ဟေရှာယ ၄၅:၁-၂၅
၄၅ ငါယေဟောဝါက ဆိုင်းရပ်ကို ဘိသိက်ပေးထားတယ်။+
သူ့ညာလက်ကို ငါကိုင်ထားမယ်။+
လူမျိုးတွေကို သူ နှိမ်နင်းမယ်။+
ဘုရင်တွေရဲ့ လက်နက်တွေကို ရုပ်သိမ်းမယ်။
မြို့တံခါး ပွင့်သွားအောင် တံခါးရွက်နှစ်ခုကို ဆွဲဖွင့်မယ်။
သူ့ကို ငါပြောမယ်–
၂ “မင်းရှေ့ကနေ ငါသွားမယ်။+
တောင်ကုန်းတွေကို မင်းရှေ့မှာ ညီညာပြန့်ပြူးစေမယ်။
ကြေးနီတံခါးတွေကို အပိုင်းပိုင်း ချိုးပြီး သံကန့်လန့်ကျင်တွေကို ဖြတ်ပစ်မယ်။+
၃ မှောင်မိုက်မှာရှိတဲ့ ဘဏ္ဍာတွေ၊လျှို့ဝှက်နေရာမှာရှိတဲ့ ဘဏ္ဍာတွေကို မင်းအတွက် ငါပေးမယ်။+
အဲဒီအခါ ငါဟာ မင်းကို နာမည်နဲ့ခေါ်တဲ့အရှင်ဖြစ်မှန်း၊အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါဖြစ်မှန်း မင်းသိလာလိမ့်မယ်။+
၄ ငါ့ကျွန်ယာကုပ်နဲ့ ငါရွေးချယ်ထားတဲ့ အစ္စရေးအတွက် မင်းကို နာမည်နဲ့ ငါခေါ်တယ်။
ငါ့ကို မင်းမသိပေမဲ့ ဂုဏ်သိက္ခာရှိတဲ့နာမည် မင်းကို ငါပေးတယ်။
၅ ငါဟာ ယေဟောဝါပဲ။ ငါကလွဲလို့ တခြားဘုရား မရှိဘူး။
ငါကလွဲလို့ တခြားဘုရားသခင် မရှိဘူး။+
ငါ့ကို မင်းမသိပေမဲ့ မင်းကို ခွန်အားပေးမယ်။
၆ ဒါမှ ငါကလွဲလို့ တခြားဘုရား မရှိမှန်း+
နေထွက်ရာ အရပ်ကနေ နေဝင်ရာ အရပ်အထိ ရှိသမျှလူအားလုံး သိလာမယ်။
ငါဟာ ယေဟောဝါပဲ။ ငါကလွဲလို့ တခြားဘုရား မရှိဘူး။+
၇ ငါက အလင်းကို ဖြစ်ပေါ်စေတယ်။+ မှောင်မိုက်ကိုလည်း ဖန်ဆင်းတယ်။+
ငြိမ်သက်ခြင်းကို ဖြစ်စေတယ်။+ ဘေးဆိုးကိုလည်း ဖန်တီးတယ်။+
ဒါတွေအားလုံးကို ငါယေဟောဝါ လုပ်ဆောင်တယ်။
၈ အို မိုးကောင်းကင်၊ ရွာချပါ။+
မိုးတိမ်တွေ ဖြောင့်မတ်ခြင်း ရွာသွန်းပါစေ။
ကမ္ဘာမြေ ဖွင့်ဟပြီး ကယ်တင်ခြင်းတွေ သီးပွင့်ပါစေ။
ဖြောင့်မတ်ခြင်းတွေလည်း တစ်ပြိုင်နက် ပေါက်ပွားလာပါစေ။+
အဲဒီလိုဖြစ်အောင် ငါယေဟောဝါ ဖန်ဆင်းခဲ့ပြီ။”
၉ ဖန်ဆင်းရှင်နဲ့ ငြင်းခုံတဲ့သူဟာ အဖြစ်ဆိုး ကြုံရလိမ့်မယ်။
သူဟာ မြေပေါ်ကျနေတဲ့ အိုးခြမ်းကွဲတွေထဲက အိုးခြမ်းကွဲတစ်စပဲ။
ရွှံ့မြေက အိုးထိန်းသမားကို “ခင်ဗျား ဘာလုပ်နေတာလဲ” လို့ ပြောသင့်သလား။+
မင်းဖန်တီးတဲ့လက်ရာက “ခင်ဗျားမှာ လက်မရှိပါဘူး” လို့ ပြောသင့်သလား။*
၁၀ ဖခင်ကို “ဘယ်လိုကလေးမျိုး မွေးထားတာလဲ” လို့ပြောတဲ့သူ၊မိခင်ကို “ဘာကို မွေးထားတာလဲ” လို့ပြောတဲ့သူဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။
၁၁ အစ္စရေးရဲ့ သန့်ရှင်းတဲ့အရှင်၊+ သူ့ကိုပုံသွင်းခဲ့တဲ့အရှင် ယေဟောဝါ ပြောတာက–
“ဖြစ်လာမယ့်အရာတွေအကြောင်း ငါ့ကို မေးခွန်းထုတ်မလို့လား။
ငါ့သားတွေ၊+ ငါ့လက်ရာတွေနဲ့ပတ်သက်ပြီး ငါ့ကို အမိန့်ပေးမလို့လား။
၁၂ ငါဟာ ကမ္ဘာမြေကို ပြုလုပ်ခဲ့တယ်။+ ကမ္ဘာမြေပေါ်မှာ လူကို ဖန်ဆင်းခဲ့တယ်။+
မိုးကောင်းကင်ကို ငါ့လက်နဲ့ ဖြန့်မိုးခဲ့တယ်။+
ကောင်းကင်ဗိုလ်ခြေအားလုံးကိုလည်း ငါအမိန့်ပေးတယ်။”+
၁၃ “ဖြောင့်မတ်ခြင်းနဲ့အညီ လုပ်ဆောင်တဲ့ ငါက လူတစ်ယောက်ကို ပေါ်ထွန်းစေတယ်။+
သူသွားတဲ့လမ်းတွေကို ဖြောင့်ဖြူးစေမယ်။ ငါ့ရဲ့မြို့ကို သူတည်ဆောက်မယ်။+
ငါ့ရဲ့ပြည်နှင်ခံတွေကို အဖိုးအခမယူဘဲ၊+ လာဘ်မစားဘဲ ပြန်လွှတ်မယ်”+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတယ်။
၁၄ “အီဂျစ်ရဲ့ အကျိုးအမြတ်တွေ၊* အီသီယိုးပီးယားနဲ့ အရပ်ရှည်တဲ့ သေဘလူတွေရဲ့ ကုန်စည်တွေဟာ*
မင်းဆီရောက်လာပြီး မင်းရဲ့ဥစ္စာ ဖြစ်လာမယ်။
သူတို့က မင်းနောက်ကနေ ခြေကျဉ်းတွေနဲ့ လိုက်လာမယ်။
မင်းဆီလာပြီး ဦးညွှတ်ကြလိမ့်မယ်။+
‘မင်းနဲ့အတူ ဘုရားသခင်ရှိတာ သေချာတယ်။+
အဲဒီဘုရားကလွဲလို့ တခြားဘုရား မရှိဘူး၊ တခြားဘုရားသခင် မရှိဘူး’ ဆိုပြီး သူတို့ ဆုတောင်းကြလိမ့်မယ်” လို့ ယေဟောဝါ ပြောတယ်။
၁၅ အစ္စရေးရဲ့ ဘုရားသခင်၊ ကယ်တင်ရှင်၊+ကိုယ်တော်ဟာ လျှို့ဝှက်တတ်တဲ့ ဘုရားသခင်ပါ။
၁၆ သူတို့အားလုံး အရှက်တကွဲ အကျိုးနည်း ဖြစ်သွားမယ်။
ရုပ်တုလုပ်တဲ့သူတွေလည်း အရှက်ကွဲပြီး ထွက်သွားရမယ်။+
၁၇ အစ္စရေးတွေကိုတော့ ယေဟောဝါ ထာဝစဉ် ကယ်တင်မယ်။+
မင်းတို့ ထာဝစဉ် အရှက်တကွဲ အကျိုးနည်း ဖြစ်မှာမဟုတ်ဘူး။+
၁၈ ယေဟောဝါဟာ မိုးကောင်းကင်ကို ဖန်ဆင်းတဲ့အရှင်၊+ စစ်မှန်တဲ့ ဘုရားသခင်၊ကမ္ဘာမြေကို ပုံသွင်းတဲ့အရှင်၊ ကမ္ဘာမြေကို အခိုင်အမာတည်တဲ့အရှင်ပဲ။+
ကမ္ဘာမြေကို အကြောင်းမဲ့* ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့အရှင်ပဲ။+ ကိုယ်တော်ပြောတာက “ငါဟာ ယေဟောဝါပဲ။ ငါကလွဲလို့ တခြားဘုရား မရှိဘူး။
၁၉ ငါက ဆိတ်ကွယ်ရာမှာ၊ မှောင်မိုက်တဲ့ပြည်မှာ မပြောခဲ့ဘူး။+
‘ငါ့ကိုရှာကြ။ ဒါပေမဲ့ အကျိုးထူးမှာ မဟုတ်ဘူး’ ဆိုပြီး ယာကုပ်ရဲ့မျိုးနွယ်ကို ငါမပြောခဲ့ဘူး။
ငါဟာ ဖြောင့်မတ်ရာကို ပြောဆိုပြီး ဖြောင့်မှန်ရာကို ကြေညာတဲ့အရှင် ယေဟောဝါပဲ။+
၂၀ လူမျိုးတွေလက်ကနေ လွတ်မြောက်လာသူတို့၊+စုရုံးပြီး လာကြပါ။ အတူလာကြပါ။
သစ်သားရုပ်တုကို သယ်ဆောင်လာသူတွေ၊မကယ်တင်နိုင်တဲ့ ဘုရားကို ဆုတောင်းသူတွေဟာ ဘာမှမသိကြဘူး။+
၂၁ မင်းတို့ရဲ့အမှုကို အစီရင်ခံ တင်သွင်းကြ။
စည်းစည်းလုံးလုံး တိုင်ပင်ကြ။
ဒီအကြောင်းကို ဟိုးအရင်ကတည်းက ဘယ်သူ ကြိုဟောခဲ့သလဲ။
အတိတ်ကာလကတည်းက ဘယ်သူ ကြေညာခဲ့သလဲ။
ငါယေဟောဝါပဲ မဟုတ်လား။ ငါကလွဲလို့ တခြားဘုရားသခင် မရှိဘူး။
ငါဟာ ဖြောင့်မတ်တဲ့ ဘုရားသခင်၊ ကယ်တင်ရှင်ပဲ။+
ငါကလွဲလို့ တခြားဘုရား မရှိဘူး။+
၂၂ ကမ္ဘာမြေအစွန်အဖျားမှာ နေထိုင်သူတို့၊ငါ့ဆီ ပြန်လှည့်လာပြီး ကယ်တင်ခြင်းကျေးဇူးကို ခံယူကြပါ။+
ငါဟာ ဘုရားသခင်ပဲ။ ငါကလွဲလို့ တခြားဘုရား မရှိဘူး။+
၂၃ ကိုယ့်ကိုယ်ကိုယ် တိုင်တည်ပြီး ငါကျိန်ဆိုတယ်။
ငါ့နှုတ်ထွက်စကားဟာ ဖြောင့်မှန်တယ်။
မပြည့်စုံဘဲ မနေဘူး။+
ငါ့ရှေ့မှာ လူတိုင်း ဒူးထောက်ရမယ်။
သစ္စာစောင့်သိပါ့မယ်လို့ လူတိုင်း ကျိန်ဆိုရမယ်။+
၂၄ သူတို့က ‘ယေဟောဝါဘုရားဆီမှာ စစ်မှန်တဲ့ ဖြောင့်မတ်ခြင်းနဲ့ အစွမ်းခွန်အားရှိတာ သေချာတယ်။
ကိုယ်တော့်ကို စိတ်ဆိုးတဲ့သူတိုင်း အရှက်ကွဲပြီး ရှေ့တော်ကို ရောက်လာမယ်။
၂၅ ယေဟောဝါဘုရားကို ဝတ်ပြုတာ မှန်တယ်ဆိုတာ အစ္စရေးမျိုးနွယ်အားလုံး သိလာမယ်။+
ဘုရား လုပ်ဆောင်ပေးခဲ့ရာတွေအကြောင်း သူတို့ ဝါကြွားမယ်’ လို့ပြောကြလိမ့်မယ်။”