ဟေရှာယ ၄၀:၁-၃၁

  • ဘုရားလူမျိုးအတွက် နှစ်သိမ့်မှု (၁-၁၁)

    • တောထဲက အသံ (၃-၅)

  • ဘုရားသခင့်ကြီးမြတ်မှု (၁၂-၃၁)

    • လူမျိုးတွေဟာ ရေပုံးထဲက ရေစက်နဲ့တူ (၁၅)

    • “ကမ္ဘာလုံးရဲ့အထက်မှာ” ဘုရားစံမြန်း (၂၂)

    • ကြယ်အားလုံးကို နာမည်မှည့်ထား (၂၆)

    • ဘုရားသခင် ဘယ်တော့မှ မမောပန်း (၂၈)

    • ယေဟောဝါကို မျှော်လင့်ခြင်း ခွန်အားပြန်ပြည့်စေ (၂၉-၃၁)

၄၀  ဘုရားသခင်က “ငါ့လူတွေကို နှစ်သိမ့်ပေးကြ။ နှစ်သိမ့်ပေးကြပါ။+  ၂  ဂျေရုဆလင်မြို့ကို စိတ်သက်သာရာရအောင် ပြောကြပါ။ သူ့ဒုက္ခနေ့တွေ ကုန်ဆုံးပြီ။ အမှားအတွက် သူ ပေးဆပ်လို့ ပြီးသွားပြီ။+ အပြစ်တွေအတွက် ယေဟောဝါပေးတဲ့ ပြစ်ဒဏ်ကို အပြည့်အဝ ခံပြီးသွားပြီ”+ လို့ပြောတယ်။  ၃  တောထဲမှာ လူတစ်ယောက် ကြွေးကြော်နေတာက– “ယေဟောဝါဘုရားရဲ့ လမ်းကို ရှင်းလင်းကြ။+ တောကန္တာရမှာ ငါတို့ရဲ့ ဘုရားသခင်အတွက် လမ်းမကို+ ဖြောင့်ဖြူးအောင် လုပ်ကြ။+  ၄  ချိုင့်ဝှမ်းတွေကို မြေဖို့ကြ။ တောင်ကုန်းတောင်တန်းတွေကို ဖြိုကြ။ မညီညာတဲ့မြေဟာ ညီညာပြန့်ပြူးရမယ်။ ကြမ်းတမ်းတဲ့မြေဟာ ချိုင့်ဝှမ်းလွင်ပြင် ဖြစ်ရမယ်။+  ၅  ယေဟောဝါဘုရားရဲ့ ဂုဏ်ကျက်သရေ ထင်ရှားမယ်။+ ဒါကို လူအားလုံး မြင်တွေ့ရမယ်။+ ဒါဟာ ယေဟောဝါရဲ့ နှုတ်ထွက်စကားပဲ။”  ၆  နားထောင်ကြ။ လူတစ်ယောက်က “အော်ပြောပါ” ဆိုတော့ နောက်တစ်ယောက်က “ဘာကို အော်ပြောရမှာလဲ” လို့မေးတယ်။ “လူသားအားလုံးဟာ စိမ်းလန်းနေတဲ့ မြက်ပင်တွေပဲ။ သူတို့ရဲ့ခိုင်မြဲတဲ့မေတ္တာဟာ လယ်ပြင်မှာပေါက်တဲ့ ပန်းလေးတွေလိုပဲ။+  ၇  ယေဟောဝါ ရှူထုတ်လိုက်တဲ့ လေကြောင့်+ စိမ်းလန်းနေတဲ့ မြက်ပင်တွေ ခြောက်သွေ့သွားတယ်။ ပန်းလေးတွေလည်း ညှိုးနွမ်းသွားတယ်။+ တကယ်ပါ။ လူတွေဟာ မြက်ပင်တွေပဲ။  ၈  မြက်ပင်တွေ ခြောက်သွေ့တတ်တယ်။ ပန်းလေးတွေလည်း ညှိုးနွမ်းတတ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ထွက်စကားကတော့ ထာဝစဉ်တည်မြဲတယ်။”+  ၉  ဇိအုန်အတွက် သတင်းကောင်း သယ်ဆောင်လာတဲ့ အမျိုးသမီး၊+ မြင့်တဲ့တောင်ပေါ်ကို တက်သွားပါ။ ဂျေရုဆလင်မြို့အတွက် သတင်းကောင်း သယ်ဆောင်လာတဲ့ အမျိုးသမီး၊အားမာန်ပါပါ အော်ပြောလိုက်ပါ။ မကြောက်ဘဲ အော်ပြောလိုက်ပါ။ ယုဒရဲ့မြို့တွေကို “ဒါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ” လို့ ကြွေးကြော်လိုက်ပါ။+ ၁၀  ကြည့်ပါ။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက တန်ခိုးနဲ့ ကြွလာလိမ့်မယ်။ လက်ရုံးတော်က ဘုရားအတွက် အုပ်စိုးလိမ့်မယ်။+ ဆုလာဘ်တော်ဟာ ဘုရားဆီမှာ ရှိနေတယ်။ ဘုရားပေးမယ့် လုပ်ခကလည်း ရှေ့တော်မှာ ရှိနေတယ်။+ ၁၁  ဘုရားက သိုးတော်စုကို သိုးထိန်းတစ်ယောက်လို ဂရုစိုက်လိမ့်မယ်။+ သိုးကလေးတွေကို ပွေ့ပိုက်ပြီး ရင်ခွင်ထဲ ချီပိုက်ထားလိမ့်မယ်။ နို့တိုက်သိုးမတွေကိုလည်း ညင်ညင်သာသာ ဦးဆောင်ခေါ်သွားလိမ့်မယ်။+ ၁၂  ဘယ်သူက ရေကို လက်ခုပ်နဲ့ ချိန်နိုင်လို့လဲ။+ ဘယ်သူက မိုးကောင်းကင်ကို လက်နဲ့ထွာပြီး တိုင်းနိုင်လို့လဲ။ ဘယ်သူက မြေမှုန့်တွေကို တောင်းနဲ့ချိန်နိုင်လို့လဲ။+ ဘယ်သူက တောင်တန်းတောင်ကုန်းတွေကို ချိန်ခွင်နဲ့ ချိန်နိုင်လို့လဲ။ ၁၃  ယေဟောဝါရဲ့ စွမ်းအားတော်ကို ဘယ်သူ ချိန်တွယ်နိုင်လို့လဲ။* ဘုရားကို ဘယ်သူ အကြံပေးနိုင်၊ ညွှန်ကြားနိုင်လို့လဲ။+ ၁၄  ဘုရားက သိနားလည်နိုင်စွမ်းရှိလာဖို့ ဘယ်သူနဲ့ တိုင်ပင်ခဲ့လို့လဲ။ တရားမျှတတဲ့ လမ်းစဉ်အကြောင်း၊အသိပညာအကြောင်း ဘုရားကို ဘယ်သူ သင်ကြားနိုင်လို့လဲ။ စစ်မှန်သော သိနားလည်မှုနဲ့ဆိုင်တဲ့ လမ်းစဉ်ကို ဘယ်သူ ပြပေးနိုင်လို့လဲ။+ ၁၅  လူမျိုးအားလုံးဟာ ရေပုံးထဲက ရေစက် တစ်စက်လိုပဲ။ ဘုရားရဲ့အမြင်မှာ ချိန်ခွင်ပေါ်ကပ်နေတဲ့ ဖုန်မှုန့်တွေလိုပဲ။+ လက်တော်နဲ့ မလိုက်တဲ့အခါ ကျွန်းတွေဟာ မြေမှုန့်သာသာပဲ ရှိတယ်။ ၁၆  မီးရှို့ရာအလှူအဖြစ် ပူဇော်မယ်ဆိုရင် လက်ဘနွန်တောထဲက တိရစ္ဆာန်တွေ လောက်မှာမဟုတ်ဘူး။ မီးဆိုက်မယ်ဆိုရင် လက်ဘနွန်သစ်တောတောင် လောက်မှာမဟုတ်ဘူး။ ၁၇  ရှေ့တော်မှာ လူမျိုးအားလုံးဟာ မတည်ရှိတဲ့အရာလိုပဲ။+ ဘုရားအမြင်မှာ ဘာမှမဟုတ်တဲ့အရာလို၊ တကယ်မရှိတဲ့အရာလိုပဲ။+ ၁၈  ဘုရားသခင်ကို ဘယ်သူနဲ့နှိုင်းမလဲ။+ ဘုရားကို ဘာနဲ့တူတယ်လို့ ပြောမလဲ။+ ၁၉  လက်မှုပညာသည်က ရုပ်တုကို သွန်းလုပ်တယ်။ ပန်းထိမ်သမားက ရုပ်တုကို ရွှေချပြီး+ ငွေကြိုးတွေနဲ့ အလှဆင်တယ်။ ၂၀  လူတစ်ယောက်က လှူဒါန်းဖို့ မဆွေးနိုင်တဲ့သစ်ပင်ကို ရွေးချယ်တယ်။+ ကျွမ်းကျင်တဲ့ လက်မှုပညာသည်ကို ရှာပြီး မပြိုလဲတတ်တဲ့ရုပ်တု ထုလုပ်ခိုင်းတယ်။+ ၂၁  မင်းတို့ မသိကြဘူးလား။ မကြားဖူးကြဘူးလား။ မင်းတို့ကို ဒီအကြောင်း အစကတည်းက မပြောထားဘူးလား။ ကမ္ဘာမြေအုတ်မြစ် တည်ချိန်ကတည်းက ထင်ရှားခဲ့တဲ့အရာကို နားမလည်ကြဘူးလား။+ ၂၂  ကမ္ဘာလုံးရဲ့အထက်မှာ စံမြန်းတဲ့အရှင်တစ်ပါး ရှိတယ်။+ ကမ္ဘာမြေပေါ် နေထိုင်သူတွေဟာ ဘုရားရဲ့အမြင်မှာ နှံကောင်တွေလိုပဲ။ ဘုရားက မိုးကောင်းကင်ကို ပိတ်ကျဲတစ်စလို ဖြန့်ထားတယ်။ နေစရာ ရွက်ဖျင်တဲလို ဖြန့်ထားတယ်။+ ၂၃  ဘုရားက မင်းအရာရှိတွေကို ဖယ်ရှားတယ်။ ကမ္ဘာပေါ်က တရားသူကြီးတွေကို ဘာမှအရေးမပါတဲ့သူတွေ ဖြစ်စေတယ်။ ၂၄  သူတို့ဟာ တစ်ခါမှ စိုက်ပျိုးမခံရဘူး။ တစ်ခါမှ မျိုးကြဲမခံရဘူး။ ပင်စည်လည်း မြေမှာ အမြစ်မစွဲဘူး။ လေတိုက်ခံရပြီး ခြောက်သွေ့သွားတယ်။ ရိုးပြတ်လို လေတိုက်ရာ လွင့်ပါသွားတယ်။+ ၂၅  သန့်ရှင်းမြင့်မြတ်တဲ့အရှင် ပြောတာက– “ငါ့ကို ဘယ်သူနဲ့နှိုင်းမလဲ။ ဘယ်သူဟာ ငါနဲ့တန်းတူဖြစ်သလဲ။ ၂၆  ကောင်းကင်ကို မော့ကြည့်လိုက်ပါဦး။ အဲဒါတွေကို ဘယ်သူဖန်ဆင်းသလဲ။+ အဲဒီအလုံးအရင်းကို ရေတွက်ပြီး ခေါ်ထုတ်တဲ့အရှင်ပဲ။ အဲဒီအရှင်က အဲဒါတွေအားလုံးကို နာမည်တပ်ပြီး ခေါ်တယ်။+ ကြီးမားလှတဲ့ စွမ်းအင်နဲ့ အံ့မခန်းဖွယ် တန်ခိုးကြောင့်+ တစ်လုံးတလေ လျော့သွားတယ်ဆိုတာ မရှိဘူး။ ၂၇  “အို ယာကုပ်၊ အို အစ္စရေး၊‘ငါသွားနေတဲ့လမ်းကို ယေဟောဝါဘုရား မမြင်ပါဘူး။ ငါခံနေရတဲ့ မတရားမှုကို ဘုရားသခင်က လျစ်လျူရှုထားတယ်’ လို့ ဘာကြောင့်ပြောရတာလဲ။+ ၂၈  မင်းတို့ မသိဘူးလား။ မကြားဖူးဘူးလား။ ကမ္ဘာမြေရဲ့ အစွန်အဖျားတွေကို ဖန်ဆင်းတဲ့အရှင် ယေဟောဝါဟာ ထာဝစဉ်တည်တဲ့ ဘုရားသခင်ပဲ။+ ငါဘယ်တော့မှ မမောဘူး။ မပင်ပန်းဘူး။+ ငါ့ရဲ့သိနားလည်နိုင်စွမ်းဟာ စိစစ်လို့ မကုန်နိုင်ဘူး။+ ၂၉  မောပန်းသူကို ငါခွန်အားပေးမယ်။ အားအင်မရှိသူကို အားပြည့်စေမယ်။+ ၃၀  လူငယ်တွေ ပင်ပန်းနွမ်းလျပြီး လူရွယ်တွေ ခလုတ်တိုက်လဲလိမ့်မယ်။ ၃၁  ယေဟောဝါကို မျှော်လင့်တဲ့သူတွေကတော့ ခွန်အား ပြန်ပြည့်လာလိမ့်မယ်။ လင်းယုန်လို တောင်ပံဖြန့်ပြီး ပျံဝဲနေလိမ့်မယ်။+ ပြေးတဲ့အခါ မောပန်းမှာ မဟုတ်ဘူး။ လမ်းလျှောက်ရင်လည်း ပင်ပန်းမှာ မဟုတ်ဘူး။”+

အောက်ခြေမှတ်ချက်များ

“ဘယ်သူ နားလည်နိုင်လို့လဲ” လည်းဖြစ်နိုင်။