ဟေရှာယ ၆၁:၁-၁၁

  • သတင်းကောင်းကြေညာဖို့ ဘိသိက်ပေးခံရ (၁-၁၁)

    • “ယေဟောဝါရဲ့ မင်္ဂလာနှစ်” ()

    • “ဖြောင့်မတ်ခြင်းသစ်ပင်ကြီးတွေ” ()

    • ကူညီမယ့် တိုင်းတစ်ပါးသားတွေ ()

    • “ယေဟောဝါရဲ့ ပုရောဟိတ်တွေ” ()

၆၁  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါရဲ့ စွမ်းအားတော်က ငါ့အပေါ်မှာ သက်ရောက်နေတယ်။+ နူးညံ့သိမ်မွေ့သူတွေဆီ သတင်းကောင်း ကြေညာဖို့ ငါ့ကို ယေဟောဝါ ဘိသိက်ပေးထားတယ်။+ စိတ်ကြေကွဲနေသူတွေရဲ့ ဒဏ်ရာတွေကို စည်းပေးဖို့၊သုံ့ပန်းတွေကို လွတ်လပ်ခွင့်ရတော့မယ့်အကြောင်း ကြေညာဖို့၊အကျဉ်းသားတွေရဲ့ မျက်စိကို အကျယ်ကြီးဖွင့်ပေးဖို့ ငါ့ကို ဘုရားစေလွှတ်တယ်။+  ၂  ယေဟောဝါရဲ့ မင်္ဂလာနှစ်* အကြောင်း ကြေညာဖို့၊ဘုရားသခင် လက်စားချေမယ့်နေ့အကြောင်း ကြေညာဖို့၊+ဝမ်းနည်းပူဆွေးသူတွေကို နှစ်သိမ့်ပေးဖို့၊+  ၃  ဇိအုန်အတွက် ဝမ်းနည်းပူဆွေးသူတွေကို ပြာတွေအစား ခေါင်းပေါင်းကို ပေးဖို့၊ဝမ်းနည်းပူဆွေးခြင်းအစား အားရရွှင်လန်းခြင်းဆီကို ပေးဖို့၊စိတ်ပျက်အားငယ်ခြင်းအစား ချီးမွမ်းခြင်းဝတ်ရုံကို ပေးဖို့ ငါ့ကိုစေလွှတ်တယ်။ သူတို့ဟာ ဘုရားကို ဂုဏ်တင်ချီးမွမ်းတဲ့ ဖြောင့်မတ်ခြင်းသစ်ပင်ကြီးတွေ၊ယေဟောဝါစိုက်ပျိုးတဲ့ အပင်တွေလို့ အခေါ်ခံရလိမ့်မယ်။+  ၄  ရှေးဟောင်း အပျက်အယွင်းတွေကို သူတို့ ပြန်တည်ဆောက်မယ်။ အတိတ်က လူသူကင်းမဲ့ခဲ့တဲ့ နေရာတွေကို ပြန်ထူထောင်မယ်။+ မြို့ပျက်တွေ၊+ လူမျိုးအဆက်ဆက် လူဆိတ်ညံတဲ့နေရာတွေကို ပြန်ထူထောင်မယ်။+  ၅  “သူစိမ်းတွေ ရောက်လာပြီး မင်းတို့ရဲ့ သိုးအုပ်တွေကို ထိန်းကျောင်းမယ်။ တိုင်းတစ်ပါးသားတွေဟာ+ မင်းတို့ရဲ့ လယ်သမားတွေ၊ စပျစ်ခြံလုပ်သားတွေ ဖြစ်လိမ့်မယ်။+  ၆  မင်းတို့ကို ယေဟောဝါရဲ့ ပုရောဟိတ်တွေ၊+ဘုရားသခင်အတွက် အမှုဆောင်သူတွေလို့ ခေါ်ကြလိမ့်မယ်။ လူမျိုးခြားတွေရဲ့ ပစ္စည်းဥစ္စာတွေကို မင်းတို့ စားသုံးရလိမ့်မယ်။+ သူတို့ဆီကရတဲ့ စည်းစိမ်ဥစ္စာတွေကြောင့် ဝါကြွားရလိမ့်မယ်။  ၇  မင်းတို့ အရှက်ကွဲခဲ့ရပေမဲ့ အဲဒီအခါ ဝေစုနှစ်ဆရမယ်။ အရှက်တကွဲ ဖြစ်ခဲ့ရပေမဲ့ ရလာတဲ့ဝေစုကြောင့် ရွှင်လန်းစွာ ကြွေးကြော်လိမ့်မယ်။ တိုင်းပြည်မှာ ဝေစုနှစ်ဆကို တကယ်ပိုင်ဆိုင်ရလိမ့်မယ်။+ ထာဝစဉ် ဝမ်းမြောက်ရလိမ့်မယ်။+  ၈  ငါယေဟောဝါက တရားမျှတမှုကို နှစ်သက်တယ်။+ လုယက်မှုနဲ့ မဖြောင့်မတ်မှုကို မုန်းတယ်။+ ငါက သစ္စာရှိမယ်။ သူတို့ရဲ့လုပ်ခကို ပေးမယ်။ သူတို့နဲ့ ထာဝရပဋိညာဉ် ဖွဲ့မယ်။+  ၉  သူတို့ရဲ့မျိုးနွယ်က လူမျိုးခြားတွေအလယ်မှာ၊+သူတို့ရဲ့ သားစဉ်မြေးဆက်တွေက လူတွေအလယ်မှာ ကျော်ကြားလိမ့်မယ်။ မြင်သူတိုင်းက သူတို့ဟာ ယေဟောဝါရဲ့ကောင်းချီး ရထားတဲ့ မျိုးနွယ်ဖြစ်မှန်း အသိအမှတ်ပြုကြလိမ့်မယ်။”+ ၁၀  ယေဟောဝါကြောင့် ငါ အကြီးအကျယ် ဝမ်းမြောက်မယ်။ ဘုရားသခင်ကြောင့် အတိုင်းမသိ ရွှင်လန်းမယ်။+ ဘုရားက ငါ့ကို ပုရောဟိတ်ခေါင်းပေါင်း ပေါင်းထားတဲ့ သတို့သားလို၊+အလှတန်ဆာ ဆင်မြန်းထားတဲ့ သတို့သမီးလို ကယ်တင်ခြင်းဝတ်လုံ ဝတ်ဆင်ပေးပြီး+ ဖြောင့်မတ်ခြင်းဝတ်ရုံ ခြုံလွှမ်းပေးလိုက်ပြီ။ ၁၁  မြေကြီးက အညှောက်ပေါက်စေသလို၊ဥယျာဉ်က ကြဲထားတဲ့ မျိုးစေ့တွေကို အညှောက်ပေါက်စေသလို အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါကလည်း ဖြောင့်မတ်ခြင်းနဲ့+ ချီးမွမ်းခြင်းကို လူမျိုးအားလုံးရှေ့မှာ အညှောက်ပေါက်စေမယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “မျက်နှာသာပေးတဲ့နှစ်။”