ဟေရှာယ ၅၉:၁-၂၁

  • အစ္စရေးတွေရဲ့အပြစ် ဘုရားနဲ့ဝေးကွာစေ (၁-၈)

  • အပြစ်တွေကို ဝန်ချ (၉-၁၅က)

  • နောင်တရသူအတွက် ယေဟောဝါ ကြားဝင်လုပ်ဆောင် (၁၅ခ-၂၁)

၅၉  ယေဟောဝါက မကယ်တင်နိုင်လောက်အောင် လက်တော်မတိုပါဘူး။+ မကြားနိုင်လောက်အောင် နားမထိုင်းပါဘူး။+  ၂  ဘုရားသခင်နဲ့ ဝေးကွာသွားတာဟာ မင်းတို့ရဲ့ အမှားတွေကြောင့်ပါ။+ မျက်နှာတော်လွှဲပြီး မင်းတို့ပြောတာကို နားမထောင်တော့တာဟာ+ မင်းတို့ရဲ့ အပြစ်တွေကြောင့်ပါ။  ၃  မင်းတို့ရဲ့ လက်ဖဝါးတွေ သွေးစွန်းနေတယ်၊+လက်ချောင်းတွေလည်း အမှားတွေ စွန်းထင်းနေတယ်။ အလိမ်အညာတွေ ပြောကြတယ်။+ မဖြောင့်မတ်တဲ့ စကားတွေ ပြောကြတယ်။  ၄  ဖြောင့်မတ်ခြင်းကို အော်ခေါ်တဲ့သူ တစ်ယောက်မှ မရှိဘူး။+ တရားရုံးကိုသွားပြီး အမှန်အတိုင်း ထွက်ဆိုတဲ့သူ တစ်ယောက်မှ မရှိဘူး။ တကယ်မရှိတဲ့အရာကို ကိုးစားပြီး+ တန်ဖိုးမရှိတာတွေ ပြောနေကြတယ်။ ပြဿနာကို ကိုယ်ဝန်ဆောင်ပြီး ဘေးဖြစ်စေတဲ့အရာကို မွေးဖွားကြတယ်။+  ၅  အဆိပ်ပြင်းတဲ့ မြွေဥတွေကို ဝပ်ကြတယ်။ အဲဒီဥတွေကိုစားရင် သေတတ်တယ်။ အဲဒီဥတွေကနေ မြွေပွေး ပေါက်လာတယ်။ ပင့်ကူမျှင်ကို ရက်လုပ်ကြတယ်။+  ၆  သူတို့ရက်တဲ့ ပင့်ကူမျှင်နဲ့ အဝတ်ချုပ်လို့ မရဘူး။ သူတို့လုပ်တဲ့အရာကို ခြုံလို့လည်း မရဘူး။+ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘေးဖြစ်စေတယ်။ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ကြတယ်။+  ၇  မကောင်းမှု ကျူးလွန်ဖို့ဆိုရင် ခြေသွက်ကြတယ်။ အပြစ်မဲ့သူကိုသတ်ဖို့ အပြေးအလွှား သွားတတ်ကြတယ်။+ အကျိုးယုတ်တာတွေပဲ ကြံစည်နေကြတယ်။ သူတို့သွားတဲ့လမ်းမှာ ပျက်စီးခြင်းနဲ့ဒုက္ခပဲ ရှိတယ်။+  ၈  ငြိမ်သက်ခြင်းလမ်းကို သူတို့ မသိဘူး။ သူတို့လျှောက်တဲ့လမ်းမှာ တရားမျှတမှု မရှိဘူး။+ လမ်းတွေကို ကွေ့ကောက်စေတယ်။ သူတို့လမ်းအတိုင်း လိုက်တဲ့သူဟာ ငြိမ်သက်ခြင်းအကြောင်း သိမှာ မဟုတ်ဘူး။+  ၉  ဒါကြောင့် တရားမျှတမှုဟာ ငါတို့နဲ့ အလှမ်းဝေးနေတယ်။ ဖြောင့်မတ်မှုကလည်း လိုက်မမီဘူး။ အလင်းကို မျှော်လင့်ပေမဲ့ အမှောင်ပဲ ရှိနေတယ်။ တောက်ပတဲ့နေ့ကို မျှော်လင့်ပေမဲ့ မှောင်ရိပ်ထဲမှာပဲ လျှောက်နေရတယ်။+ ၁၀  ငါတို့က မျက်မမြင်တွေလို နံရံကိုစမ်းပြီး သွားနေရတယ်။ မျက်ကန်းတွေလို စမ်းတဝါးဝါး သွားနေရတယ်။+ မွန်းတည့်ချိန်မှာတောင် ညဘက်မှာလို ခလုတ်တိုက်လဲကျတယ်။ သန်စွမ်းသူတွေကြားမှာ ငါတို့ဟာ လူသေတွေလို ဖြစ်နေတယ်။ ၁၁  ဝက်ဝံတွေလို မာန်ဖီနေရတယ်။ ချိုးတွေလို ဝမ်းနည်းပက်လက်နဲ့ ကူနေရတယ်။ တရားမျှတမှုကို မျှော်လင့်ပေမဲ့ အချည်းနှီးပါပဲ။ ကယ်တင်ခြင်းကို မျှော်လင့်ပေမဲ့ ငါတို့နဲ့ အလှမ်းဝေးနေတယ်။ ၁၂  ရှေ့တော်မှာ ငါတို့ရဲ့ ပုန်ကန်မှုတွေ များလှတယ်။+ အပြစ်တိုင်းက ငါတို့အကြောင်း သက်သေထွက်ဆိုနေတယ်။+ ကိုယ့်ပုန်ကန်မှုအကြောင်း ကိုယ်သိပါတယ်။ ကိုယ့်အမှားတွေအကြောင်း ကောင်းကောင်းသိပါတယ်။+ ၁၃  ငါတို့က ပြစ်မှားပြီး ယေဟောဝါကို ငြင်းပယ်ခဲ့တယ်။ ဘုရားသခင်ကို ကျောခိုင်းခဲ့တယ်။ ဖိနှိပ်တဲ့စကား၊ ပုန်ကန်တဲ့စကားတွေ ပြောခဲ့တယ်။+ မုသာပြောဖို့ ကြံစည်ပြီး မဟုတ်မမှန်တဲ့ စကားတွေကို စိတ်ထဲမှာ ပြောဆိုခဲ့တယ်။+ ၁၄  တရားမျှတမှုကို နှင်ထုတ်လိုက်ကြပြီ။+ ဖြောင့်မတ်မှုဆိုတာလည်း အဝေးမှာပဲ ရှိတော့တယ်။+ လူထုရင်ပြင်မှာ အမှန်တရား ပြိုလဲသွားတော့ ဖြောင့်မှန်မှုကလည်း ဝင်မလာနိုင်ဘူး။ ၁၅  အမှန်တရား ပျောက်ကွယ်သွားပြီ။+ မကောင်းမှုကို ရှောင်တဲ့သူတွေ ပျက်စီးသွားပြီ။ ဒါကို ယေဟောဝါ မြင်ပြီး တရားမျှတမှု မရှိတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်တယ်။+ ၁၆  ကူညီနိုင်သူ မရှိတဲ့အဖြစ်ကို တွေ့တယ်။ အသနားခံပေးမယ့်သူ မရှိတဲ့အတွက် အံ့သြသွားတယ်။ ဒါကြောင့် ဘုရားကိုယ်တိုင် လက်ရုံးတော်နဲ့ ကယ်တင်တော့မယ်။ ဘုရားကို ထောက်မကူညီနေတာ ဖြောင့်မတ်ခြင်းပဲ။ ၁၇  ဘုရားက ဖြောင့်မတ်ခြင်းကို သံချပ်အင်္ကျီလို ဝတ်ဆင်တယ်။ ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတယ်။+ လက်စားချေခြင်းကို ဝတ်လုံလို ဝတ်ဆင်တယ်။+ စိတ်ထက်သန်ခြင်းကို ဝတ်ရုံလို ခြုံတယ်။ ၁၈  ဘုရားက သူတို့လုပ်ရပ်အတိုင်း ပြန်ဆပ်ပေးမယ်။+ ရန်ဘက်တွေကို အမျက်ထွက်ပြီး ရန်သူတွေကို ဒဏ်ခတ်မယ်။+ ကျွန်းတွေကိုလည်း ခံထိုက်တဲ့အတိုင်း ပြန်ဆပ်ပေးမယ်။ ၁၉  စွမ်းအားတော်လှုံ့ဆော်လို့ တစ်ဟုန်ထိုးတက်လာတဲ့ မြစ်ရေလို ယေဟောဝါ ရောက်လာမယ်။ ဒါကြောင့် နေဝင်ရာအရပ်က လူတွေဟာ ယေဟောဝါရဲ့ နာမည်ကို ရိုသေလေးစားကြလိမ့်မယ်။ နေထွက်ရာအရပ်က လူတွေဟာ ဘုန်းတန်ခိုးတော်ကို ကြောက်ရွံ့ရိုသေကြလိမ့်မယ်။ ၂၀  “ပြန်ဝယ်တဲ့အရှင်က+ ဇိအုန်ဆီ ကြွလာမယ်၊+အပြစ်ကို ကျောခိုင်းလိုက်တဲ့ ယာကုပ်အမျိုးဆီ ရောက်လာမယ်”+ လို့ ယေဟောဝါပြောတယ်။ ၂၁  “သူတို့နဲ့ ငါပဋိညာဉ်ဖွဲ့မယ်”+ လို့ ယေဟောဝါပြောတယ်။ “မင်းအပေါ်မှာရှိတဲ့ ငါ့စွမ်းအားတော်နဲ့ မင်းကိုမှာထားတဲ့ ငါ့စကားတွေဟာ မင်းဆီမှာ၊ မင်းရဲ့သားသမီးတွေ၊ မြေးမြစ်တွေဆီမှာ အခုကစပြီး ထာဝစဉ် တည်ရှိမယ်” လို့ ယေဟောဝါ ပြောတယ်။

အောက်ခြေမှတ်ချက်များ