ဟေရှာယ ၃၄:၁-၁၇

  • လူမျိုးတွေကို ယေဟောဝါ လက်စားချေ (၁-၈)

  • ဧဒုံပြည် လူသူကင်းမဲ့ရ (၉-၁၇)

၃၄  လူမျိုးတို့၊ အနားလာပြီး နားထောင်ကြ။ လူတို့၊ အာရုံစိုက်ကြ။ ကမ္ဘာမြေနဲ့ ကမ္ဘာမြေပေါ် ရှိသမျှ၊မြေကြီးနဲ့ မြေကြီးပေါ်ရှိသမျှ၊ နားထောင်ကြ။  ၂  ယေဟောဝါက လူမျိုးအားလုံးကို အမျက်ထွက်နေပြီ။+ သူတို့ရဲ့စစ်တပ်တွေကို မျက်မာန်ရှနေပြီ။+ သူတို့ကို ဖျက်ဆီးဖို့ သတ်မှတ်ထားမယ်။ သူတို့ကို ကွပ်မျက်မယ်။+  ၃  အလောင်းတွေကို မြေမမြှုပ်ဘဲ ပစ်ထားတဲ့အတွက် အပုပ်နံ့ တထောင်းထောင်းထနေလိမ့်မယ်။+ တောင်တန်းတွေက သွေးတွေနဲ့ ရွှဲရွှဲစိုနေလိမ့်မယ်။+  ၄  ကောင်းကင်ဗိုလ်ခြေတွေ ပုပ်ပျက်သွားမယ်။ ကောင်းကင်ဟာ စာလိပ်လို လိပ်သွားမယ်။ ဗိုလ်ခြေအားလုံးဟာ စပျစ်ပင်ကကြွေကျတဲ့ သစ်ရွက်ခြောက်လို၊သဖန်းပင်ကကြွေကျတဲ့ ရှုံ့တွတဲ့သဖန်းသီးလို ပျက်စီးသွားမယ်။  ၅  “ကောင်းကင်မှာ ငါ့ရဲ့ဓားဟာ သွေးဝနေလိမ့်မယ်။+ အဲဒီဓားက ငါတရားစီရင်မယ့် ဧဒုံအပေါ်၊+ဖျက်ဆီးဖို့ သတ်မှတ်ထားတဲ့ လူတွေအပေါ် ကျရောက်မယ်။  ၆  ငါယေဟောဝါဆီမှာ ဓားတစ်လက်ရှိတယ်။ အဲဒီဓားဟာ သွေးဝနေလိမ့်မယ်။+ အဲဒီဓားဟာ အဆီတွေ၊ သိုးသငယ်အထီးရဲ့ သွေးတွေ၊ဆိတ်ထီးရဲ့ သွေးတွေ၊ သိုးထီးရဲ့ ကျောက်ကပ်အဆီတွေနဲ့ ရွှဲနေလိမ့်မယ်။ ယေဟောဝါက ဗောဇရမြို့မှာ ပူဇော်ပွဲလုပ်မယ်။ ဧဒုံပြည်မှာ အတုံးအရုံး ကွပ်မျက်မယ်။+  ၇  နွားရိုင်းတွေက အဲဒီတိရစ္ဆာန်တွေနဲ့အတူ၊နွားထီးပျိုတွေလည်း သန်မာတဲ့ နွားထီးတွေနဲ့ အတူ ဆင်းလာမယ်။ သူတို့တိုင်းပြည်ဟာ သွေးချောင်းစီးနေလိမ့်မယ်။ မြေမှုန့်တွေလည်း အဆီတွေ ရွှဲနေလိမ့်မယ်။”  ၈  ယေဟောဝါက လက်စားချေမယ့်နေ့၊+ဇိအုန်အပေါ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ဒဏ်ပေးမယ့်နှစ်ကို သတ်မှတ်ထားပြီ။+  ၉  သူ့ရဲ့* စမ်းချောင်းတွေဟာ ကတ္တရာစေးတွေ ဖြစ်သွားမယ်။ မြေမှုန့်တွေဟာ ကန့်တွေဖြစ်သွားမယ်။ တိုင်းပြည်ဟာ မီးလောင်နေတဲ့ ကတ္တရာစေးလို ဖြစ်သွားမယ်။ ၁၀  နေ့ရောညပါ မီးလောင်နေလိမ့်မယ်။ မီးခိုးတလူလူ တက်နေလိမ့်မယ်။ သူဟာ လူမျိုးအဆက်ဆက် လူသူဆိတ်ညံနေလိမ့်မယ်။ ဖြတ်သန်းသွားလာသူတွေ အစဉ်ထာဝရ မရှိတော့ဘူး။+ ၁၁  ငှက်ကြီးဝန်ပိုတွေ၊ ဖြူကောင်တွေက သူ့ကို ပိုင်ဆိုင်လိမ့်မယ်။ နားရွက်ရှည် ဇီးကွက်တွေ၊ ကျီးနက်ကြီးတွေကလည်း သူ့ဆီမှာ နေထိုင်လိမ့်မယ်။ ဘုရားက သူ့ကို လွင်တီးခေါင်ဆိုတဲ့ တိုင်းကြိုး၊ပျက်စီးခြင်းဆိုတဲ့ ချိန်သီးကြိုးနဲ့ တိုင်းလိမ့်မယ်။ ၁၂  သူ့ရဲ့ ဂုဏ်အသရေရှိသူ တစ်ယောက်မှ ဘုရင်အဖြစ် မဆက်ခံရတော့ဘူး။ မင်းညီမင်းသားတွေလည်း မရှိတော့ဘူး။ ၁၃  သူ့ရဲ့ ခံတပ်မျှော်စင်တွေမှာ ဆူးပင်တွေ ပေါက်မယ်။ ခံတပ်တွေမှာ ဖက်ယားပင်တွေ၊ ဆူးပင်တွေ ပေါက်မယ်။ သူဟာ ခွေးအတွေ ခိုအောင်းတဲ့နေရာ၊+ငှက်ကုလားအုတ်တွေ နေထိုင်ရာ ဖြစ်သွားမယ်။ ၁၄  ကန္တာရတိရစ္ဆာန်တွေနဲ့ အူတတ်တဲ့တိရစ္ဆာန်တွေ တွေ့ဆုံလိမ့်မယ်။ တောဆိတ်က* အပေါင်းအဖော်တွေကို အော်ခေါ်မယ်။ ငှက်ပြင်းက* အဲဒီမှာ နားခိုရာတွေ့ပြီး နေထိုင်မယ်။ ၁၅  အဲဒီမှာ မြားမြွေက အသိုက်လုပ်ပြီး ဥဥလိမ့်မယ်။ ဥတွေကိုဝပ်ပြီး သားပေါက်တွေကို စောင့်ရှောက်မယ်။ စွန်တွေလည်း မိတ်ဖက်ကိုယ်စီနဲ့ စုရုံးကြလိမ့်မယ်။ ၁၆  ယေဟောဝါရဲ့ စာစောင်ထဲမှာ ရှာဖွေပြီး ကျယ်ကျယ်ဖတ်ပါ။ အဲဒီတိရစ္ဆာန်တစ်ကောင်မှ မလျော့ဘူး။ မိတ်ဖက်ကိုယ်စီ ရှိနေလိမ့်မယ်။ ဒါဟာ ယေဟောဝါရဲ့ နှုတ်တော်ထွက်အမိန့်ပဲ။ သူတို့ကိုစုရုံးထားတာ စွမ်းအားတော်ပဲ။ ၁၇  ဘုရားက အဲဒီတိရစ္ဆာန်တွေအတွက် နယ်မြေကို မဲချပေးတယ်။ သူတို့အတွက် နေရာကို လက်တော်နဲ့ တိုင်းတာပေးတယ်။ အဲဒီနေရာကို သူတို့ အမြဲပိုင်ဆိုင်မယ်။ နောင်လာနောက်သား အဆက်ဆက် အဲဒီမှာ နေထိုင်ရလိမ့်မယ်။

အောက်ခြေမှတ်ချက်များ

ဧဒုံရဲ့မြို့တော် ဗောဇရမြို့ကို ဆိုလို။
“ဆိတ်နဲ့တူတဲ့ နတ်ဆိုးတွေက” လည်းဖြစ်နိုင်။
ဇီးကွက်နဲ့တူတဲ့ ငှက်တစ်မျိုး။