ဟေရှာယ ၆၄:၁-၁၂
၆၄ ကိုယ်တော်သာ ကောင်းကင်ကို အပိုင်းပိုင်းခွဲပြီး ဆင်းလာခဲ့ရင် သိပ်ကောင်းမှာ။
အဲဒီလိုသာဆိုရင် တောင်တန်းတွေ တုန်ခါသွားမှာပဲ။
၂ မီးကြောင့် ချုံပုတ်တွေ လောင်ကျွမ်းသလို၊
မီးကြောင့် ရေတွေ ပွက်ပွက်ဆူသလို ဖြစ်သွားမှာပဲ။
အဲဒီအခါ နာမတော်ကို ရန်သူတွေ သိလာလိမ့်မယ်။
ရှေ့တော်မှာ လူမျိုးတွေ တုန်လှုပ်လိမ့်မယ်။
၃ ကိုယ်တော်က ကျွန်တော်တို့ မမျှော်လင့်ရဲတဲ့ အံ့မခန်းဖွယ် လုပ်ရပ်တွေ လုပ်ဆောင်ပြီး+ ဆင်းသက်လာတဲ့အခါ ရှေ့တော်မှာ တောင်တန်းတွေ တုန်ခါသွားတယ်။+
၄ မျှော်လင့်စောင့်စားနေသူတွေအတွက် လုပ်ဆောင်ပေးတဲ့ ဘုရားသခင်၊ကိုယ်တော်ကလွဲလို့ တခြားဘုရားကို ရှေးအချိန်ကတည်းက မမြင်ဖူးပါဘူး။
မကြားမသိဖူးပါဘူး။+
၅ ကိုယ်တော်က မှန်ရာကို ရွှင်လန်းစွာ လုပ်ဆောင်သူတွေ၊ကိုယ်တော့်ကိုသတိရပြီး လမ်းစဉ်တော်အတိုင်း လိုက်လျှောက်သူတွေကို ကြိုဆိုလက်ခံတယ်။+
ကျွန်တော်တို့က အပြစ်တွေကို ကြာမြင့်စွာ အထပ်ထပ် ကျူးလွန်ခဲ့တော့
အမျက်တော်ရှပြီပေါ့။+
ကျွန်တော်တို့ ကယ်တင်ခံရပါဦးမလား။
၆ ကျွန်တော်တို့အားလုံးဟာ မသန့်ရှင်းတဲ့သူတွေလို ဖြစ်နေပြီ။
ကျွန်တော်တို့ရဲ့ ဖြောင့်မတ်တဲ့ လုပ်ရပ်တွေဟာ ရာသီသွေးပေနေတဲ့ အဝတ်စလို ဖြစ်နေပြီ။+
သစ်ရွက်လို ကျွန်တော်တို့ ညှိုးနွမ်းသွားတော့မယ်။
အမှားတွေက ကျွန်တော်တို့ကို လေလို တိုက်ချသွားလိမ့်မယ်။
၇ နာမတော်ခေါ်ပြီး ဆုတောင်းတဲ့သူ၊ကိုယ်တော့်ကို ကိုင်စွဲဖို့ စိတ်ပြင်းပြတဲ့သူ တစ်ယောက်မှ မရှိဘူး။
ကျွန်တော်တို့ကို ကိုယ်တော် မျက်နှာလွှဲလိုက်ပြီ။+
အမှားတွေကြောင့် လုံးပါးပါးစေပြီ။
၈ ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ဖခင်ပါ။+
ကိုယ်တော်ဟာ အိုးထိန်းသမား၊ ကျွန်တော်တို့ဟာ ရွှံ့မြေပါ။+
ကျွန်တော်တို့အားလုံးဟာ လက်ရာတော်တွေပဲ။
၉ အို ယေဟောဝါ၊ အကြီးအကျယ် အမျက်မထွက်လိုက်ပါနဲ့။+
ကျွန်တော်တို့ရဲ့ အမှားတွေကို အမြဲမအောက်မေ့ပါနဲ့။
ကျွန်တော်တို့အားလုံးဟာ ကိုယ်တော့်လူတွေဖြစ်နေလို့ ကြည့်ရှုတော်မူပါ။
၁၀ သန့်ရှင်းတဲ့မြို့တော်တွေ တောကန္တာရ ဖြစ်သွားပြီ။
ဇိအုန်ဟာ တောကန္တာရ၊ဂျေရုဆလင်မြို့ဟာ လွင်တီးခေါင် ဖြစ်သွားပြီ။+
၁၁ ကိုယ်တော့်ကို ဘိုးဘေးတွေ ချီးမွမ်းခဲ့တဲ့နေရာ၊သန့်ရှင်းပြီး ဂုဏ်ကျက်သရေရှိတဲ့ အိမ်တော်ဟာ မီးလောင်ကျွမ်းသွားပြီ။+
ကျွန်တော်တို့ မြတ်နိုးတာမှန်သမျှ ပျက်စီးကုန်ပြီ။
၁၂ ယေဟောဝါဘုရား၊ ဒါတောင် မကူညီဘဲ ဒီအတိုင်း နေတော့မှာလား။
ဒီလိုပဲ နှုတ်ဆိတ်နေတော့မှာလား။ ကျွန်တော်တို့ အကြီးအကျယ် ဒုက္ခရောက်တာကို ခွင့်ပြုနေဦးမှာလား။+