ဟေရှာယ ၆၅:၁-၂၅

  • ရုပ်တုကိုးကွယ်သူတွေကို ယေဟောဝါစီရင် (၁-၁၆)

    • ကံကောင်းခြင်းနတ်ဘုရား၊ ကံကြမ္မာနတ်ဘုရား (၁၁)

    • “ငါ့ကျွန်တွေ စားရလိမ့်မယ်” (၁၃)

  • ကောင်းကင်သစ်နဲ့ မြေကြီးသစ် (၁၇-၂၅)

    • အိမ်တွေဆောက်၊ စပျစ်ခြံတွေစိုက် (၂၁)

    • အပင်ပန်းခံသမျှ အချည်းနှီးမဖြစ်ရ (၂၃)

၆၅  “ငါ့ကို မမေးတဲ့သူတွေကို ပြန်ဖြေဖို့၊ငါ့ကို မရှာတဲ့သူတွေကို အတွေ့ခံဖို့ ငါအသင့်ရှိတယ်။+ ငါ့နာမည်ကိုခေါ်ပြီး ဆုမတောင်းတဲ့ လူမျိုးကိုလည်း ‘ငါဒီမှာရှိတယ်’ လို့ ပြောတယ်။+  ၂  ခေါင်းမာတဲ့သူတွေ၊+စိတ်ထင်ရာလုပ်ပြီး+ လမ်းမှားလိုက်နေသူတွေကို+ငါတစ်နေ့လုံး လက်ကမ်းထားတယ်။  ၃  သူတို့ဟာ ငါစိတ်ဆိုးအောင် ပြောင်ပြောင်တင်းတင်း လုပ်နေတဲ့သူတွေပဲ။+ ဥယျာဉ်တွေမှာ ယဇ်ပူဇော်ပြီး+ အုတ်ခဲတွေပေါ်မှာ မီးရှို့ပူဇော်တဲ့သူတွေပဲ။  ၄  သူတို့က အုတ်ဂူတွေကြားမှာ ထိုင်ပြီး+ မှောင်မိုက်အရပ်တွေမှာ ညကိုကုန်လွန်စေကြတယ်။ ဝက်သား စားကြတယ်။+ ညစ်ညူးတဲ့ အသားပြုတ်ရည်ကို အိုးခွက်တွေထဲ ထည့်ထားကြတယ်။+  ၅  ‘ကိုယ့်ဟာကိုယ် နေပါ။ ငါ့အနား မကပ်နဲ့။ ငါက မင်းထက် ပိုသန့်ရှင်းတယ်’ လို့ ပြောကြတယ်။ ဒီလူတွေဟာ ငါ့နှာခေါင်းထဲဝင်လာတဲ့ မီးခိုး၊ တစ်နေ့လုံး လောင်နေတဲ့ မီးပဲ။  ၆  အဲဒါတွေကို ငါ့ရှေ့မှာ ရေးမှတ်ထားတယ်။ ငါငြိမ်နေမှာ မဟုတ်ဘူး။ သူတို့ကို ပြန်ဆပ်ပေးမယ်။+ အပြည့်အဝ ပြန်ဆပ်ပေးမယ်။  ၇  သူတို့က တောင်တန်းတွေပေါ်မှာ မီးရှို့ပူဇော်ပြီး တောင်ကုန်းတွေပေါ်မှာ ငါ့ကို မထီမဲ့မြင်ပြုကြတယ်။+ ဒါကြောင့် ငါက သူတို့ရဲ့အမှားတွေ၊ ဘိုးဘေးတွေရဲ့ အမှားတွေအတွက် ပြန်ဆပ်ပေးမယ်။+ သူတို့ရထိုက်တဲ့အခကို အရင်ဆုံး အပြည့်အဝပြန်ဆပ်မယ်” လို့ ယေဟောဝါ ပြောတယ်။  ၈  ယေဟောဝါ ပြောတာက– “အရည်ရွှမ်းတဲ့ စပျစ်သီးတစ်ပြွတ်ကို တွေ့တဲ့အခါ‘အဲဒီမှာ အသီးကောင်းတွေ ရှိသေးတယ်၊ မဖျက်ဆီးလိုက်နဲ့’ လို့ပြောတတ်သလို ငါကလည်း ငါ့ကျွန်တွေရဲ့ အကျိုးအတွက် အဲဒီလိုလုပ်ဆောင်မယ်။ အကုန်လုံးကို ဖျက်ဆီးမှာ မဟုတ်ဘူး။+  ၉  ငါက မျိုးနွယ်ကို ယာကုပ်ထဲကနေ ပေါ်ထွက်စေမယ်။ ငါ့တောင်တန်းတွေကို အမွေဆက်ခံမယ့်သူကို ယုဒထဲကနေ ပေါ်ထွက်စေမယ်။+ ငါရွေးချယ်ထားတဲ့သူတွေက အဲဒီပြည်ကို ပိုင်ဆိုင်ရလိမ့်မယ်။ အဲဒီမှာ ငါ့ကျွန်တွေ နေထိုင်ရလိမ့်မယ်။+ ၁၀  ရှာရုန်လွင်ပြင်ဟာ+ သိုးတွေအတွက် စားကျက်မြေ ဖြစ်လာမယ်။ အာခေါ်ချိုင့်ဝှမ်းလွင်ပြင်ဟာ+ သိုးနွားတွေ နားတဲ့နေရာ ဖြစ်လာမယ်။ ငါ့ကိုရှာတဲ့လူတွေအတွက် အဲဒီလိုလုပ်ဆောင်ပေးမယ်။ ၁၁  ဒါပေမဲ့ မင်းတို့က ငါယေဟောဝါကို ပစ်ပယ်တယ်။+ ငါ့ရဲ့ သန့်ရှင်းတဲ့တောင်ကို မေ့လျော့တယ်။+ ကံကောင်းခြင်း နတ်ဘုရားအတွက် စားပွဲတည်ခင်းတယ်။ ကံကြမ္မာ နတ်ဘုရားအတွက် ခွက်ထဲ စပျစ်ဝိုင်ဖြည့်ပြီး ဆက်သတယ်။ ၁၂  ငါခေါ်ပေမဲ့ မင်းတို့ပြန်မထူးဘူး။ ငါပြောပေမဲ့ နားမထောင်ဘူး။+ ငါ့ရှေ့မှာ မကောင်းတာတွေပဲ ဆက်လုပ်ပြီး ငါမကြိုက်တာတွေကို ရွေးချယ်တယ်။+ ဒါကြောင့် မင်းတို့အတွက် ဓားဘေးကို ငါစီမံထားမယ်။+ မင်တို့အားလုံး အသတ်ခံရဖို့ ဦးညွှတ်ရကြလိမ့်မယ်။”+ ၁၃  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ငါ့ကျွန်တွေ စားရလိမ့်မယ်။ မင်းတို့ကတော့ ဆာလောင်မယ်။+ ငါ့ကျွန်တွေ သောက်ရလိမ့်မယ်။+ မင်းတို့ကတော့ ရေငတ်မယ်။ ငါ့ကျွန်တွေ ဝမ်းမြောက်ရလိမ့်မယ်။+ မင်းတို့ကတော့ အရှက်ကွဲမယ်။+ ၁၄  ငါ့ကျွန်တွေဟာ စိတ်ကြည်နူးနေတဲ့အတွက် ရွှင်လန်းစွာ ကြွေးကြော်လိမ့်မယ်။ မင်းတို့ကတော့ စိတ်နာကျင်နေတဲ့အတွက် ညည်းတွားအော်ဟစ်မယ်။ စိတ်ကြေကွဲနေတဲ့အတွက် ငိုကြွေးမြည်တမ်းရလိမ့်မယ်။ ၁၅  မင်းတို့ချန်ခဲ့တဲ့ နာမည်ဟာ ငါရွေးချယ်ထားသူတွေ ကျိန်စာတိုက်တဲ့အခါ သုံးဖို့ပဲ ဖြစ်သွားမယ်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက မင်းတို့အားလုံးကို ကွပ်မျက်မယ်။ ငါ့ကျွန်တွေကိုတော့ နာမည်နောက်တစ်မျိုးနဲ့ မှည့်ခေါ်မယ်။+ ၁၆  ဒါကြောင့် ကမ္ဘာပေါ်မှာ ကောင်းချီးတောင်းခံသူတွေဟာ အမှန်တရားရဲ့ ဘုရားသခင်ဆီကပဲ ကောင်းချီးခံစားရမယ်။ ကမ္ဘာပေါ်မှာ တိုင်တည်ကျိန်ဆိုသူတွေဟာ အမှန်တရားရဲ့ ဘုရားသခင်ကိုပဲ တိုင်တည်ကျိန်ဆိုလိမ့်မယ်။+ အတိတ်ကဒုက္ခတွေကို မေ့လျော့သွားမယ်။ အဲဒါတွေဟာ ငါ့ရှေ့ကနေ ပျောက်ကွယ်သွားမယ်။+ ၁၇  ကြည့်ပါ။ ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ငါဖန်ဆင်းနေတယ်။+ အရင်တုန်းက ဖြစ်ခဲ့တာတွေကို သတိရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲပေါ်လာတော့မှာ မဟုတ်ဘူး။+ ၁၈  ငါဖန်ဆင်းနေတဲ့ အရာအတွက် ထာဝစဉ်  ရွှင်လန်းဝမ်းမြောက်ကြပါ။ ဂျေရုဆလင်မြို့ကို ရွှင်လန်းစေတဲ့အရာ၊လူတွေကို အားရရွှင်လန်းစေတဲ့ အရာအဖြစ် ငါဖန်ဆင်းနေတယ်။+ ၁၉  ငါက ဂျေရုဆလင်မြို့ကြောင့် ဝမ်းမြောက်မယ်။ ငါ့လူတွေကြောင့် ရွှင်လန်းမယ်။+ အဲဒီမှာ ငိုကြွေးသံတွေ၊ ကူပါကယ်ပါဆိုတဲ့ အသံတွေ ကြားရတော့မှာ မဟုတ်ဘူး။”+ ၂၀  “အဲဒီမှာ ရက်အနည်းငယ်ပဲ အသက်ရှင်တဲ့ နို့စို့ကလေးတွေ ရှိမှာ မဟုတ်ဘူး။ သက်တမ်းစေ့မနေရတဲ့ အသက်ကြီးသူတွေလည်း ရှိမှာ မဟုတ်ဘူး။ အသက်တစ်ရာမှာ သေဆုံးတဲ့သူကို ကလေးအရွယ်ပဲ ရှိသေးတယ်လို့ ယူမှတ်ကြလိမ့်မယ်။ အပြစ်ကျူးလွန်တဲ့သူဟာ အသက်တစ်ရာ ရှိနေရင်တောင် ကျိန်ခြင်းခံရလိမ့်မယ်။* ၂၁  လူတွေက အိမ်တွေဆောက်ပြီး ကိုယ်တိုင်နေထိုင်ရလိမ့်မယ်။+ စပျစ်ခြံတွေစိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင်စားသုံးရလိမ့်မယ်။+ ၂၂  သူတို့ဆောက်တဲ့အိမ်မှာ တခြားသူတွေ နေထိုင်မှာ မဟုတ်ဘူး။ သူတို့စိုက်ပျိုးတဲ့ အပင်တွေကို တခြားသူတွေ စားသုံးမှာ မဟုတ်ဘူး။ ငါ့လူတွေရဲ့ သက်တမ်းဟာ သစ်ပင်ရဲ့ သက်တမ်းလို ဖြစ်မယ်။+ ငါရွေးချယ်ထားသူတွေဟာ ကိုယ့်လုပ်အားရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရလိမ့်မယ်။ ၂၃  သူတို့ရော သားမြေးတွေပါ+ ငါယေဟောဝါပေးတဲ့ ကောင်းချီးကို ခံစားရတဲ့မျိုးနွယ် ဖြစ်လိမ့်မယ်။+ ဒါကြောင့် သူတို့ အပင်ပန်းခံခဲ့သမျှ အချည်းနှီးဖြစ်မှာ မဟုတ်ဘူး။+ မွေးလာတဲ့ ကလေးတွေလည်း ဘေးဒုက္ခခံရမှာ မဟုတ်ဘူး။ ၂၄  သူတို့မခေါ်ခင်ကတည်းက ငါထူးမယ်။ သူတို့ပြောလို့မဆုံးခင် ငါနားထောင်ပြီး အဖြေပေးမယ်။ ၂၅  ဝံပုလွေနဲ့သိုးသငယ် အတူကျက်စားလိမ့်မယ်။ ခြင်္သေ့က နွားလို ကောက်ရိုးစားလိမ့်မယ်။+ မြွေက မြေမှုန့်ကိုပဲ စားလိမ့်မယ်။ ငါ့ရဲ့ သန့်ရှင်းတဲ့တောင်တစ်ပြင်လုံးမှာ သူတို့ အန္တရာယ်ပြုမှာ၊ ဖျက်လိုဖျက်ဆီးလုပ်မှာ မဟုတ်ဘူး”+ လို့ ယေဟောဝါပြောတယ်။

အောက်ခြေမှတ်ချက်များ

“အသက်တစ်ရာ မပြည့်သူကို ကျိန်ခြင်းခံရသူလို့ ယူမှတ်ကြလိမ့်မယ်” လည်းဖြစ်နိုင်။