ဟေရှာယ ၄၆:၁-၁၃
၄၆ ဗေလ* ဒူးထောက်နေတယ်။+ နေဗော* ဝပ်တွားနေတယ်။
သူတို့ရဲ့ရုပ်တုကို တိရစ္ဆာန်ရဲ့ကျောပေါ် တင်ထားတယ်။+
ဝန်လေးပင်ပန်းစေတဲ့ အထုပ်အပိုးတွေ တင်သလို တင်ရတာပါပဲ။
၂ သူတို့ ဝပ်တွားပြီး ဒူးထောက်နေရတယ်။
ကိုယ့်ဝန်ထုပ်ကို* မကယ်နိုင်ကြဘူး။
ကိုယ်တိုင် သုံ့ပန်းအဖြစ် လိုက်သွားရပြီ။
၃ “အို ယာကုပ်အမျိုး၊ အစ္စရေးအမျိုးထဲက ကျန်ကြွင်းသူအပေါင်းတို့၊ နားထောင်ကြပါ။+
မင်းကို မွေးစကတည်းက ငါထောက်မခဲ့တယ်။
မိခင်ရဲ့ဝမ်းကနေ ကျွတ်ကတည်းက ချီပိုက်ခဲ့တယ်။+
၄ မင်းတို့ အသက်ကြီးလာချိန်အထိ ငါ မပြောင်းလဲပါဘူး။+
မင်းတို့ ဆံပင်ဖြူလာချိန်အထိ ငါကျောပိုးထားဦးမှာပါ။
အရင်ကလိုပဲ မင်းတို့ကို ငါချီပိုက်မယ်။ ကျောပိုးထားမယ်။ ကယ်တင်မယ်။+
၅ ငါ့ကို ဘယ်သူနဲ့ နှိုင်းမလဲ။ ဘယ်သူနဲ့ တန်းတူထားမလဲ။+
ဘယ်သူနဲ့တူတယ်ဆိုပြီး နှိုင်းမလဲ။+
၆ အိတ်ထဲက ရွှေကို မတွန့်မတို ထုတ်တဲ့သူ၊ငွေကို ချိန်ခွင်နဲ့ ချိန်ပေးတဲ့သူတွေ ရှိတယ်။
သူတို့က ပန်းထိမ်သမားကို ငှားပြီး ဘုရားရုပ်တု လုပ်ခိုင်းတယ်။+
ပြီးတော့ အဲဒီရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ကြတယ်။+
၇ အဲဒီရုပ်တုကို ထမ်းပြီး သယ်လာကြတယ်။+
ရုပ်တုက ချထားတဲ့နေရာမှာပဲ ရပ်နေတယ်။
နေရာကနေ မရွေ့ဘူး။+
သူ့ကို အော်ဟစ်အကူအညီတောင်းပေမဲ့ ပြန်မဖြေဘူး။
ဘယ်သူ့ကိုမှ ဒုက္ခဆင်းရဲကနေ မကယ်တင်နိုင်ဘူး။+
၈ ဒီအချက်ကို သတိရကြ။ သတ္တိမွေးကြ။
အပြစ်ကျူးလွန်သူတို့၊ ဒါကို နှလုံးသွင်းကြ။
၉ အတိတ်ကဖြစ်ရပ်တွေကို ပြန်သတိရကြ။
ငါဟာ ဘုရားသခင်ပဲ၊ ငါကလွဲလို့ တခြားဘုရားမရှိမှန်း သတိရကြပါ။
ငါဟာ ဘုရားသခင်ပဲ။ ငါ့လိုဘုရားမျိုး မရှိဘူး။+
၁၀ နောက်ဆုံးရလဒ်ကို အစကတည်းက ငါကြိုဟောခဲ့တယ်။
မလုပ်ဆောင်ရသေးတဲ့အရာတွေကို ရှေးကတည်းက ကြိုဟောခဲ့တယ်။+
‘ငါ့ဆုံးဖြတ်ချက် တည်လိမ့်မယ်၊+ အလိုရှိရာမှန်သမျှ ငါလုပ်ဆောင်မယ်။’+
ဒါဟာ ငါကိုယ်တိုင်ပြောခဲ့တဲ့ စကားပဲ။
၁၁ ငါ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ နေထွက်ရာအရပ်က သားရဲငှက်ကို ငါခေါ်မယ်။+
ဝေးလံတဲ့ပြည်က လူတစ်ယောက်ကို ငါခေါ်မယ်။+
ငါပြောပြီးပြီ။ အဲဒီအတိုင်း လုပ်ဆောင်မယ်။
ငါရည်ရွယ်ပြီးပြီ။ အဲဒါကို အကောင်အထည်ဖော်မယ်။+
၁၂ ခေါင်းမာသူတို့၊ ဖြောင့်မတ်ခြင်းနဲ့ အလှမ်းဝေးသူတို့၊ငါပြောတာကို နားထောင်ကြပါ။
၁၃ ငါ့ရဲ့ဖြောင့်မတ်ခြင်းကို အနားခေါ်ထားပြီ။
အလှမ်းမဝေးတော့ပါဘူး။
ငါပေးမယ့်ကယ်တင်ခြင်းဟာ နှောင့်နှေးမှာ မဟုတ်ဘူး။+
ဇိအုန်ကို ကယ်တင်ခြင်းကျေးဇူး အပ်နှင်းမယ်။
အစ္စရေးကို ငါ့ရဲ့ ခမ်းနားမြင့်မြတ်မှု ပေးအပ်မယ်။”+