ဟေရှာယ ၅၆:၁-၁၂
၅၆ ယေဟောဝါ ပြောတာက–
“တရားမျှတမှုကို စောင့်ထိန်းကြ။+ ဖြောင့်မတ်ရာကို လုပ်ဆောင်ကြ။
မကြာခင် ငါကယ်တင်တော့မယ်။
ငါ့ဖြောင့်မတ်ခြင်းကို ထင်ရှားပြတော့မယ်။+
၂ အဲဒီလိုလုပ်တဲ့သူ၊အဲဒီလို စောင့်ထိန်းတဲ့သူ၊
ဥပုသ်နေ့ကို မညစ်ညူးစေဘဲ စောင့်ထိန်းတဲ့သူ၊+မကောင်းမှုမှန်သမျှ မလုပ်မိအောင် ချုပ်တည်းတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။
၃ ယေဟောဝါကို ကိုးကွယ်တဲ့ တိုင်းတစ်ပါးသားက+
‘ယေဟောဝါဘုရားက ငါ့ကို လူမျိုးတော်နဲ့ ခွဲခြားထားမှာပဲ’ လို့ ပြောရမှာ မဟုတ်ဘူး။
မိန်းမစိုး* ကလည်း ‘ငါဟာ သစ်ပင်ခြောက်ပဲ’ လို့ ပြောရမှာ မဟုတ်ဘူး။”
၄ ဥပုသ်နေ့တွေကို စောင့်ထိန်းပြီး ငါအလိုရှိရာကို ရွေးချယ်တဲ့ မိန်းမစိုးတွေ၊ ငါ့ပဋိညာဉ်ကို စောင့်ထိန်းတဲ့ မိန်းမစိုးတွေကို ယေဟောဝါ ပြောမယ်–
၅ “ငါ့အိမ်တော်မှာ၊ တံတိုင်းတွေထဲမှာ
သူတို့အတွက် နေရာတစ်နေရာပေးမယ်၊ သူတို့နာမည်ကို ငါသတိရမယ်။
အဲဒါဟာ သားသမီးတွေရတာထက် သာလွန်တဲ့အရာပဲ။
မပျက်စီးမယ့် ထာဝရနာမည်ကို သူတို့အတွက် ငါရေးထားမယ်။
၆ ငါယေဟောဝါကို ကိုးကွယ်ပြီး ငါ့အတွက် အမှုဆောင်တဲ့ တိုင်းတစ်ပါးသားတွေဟာ
ယေဟောဝါရဲ့ နာမည်ကို ချစ်မြတ်နိုးသူတွေ၊+
ဥပုသ်နေ့ကို မညစ်ညူးစေဘဲ စောင့်ထိန်းသူတွေ၊
ငါ့ပဋိညာဉ်ကို စောင့်ထိန်းသူတွေပဲ။
၇ သူတို့ကိုလည်း ငါ့ရဲ့ သန့်ရှင်းတဲ့တောင်ဆီ ခေါ်လာမယ်။+
ဆုတောင်းရာ အိမ်တော်ထဲမှာ သူတို့ ဝမ်းမြောက်ရလိမ့်မယ်။
ပူဇော်ရာပလ္လင်ပေါ် သူတို့ဆက်သတဲ့ အကုန်အစင် မီးရှို့ရာအလှူတွေ၊ ပူဇော်သက္ကာတွေကို ငါလက်ခံမယ်။
ငါ့အိမ်ကို လူမျိုးအားလုံး ဆုတောင်းရာအိမ်လို့ ခေါ်ကြလိမ့်မယ်။”+
၈ တကွဲတပြား ဖြစ်နေတဲ့ အစ္စရေးတွေကို ပြန်စုသိမ်းတဲ့အရှင်၊+အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက “စုသိမ်းပြီးသားသူတွေအပြင် တခြားသူတွေကိုလည်း သူတို့ဆီမှာ ငါစုသိမ်းဦးမယ်”+ လို့ပြောတယ်။
၉ တောထဲက သားရဲအပေါင်းတို့၊တောအုပ်ထဲက သားရဲအပေါင်းတို့၊ လာစားကြ။+
၁၀ ကင်းစောင့်တွေ မျက်စိကန်းနေတယ်။+ တစ်ယောက်မှ သတိမရှိကြဘူး။+
အားလုံးဟာ အနေတဲ့ခွေးတွေ၊ မဟောင်နိုင်တဲ့ ခွေးတွေပဲ။+
မောဟိုက်ပြီး လဲလျောင်းနေကြတယ်။ အအိပ်ကြီးကြတယ်။
၁၁ သူတို့ဟာ အစာငမ်းတဲ့* ခွေးတွေပဲ။
ဘယ်တော့မှ စားလို့မဝဘူး။
သူတို့ဟာ သိနားလည်မှုမရှိတဲ့ သိုးထိန်းတွေပဲ။+
အားလုံး ကိုယ့်လမ်းကိုယ်သွားကြတယ်။
ယောက်တိုင်းက မသမာနည်းနဲ့ စီးပွားရှာပြီး၊
၁၂ “လာကြ။ စပျစ်ဝိုင်ကို ငါယူခဲ့မယ်။
အရက်ကို မူးအောင်သောက်ကြစို့။+
မနက်ဖြန်ဟာ ဒီနေ့လိုပဲဖြစ်မှာပါ။ ဒီထက်တောင် ပိုကောင်းဦးမယ်” လို့ပြောကြတယ်။