ဟေရှာယ ၂၉:၁-၂၄
၂၉ “အေရေလမြို့၊* ဒါဝိဒ် စခန်းချခဲ့တဲ့+ အေရေလမြို့ဟာအဖြစ်ဆိုးကြုံရမယ်။
နှစ်စဉ်နှစ်တိုင်း ပွဲတော် တစ်ပွဲပြီးတစ်ပွဲ+ ကျင်းပကြပါ။
၂ ဒါပေမဲ့ အေရေလမြို့ ဒုက္ခရောက်အောင် ငါလုပ်မယ်။+
အဲဒီမှာ ညည်းတွားငိုကြွေးကြလိမ့်မယ်၊ မြည်တမ်းကြလိမ့်မယ်။+
အဲဒီမြို့ဟာ ငါ့အတွက်တော့ ပူဇော်ရာပလ္လင်မီးဖိုလို ဖြစ်မယ်။+
၃ မင်းရဲ့ပတ်လည်မှာ ငါတပ်ချမယ်။
တုတ်ချွန်တံတိုင်းနဲ့ ဝိုင်းထားမယ်။
ထိုးစစ်တံတိုင်းတွေ တည်ဆောက်မယ်။+
၄ မင်း ဖြိုချခံရမယ်။
မြေကြီးထဲကနေ စကားပြောလိမ့်မယ်။
ဖုန်မှုန့်တွေကြောင့် စကားသံ မပီမသဖြစ်နေမယ်။
မင်းရဲ့အသံဟာ နတ်ကတော်ရဲ့အသံလိုမျိုး
မြေကြီးထဲကနေ ထွက်လာမယ်။+
ဖုန်မှုန့်ထဲကနေ တစာစာ ပြောနေလိမ့်မယ်။
၅ မင်းရဲ့ ရန်သူအလုံးအရင်းဟာ ဖုန်မှုန့်လို ညက်ညက်ကြေသွားမယ်။+
အာဏာရှင်တွေလည်း ဖွဲလို လွင့်သွားမယ်။+
တစ်ခဏချင်းမှာ အဲဒီလို ရုတ်တရက် ဖြစ်သွားလိမ့်မယ်။+
၆ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက မိုးကြိုး၊ ငလျင်၊ အသံဗလံကြီး၊လေပြင်း၊ မိုးသက်မုန်တိုင်း၊ ကျွမ်းလောင်တတ်တဲ့ မီးလျှံတွေကို သုံးပြီးမင်းကို အာရုံစိုက်မယ်။”+
၇ အဲဒီအခါအေရေလမြို့ကို စစ်ဆင်နွှဲတဲ့သူ၊+သူ့ကိုတိုက်ဖို့ ခံတပ်ဖြိုမျှော်စင်ဆောက်တဲ့သူ၊သူ့ကို ဒုက္ခရောက်စေတဲ့သူ
လူမျိုးခြားအလုံးအရင်းဟာအိပ်မက်လို၊ ညမှာမြင်ရတဲ့ စိတ်အာရုံလို ဖြစ်သွားမယ်။
၈ ဗိုက်ဆာတဲ့သူဟာ အိပ်မက်ထဲမှာ စားနေတယ်လို့ မက်ပေမဲ့
နိုးလာတဲ့အခါဗိုက်ဆာသလို၊ရေငတ်တဲ့သူက အိပ်မက်ထဲမှာ ရေသောက်နေတယ်လို့ မက်ပေမဲ့
နိုးလာတဲ့အခါမောပန်းပြီး ရေဆာသလိုဇိအုန်တောင်ကို စစ်ဆင်နွှဲနေတဲ့ လူမျိုးခြား အလုံးအရင်းကလည်း အဲဒီအတိုင်း ကြုံရလိမ့်မယ်။+
၉ အံ့သြတကြီးဖြစ်ပြီး မှင်တက်နေကြပါ။+
မျက်စိပိတ်ပြီး ကန်းနေကြပါ။+
သူတို့က စပျစ်ဝိုင် မသောက်ဘဲ မူးနေတယ်။
အရက်မသောက်ဘဲ ဒယိမ်းဒယိုင် ဖြစ်နေတယ်။
၁၀ ယေဟောဝါက မင်းရဲ့စိတ်ကို အိပ်မောကျစေတယ်။+
ပရောဖက်တွေဖြစ်တဲ့ မင်းရဲ့ မျက်စိတွေကို ပိတ်ပစ်တယ်။+
စိတ်အာရုံမြင်သူတွေဖြစ်တဲ့ မင်းရဲ့ဦးခေါင်းတွေကို ဖုံးအုပ်ပစ်တယ်။+
၁၁ စိတ်အာရုံမှန်သမျှဟာ မင်းအတွက် ချိပ်ပိတ်ထားတဲ့ စာစောင်ထဲက စာတွေလိုပဲ။+ စာတတ်တဲ့သူကို “ဒီစာကို ကျယ်ကျယ်လေး ဖတ်ပြပါလား” လို့ပြောတဲ့အခါ “ချိပ်ပိတ်ထားတော့ ဖတ်လို့မရဘူး” လို့ဖြေလိမ့်မယ်။
၁၂ စာမတတ်တဲ့သူကို “ဒီစာ ဖတ်ပြပါလား” လို့ပြောတော့လည်း “ကျွန်တော် စာမတတ်ဘူး” လို့ဖြေလိမ့်မယ်။
၁၃ ယေဟောဝါက “ဒီလူမျိုးဟာ အပြောနဲ့ပဲ ငါ့ဆီ လာကြတယ်။
နှုတ်နဲ့ပဲ ငါ့ကို ရိုသေကြတယ်။+
သူတို့ရဲ့စိတ်ကတော့ ငါနဲ့ဝေးလှတယ်။
ငါ့ကို ကြောက်ရွံ့ရိုသေကြတာကလည်း အလွတ်ကျက်မှတ်ထားတဲ့ လူ့ထုံးတမ်းစဉ်လာတွေကြောင့်ပဲ။+
၁၄ ဒါကြောင့် ဒီလူမျိုးကို ထူးဆန်းတာတွေ ငါလုပ်ပြဦးမယ်။+
အံ့ဖွယ်အမှု တစ်ခုပြီးတစ်ခု လုပ်ပြဦးမယ်။
ပညာရှိတွေရဲ့ ဉာဏ်ပညာဟာ ပျက်စီးသွားမယ်။
သတိပညာရှိသူတွေရဲ့ သိနားလည်နိုင်စွမ်းလည်း တိမ်မြှုပ်သွားမယ်”+ လို့ပြောတယ်။
၁၅ ကိုယ့်အကြံအစည်တွေကို ယေဟောဝါ မမြင်နိုင်အောင် အစွမ်းကုန် ဖုံးကွယ်ထားတဲ့သူတွေအဖြစ်ဆိုးကြုံရမယ်။+
အမှောင်ထဲမှာ ပုန်းလျှိုးကွယ်လျှိုး လုပ်ဆောင်ပြီး“ဘယ်သူမြင်တာ မှတ်လို့။ ဘယ်သူသိတာ မှတ်လို့”+ ဆိုပြီး သူတို့ပြောကြတယ်။
၁၆ ကလိမ်ကကျစ် နိုင်လိုက်ကြတာ။
အိုးထိန်းသမားကို အိုးမြေနဲ့ တစ်တန်းတစ်စားတည်း ယူမှတ်သင့်သလား။+
ဖန်တီးခံရတဲ့လက်ရာက ဖန်တီးတဲ့သူကို“ငါ့ကို သူဖန်တီးတာ မဟုတ်ဘူး”+ လို့ပြောသင့်သလား။
ပုံသွင်းခံရတဲ့အရာက ပုံသွင်းတဲ့သူကို“ဘာမှလည်း မသိဘဲနဲ့” လို့ပြောသင့်သလား။+
၁၇ တစ်ခဏအတွင်းမှာ လက်ဘနွန်ဟာ သစ်သီးခြံဖြစ်သွားမယ်။+
သစ်သီးခြံကလည်း သစ်တောလို ဖြစ်သွားမယ်။+
၁၈ အဲဒီအချိန်ကျရင် နားမကြားသူတွေက စာစောင်ထဲက စကားတွေကို ကြားရလိမ့်မယ်။
မျက်မမြင်တွေကလည်း မှောင်မိုက်နဲ့ အမှောင်ထုကနေ လွတ်မြောက်ပြီး မြင်ရလိမ့်မယ်။+
၁၉ နူးညံ့သိမ်မွေ့သူတွေဟာ ယေဟောဝါကြောင့် အကြီးအကျယ် ဝမ်းမြောက်မယ်။
ဆင်းရဲသားတွေကလည်း အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ကြောင့် ရွှင်လန်းမယ်။+
၂၀ အာဏာရှင်တွေ မရှိတော့ဘူး။
ဝါကြွားတဲ့သူတွေ ဇာတ်သိမ်းသွားမယ်။
အန္တရာယ်ပေးဖို့ ချောင်းနေတဲ့သူတွေ ဖျက်ဆီးခံရလိမ့်မယ်။+
၂၁ မဟုတ်မမှန်တဲ့စကားတွေ ပြောပြီး သူတစ်ပါးကို အပြစ်ရောက်စေသူတွေ၊မြို့တံခါးမှာ ခုခံပြောဆိုပေးတဲ့သူကို ထောင်ချောက်ဆင်သူတွေ၊+ဖြောင့်မတ်သူကို မှားယွင်းတဲ့ စွဲချက်တွေတင်ပြီး တရားမျှတစွာ မစီရင်ပေးသူတွေလည်း ဖျက်ဆီးခံရလိမ့်မယ်။+
၂၂ ဒါကြောင့် အာဗြဟံကို ရွေးယူခဲ့တဲ့+ ယေဟောဝါက ယာကုပ်အမျိုးကို–
“ယာကုပ် အရှက်မကွဲရတော့ဘူး။
မျက်နှာဖြူဖပ်ဖြူရော် မဖြစ်ရတော့ဘူး။*+
၂၃ သူက ငါ့လက်ရာတွေဖြစ်တဲ့ သားသမီးတွေကို ပတ်လည်မှာ မြင်ရတဲ့အခါ+
ငါ့နာမည်ကို ဂုဏ်တင်ကြလိမ့်မယ်။
ယာကုပ်ရဲ့ သန့်ရှင်းတဲ့အရှင်ကို ဂုဏ်တင်ကြလိမ့်မယ်။
အစ္စရေးရဲ့ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းကြလိမ့်မယ်။+
၂၄ ထင်ရာစိုင်းသူတွေ သိနားလည်နိုင်စွမ်း ရှိလာမယ်။
မကျေမနပ် ညည်းညူသူတွေလည်း သွန်သင်ပေးတာကို လက်ခံမယ်” လို့ပြောတယ်။