလာတဲ့
အကြံအစည်တွေကလည်း သိပ်ကောင်းတယ်၊လုပ်ဆောင်မှုတွေကလည်း အောင်မြင်တယ်။+