ဟေရှာယ ၃၈:၁-၂၂

  • ဟေ​ဇ​ကိ​မင်း ဖျား​နာ၊ ပြန်​သက်​သာ (၁-၂၂)

    • ကျေး​ဇူး​တင်​သီချင်း (၁၀-၂၀)

၃၈  အဲဒီ​အချိန်​မှာ  ဟေ​ဇ​ကိ​မင်း​ဟာ သေလု​မြော​ပါး ဖျား​နေ​တယ်။+ အာ​မွတ်​ရဲ့​သား ပရော​ဖက်​ဟေရှာယ+ ရောက်​လာ​ပြီး “ယေဟောဝါ​ဘု​ရား ပြော​တာ​က ‘မင်း ပြန်​နေ​ကောင်း​လာ​မှာ မဟုတ်​ဘူး။ သေရ​လိမ့်​မယ်။ ဒါ​ကြောင့် မိသား​စု​ဝင်​တွေ​ကို မှာ​စ​ရာ​ရှိ​တာ မှာ​ခဲ့​ပါ’”+ လို့​ပြော​တယ်။ ၂  ဒါ​နဲ့ ဟေ​ဇ​ကိ​က နံ​ရံ​ဘက်​လှည့်​ပြီး ယေဟောဝါ​ကို ​ဆုတောင်း​တယ်– ၃  “ယေ​ဟော​ဝါ​ဘု​ရား၊ ကျွန်​တော် တောင်း​ပန်​ပါ​တယ်။ ကျွန်​တော်​ဟာ ရှေ့​တော်​မှာ စိတ်​နှလုံး​အကြွင်း​မဲ့၊ သစ္စာ​ရှိ​ရှိ လျှောက်​လှမ်း​ခဲ့​တာ၊+ ကောင်း​တာ​တွေ​ပဲ လုပ်​ဆောင်​ခဲ့​တာ​ကို သတိ​ရ​ပေး​ပါ”+ လို့ အသနား​ခံ​ပြီး ရှိုက်​ကြီး​တ​ငင် ငို​တယ်။ ၄  အဲဒီ​အခါ ယေဟောဝါ​က ဟေရှာ​ယ​ကို ပြော​တယ်– ၅  “ဟေ​ဇ​ကိ​ဆီ ပြန်​သွား​ပြီး ပြော​လိုက်​ပါ။+ ‘ဘိုး​ဘေး​ဒါဝိဒ်ရဲ့​ဘု​ရား ယေဟောဝါ ပြော​တာ​က– “မင်း​ရဲ့​ဆုတောင်း​သံ​ကို ငါ​ကြား​တယ်။+ မင်း​ရဲ့​မျက်​ရည်​ကို​လည်း မြင်​တယ်။+ မင်း​ရဲ့​သက်​တမ်း​ကို နောက်​ထပ် ၁၅ နှစ် တိုး​ပေး​မယ်။+ ၆  မင်း​နဲ့​ဒီ​မြို့​ကို အဆီး​ရီး​ယား​ဘု​ရင်ရဲ့ လက်​ထဲ​က​နေ ကယ်​တင်​မယ်။ ဒီ​မြို့​ကို ငါ​ကာ​ကွယ်​မယ်။+ ၇  ငါ​ယေဟောဝါ​ဟာ ပြော​တဲ့​အတိုင်း  လုပ်​ဆောင်​မယ်​ဆို​တာ မင်း​သိ​အောင် ပြမယ်။ ငါ​ယေဟောဝါ​ပေး​တဲ့ အထောက်​အထား​က​တော့–+ ၈  အာ​ခတ်​မင်း​ရဲ့ လှေ​ကား​ထစ်​ပေါ်* ကျ​လာ​တဲ့ နေ​ရိပ်​ကို ဆယ်​ထစ် နောက်​ဆုတ်​စေ​မယ်။”’”+ ဒါ​နဲ့ လှေ​ကား​ထစ်​တွေ​ပေါ် ကျ​နေ​တဲ့ နေ​ရိပ်​ဟာ ဆယ်​ထစ် နောက်​ဆုတ်​သွား​တယ်။ ၉  ယုဒ​ဘု​ရင်​ဟေ​ဇ​ကိ နာ​မကျန်း​ဖြစ်​ပြီး​နောက် ပြန်​နေ​ကောင်း​လာ​တဲ့​အခါ ရေး​သား​ခဲ့​တဲ့ စာ​တစ်​ပုဒ်– ၁၀  “သက်​တမ်း​တစ်​ဝက်​မှာ​တင် သင်္ချိုင်း​ရဲ့ တံခါး​တွေ​ထဲ ငါ​ဝင်​သွား​ရ​တော့​မယ်။ ကျန်​တဲ့​သက်​တမ်း​ကို ဆုံး​ရှုံး​ရ​တော့​မယ်” လို့​ငါ​ပြော​ခဲ့​တယ်။ ၁၁  “ယေဟောဝါ​ကို ဖူး​မြင်​ရ​တော့​မှာ မဟုတ်​ဘူး။ သက်​ရှိ​လော​က​မှာ ယေဟောဝါ​ကို ဖူး​မြင်​ခွင့်​ရ​တော့​မှာ မဟုတ်​ဘူး။+ အရာ​ခပ်​သိမ်း ချုပ်​ငြိမ်း​ရာ​အရပ်​မှာ နေ​ထိုင်​တဲ့​လူ​တွေ​ဆီ ရောက်​သွား​ရင် လူ​သား​တွေ​ကို မြင်​ရ​တော့​မှာ မဟုတ်​ဘူး။ ၁၂  ငါ​နေ​တဲ့​အိမ်​ဟာ သိုးထိန်း​ရဲ့​တဲ​လို ပြို​ကျ​သွား​ပြီ။ ဖယ်​ရှား​ခံ​လိုက်​ရပြီ။+ ငါ့​မှာ ရက်​ကန်း​သမား​လို အသက်​ကို လိပ်​ထား​ရ​တယ်။ ဘု​ရား​က ရက်​ကန်း​ရဲ့ တိုင်​ချည်​ကို ဖြတ်​လိုက်​သလို ငါ့​ကို ပယ်​ဖြတ်​လိုက်​တယ်။ ငါ့​ကို တစ်​နေ့​လုံး တစ်​ည​လုံး အခက်​ကြုံ​စေ​တယ်။+ ၁၃  မနက်​လင်း​ချိန်​အထိ ငါ့​စိတ်​ကို ငြိမ်အောင် ထိန်း​နေ​ရ​တယ်။ ဘု​ရား​က ခြင်္သေ့​လို ငါ့​အရိုး​တွေ​ကို ချိုး​ပစ်​တယ်။ ငါ့​ကို တစ်​နေ့​လုံး တစ်​ည​လုံး အခက်​ကြုံ​စေ​တယ်။+ ၁၄  ငါ့​မှာ ပျံ​လွှား​လို၊ မြေလူး​ငှက်​လို* တ​စာ​စာ အော်​နေ​ရ​တယ်။+ ချိုး​ငှက်​လို ကူ​နေ​ရ​တယ်။+ အထက်​အရပ်​ကို မျှော်​ကြည့်​ရ​လွန်း​လို့ မျက်​စိ​ညောင်း​လှ​ပြီ။+ ‘ယေဟောဝါ​ဘု​ရား၊ ကျွန်တော်​ အကြီး​အကျယ် ဒုက္ခရောက်​နေ​ပြီ။ ထောက်မ​ပေး​လှည့်​ပါ’+ လို့ ငါ​ပြော​ခဲ့​တယ်။ ၁၅  အခု၊ ငါ​ဘာ​များ​ပြော​ရ​ပါ့​မလဲ။ ဘု​ရား​က ငါ့​ကို​ပြော​တဲ့​အတိုင်း လုပ်​ဆောင်​ပေး​ပြီပဲ။ ခါး​သီး​တဲ့​ဒုက္ခတွေ ငါ​ကြုံ​ခဲ့ရ​ပြီမို့ အသက်​ထက်​ဆုံး နှိမ့်​ချ​စွာ လျှောက်​လှမ်း​မယ်။ ၁၆  ‘ယေဟောဝါ​ဘု​ရား၊ လူ​အားလုံး အသက်​ရှင်​နေ​တာ ဒါ​တွေ​ကြောင့်​ပါ။* ကျွန်​တော့်​အသက်​စွမ်းအား ရှင်သန်​နေ​တာ ဒါ​တွေ​ကြောင့်​ပါ။ ကိုယ်​တော်​က ကျွန်​တော့်​ကို ပြန်​ကျန်း​မာ​စေ​ပြီး အသက်​ဆက်​ရှင်​စေ​တယ်။+ ၁၇  ငြိမ်သက်​မှု​အစား ခါး​သီး​မှု​ကို​ပဲ ကြုံခဲ့ရ​ပေမဲ့ ကိုယ်​တော်​က ကျွန်​တော့်​ကို​ မြတ်နိုး​ပြီး ဖျက်​ဆီး​ခြင်း​တွင်း​ထဲ မကျ​အောင် ကာ​ကွယ်​ပေး​တယ်။+ ကျွန်​တော့်​အပြစ်​တွေ​ကို ကိုယ်​တော့်​နောက်​ကျော​ဘက် ပစ်လိုက်​တယ်။+ ၁၈  ကိုယ်​တော့်​ကို သင်္ချိုင်း​က ဂုဏ်​မတင်​နိုင်​ဘူး။+ သေခြင်း​က​လည်း မချီး​မွမ်း​နိုင်​ဘူး။+ သေတွင်း​ထဲ ဆင်း​သွား​သူ​တွေ ကိုယ်​တော်ရဲ့ သစ္စာ​တ​ရား​ကို မမျှော်​လင့်​နိုင်​ဘူး။+ ၁၉  အသက်​ရှင်​တဲ့​သူ​တွေ​ပဲ ကိုယ်​တော့်​ကို ချီး​မွမ်း​နိုင်​တာ​ပါ။ ဒီ​နေ့ ကျွန်​တော် ချီး​မွမ်း​သလို​မျိုးပေါ့။ ဖခင်​က သား​တွေ​ကို ကိုယ်တော်​ရဲ့ သစ္စာ​တ​ရား​အကြောင်း သိအောင် သွန်သင်​ပေး​နိုင်​တယ်။+ ၂၀  ယေဟောဝါ​ဘု​ရား၊ ကယ်​တင်​လှည့်​ပါ။ ကျွန်​တော်ရေး​စပ်​တဲ့ သီချင်း​တွေ​ကို ကြိုး​တပ်​တူ​ရိ​ယာ​တွေ တီးပြီး+ ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ တစ်သက်​လုံး သီ​ဆို​ကြ​မယ်။’”+ ၂၁  အဲဒီ​နောက်  ဟေရှာယ​က​ “သဖန်း​သီး​ပျဉ်​ကို ယူ​လာ​ပြီး အနာ​စိမ်း​ပေါ် အုံ​ပေး​လိုက်​ပါ။ မင်း​ကြီး ပြန်​သက်​သာ​လာ​လိမ့်​မယ်”+ လို့ ​ပြော​တယ်။ ၂၂  ဟေ​ဇ​ကိ​မင်း​က “ယေဟောဝါ​ရဲ့ အိမ်​တော်​ကို ကျုပ်​တက်​သွား​နိုင်​မယ်​ဆို​တဲ့ အထောက်​အထား​များ ရှိ​သလား”+ လို့​မေး​တယ်။

အောက်ခြေမှတ်ချက်များ

နေ​နာ​ရီ​လို​မျိုး အချိန်​တွက်​ချက်​ရာ​မှာ​သုံး​တဲ့ လှေ​ကား​ထစ်​ဖြစ်​နိုင်။
“ကြိုး​ကြာ​ငှက်​လို” လည်း​ဖြစ်​နိုင်။
ဘု​ရားရဲ့​စကား၊ ဘု​ရားရဲ့​လုပ်​ရပ်တွေ။