ဟေရှာယ ၆၆:၁-၂၄
၆၆ ယေဟောဝါက “ကောင်းကင်ဟာ ငါ့ရာဇပလ္လင်ပဲ။
ကမ္ဘာမြေဟာ ငါ့ခြေတင်ခုံပဲ။+
ဒီတော့ ငါ့အတွက် ဘယ်လိုအိမ်မျိုးကို မင်းတို့ဆောက်ပေးမှာလဲ။+
ဘယ်နေရာမှာ ငါစံမြန်းရမလဲ”+ လို့ပြောတယ်။
၂ ယေဟောဝါ ပြောတာက–
“ဒါတွေအားလုံးဟာ ငါကိုယ်တိုင် ဖန်ဆင်းထားလို့ ဖြစ်တည်လာတာ။+
တကယ်တော့ ငါ့မိန့်မှာချက်တွေကြောင့် စိုးရိမ်နေတဲ့ စိတ်နှိမ့်ချသူတွေ၊စိတ်ကြေကွဲနေသူတွေကိုပဲ ငါကြည့်ရှုမှာ။+
၃ နွားသတ်တဲ့သူဟာ လူသတ်တဲ့သူနဲ့ တူတယ်။+
သိုးကို ပူဇော်တဲ့သူဟာ ခွေးလည်ပင်းကို ချိုးတဲ့သူနဲ့ တူတယ်။+
လက်ဆောင် ဆက်သတဲ့သူဟာ ဝက်သွေးကို ဆက်သတဲ့သူနဲ့ တူတယ်။+
သတိရအောက်မေ့တဲ့အနေနဲ့ လောဗန်ကို ပူဇော်တဲ့သူဟာ+ ဂါထာရွတ်ပြီး ကောင်းချီးပေးတဲ့သူနဲ့* တူတယ်။+
သူတို့က ကိုယ့်လမ်းကိုယ် ရွေးကြတယ်။
ရွံရှာဖွယ်ရာကိုမှ နှစ်သက်ကြတယ်။
၄ ဒါကြောင့် သူတို့ကို ဒဏ်ပေးမယ့် နည်းလမ်းတွေ ငါရွေးချယ်မယ်။+
သူတို့ကြောက်တဲ့အရာတွေကို သူတို့အပေါ် ကျရောက်စေမယ်။
ငါခေါ်တုန်းက သူတို့ ပြန်မထူးကြဘူးလေ။
ငါပြောတုန်းက နားမထောင်ကြဘူးလေ။+
ငါ့ရှေ့မှာ မကောင်းတာတွေကို ဆက်လုပ်ပြီး
ငါမကြိုက်တာကိုပဲ လုပ်ဖို့ ရွေးချယ်ခဲ့ကြတာကိုး။”+
၅ ယေဟောဝါရဲ့ မိန့်မှာချက်တွေကြောင့် စိုးရိမ်နေသူတို့၊ နားထောင်ကြ–
“မင်းတို့ရဲ့ ညီအစ်ကိုတွေက ငါ့နာမည်ကြောင့် မင်းတို့ကို မုန်းပြီး ဝိုင်းပယ်ထားတယ်။
‘ယေဟောဝါဘုရားကို ဂုဏ်တင်ချီးမွမ်းကြ’ ဆိုပြီး ပြောင်လှောင်ကြတယ်။+
ဒါပေမဲ့ ငါရောက်လာပြီး မင်းတို့ကို ရွှင်လန်းစေမယ်။ သူတို့ကတော့ အရှက်ကွဲရလိမ့်မယ်။”+
၆ မြို့ထဲကနေ အုတ်အုတ်သဲသဲ အသံတွေ ထွက်ပေါ်နေတယ်။
ဗိမာန်တော်ထဲကနေ အသံတွေ ထွက်ပေါ်နေတယ်။
ရန်သူတွေ ရထိုက်တဲ့အရာကို ပြန်ဆပ်ပေးနေတဲ့ ယေဟောဝါရဲ့ အသံပဲ။
၇ ဇိအုန်က ဝေဒနာမခံရခင် သားဖွားတယ်။+
သားဖွားဝေဒနာ မခံရခင် သားယောက်ျားကို မွေးဖွားတယ်။
၈ ဒီလိုအဖြစ်မျိုးကို ဘယ်သူကြားဖူးသလဲ။
ဒီလိုအဖြစ်တွေကို ဘယ်သူမြင်ဖူးသလဲ။
တိုင်းပြည်တစ်ပြည်ကို တစ်နေ့တည်းမှာ မွေးဖွားနိုင်သလား။
လူမျိုးတစ်မျိုးကိုလည်း တစ်ပြိုင်နက် မွေးဖွားနိုင်သလား။
ဇိအုန်ကတော့ သားဖွားဝေဒနာ ခံရတာနဲ့ တစ်ပြိုင်နက် သားတွေကို မွေးဖွားလိုက်ပြီ။
၉ “ငါက သူ့ကို သားဖွားချိန်ရောက်စေပြီးမှ မဖွားခိုင်းဘဲ နေရမလား” လို့ ယေဟောဝါပြောတယ်။
“သူ သားဖွားနေချိန်မှာ သားအိမ်ကို ပိတ်လိုက်ရမလား” လို့ ဘုရားသခင်ပြောတယ်။
၁၀ ဂျေရုဆလင်မြို့ကို ချစ်မြတ်နိုးသူအပေါင်းတို့၊+ သူနဲ့အတူ ဝမ်းမြောက်ရွှင်လန်းကြပါ။+
သူ့ကြောင့် ညည်းတွားငိုကြွေးနေသူအပေါင်းတို့၊ သူနဲ့အတူ အကြီးအကျယ် အားရရွှင်လန်းကြပါ။
၁၁ မိခင်က ရင်သွေးကို နို့အဝတိုက်သလို ဂျေရုဆလင်မြို့က မင်းတို့ကို ဂရုစိုက် စောင့်ရှောက်မယ်။
သူ့ရဲ့ ဂုဏ်ကျက်သရေကြောင့် မင်းတို့ အားရကျေနပ်ပြီး ပျော်ရွှင်ရလိမ့်မယ်။
၁၂ ယေဟောဝါ ပြောတာက–
“သူ့ရဲ့ငြိမ်သက်ခြင်းကို မြစ်လို၊+
လူမျိုးတွေရဲ့ ဂုဏ်ကျက်သရေကို ရေလျှံနေတဲ့ ချောင်းလို ငါတိုးများစေမယ်။+
မင်းတို့က နို့စို့ရလိမ့်မယ်။ ချီပိုက်ခံရလိမ့်မယ်။
ဒူးပေါ်မှာ ခုန်ဆွနေလိမ့်မယ်။
၁၃ မိခင်က သားကို နှစ်သိမ့်ပေးသလို
ငါကလည်း မင်းတို့ကို နှစ်သိမ့်ပေးမယ်။+
ဂျေရုဆလင်မြို့ကြောင့် မင်းတို့ကို နှစ်သိမ့်မယ်။+
၁၄ ဒါတွေကြုံရတဲ့အခါ မင်းတို့ ဝမ်းမြောက်ရလိမ့်မယ်။
မင်းတို့ရဲ့ အရိုးတွေက မြက်နုလို ရှင်သန်မယ်။
ယေဟောဝါရဲ့ လက်ရုံးတော်ဟာ ကျေးကျွန်တွေအပေါ် ထင်ရှားမယ်။
ရန်သူတွေကိုတော့ ပြစ်တင်ရှုတ်ချမယ်။”+
၁၅ “ယေဟောဝါဟာ မီးလို ရောက်လာမယ်။+
ဘုရားရဲ့ မြင်းရထားတွေလည်း လေပြင်းမုန်တိုင်းလို လာမယ်။+
ပြင်းထန်လှတဲ့ အမျက်တော်နဲ့ ပြန်ဆပ်ပေးမယ်။
မီးလျှံနဲ့ ပြစ်တင်ဆုံးမမယ်။+
၁၆ ယေဟောဝါဟာ မီးနဲ့ တရားစီရင်မယ်။
လူအားလုံးကို ဓားနဲ့ တရားစီရင်မယ်။
ယေဟောဝါ ကွပ်မျက်လိုက်သူတွေ အများကြီး ရှိလိမ့်မယ်။
၁၇ ယေဟောဝါ ပြောတာက– “ဥယျာဉ်တွေထဲ* သွားဖို့၊+ ဥယျာဉ်အလယ်မှာရှိနေသူရဲ့ နောက်ကို လိုက်ဖို့ ကိုယ်ကို သန့်ရှင်းစင်ကြယ်စေသူတွေ၊ ဝက်သား၊+ ရွံစရာကောင်းတဲ့အရာနဲ့ ကြွက်ကို စားတဲ့သူတွေ+ အားလုံးဇာတ်သိမ်းသွားမယ်။
၁၈ သူတို့ရဲ့ လုပ်ရပ်တွေ၊ အတွေးတွေကို ငါသိနေတယ်။ ဒါကြောင့် လူမျိုးတွေ၊ ဘာသာစကားအသီးသီး ပြောသူတွေအားလုံးကို စုသိမ်းဖို့ ငါလာမယ်။ သူတို့ ရောက်လာပြီး ငါ့ဂုဏ်ကျက်သရေကို မြင်ရလိမ့်မယ်။”
၁၉ “သူတို့ကို နိမိတ်တစ်ခု ငါပြမယ်။ လွတ်မြောက်လာသူတွေထဲက တချို့ကို ငါ့အကြောင်း မကြားဖူးတဲ့၊ ငါ့ဂုဏ်ကျက်သရေကို မမြင်ဖူးတဲ့ လူမျိုးတွေဆီ စေလွှတ်မယ်။ တာရှိ၊+ ဖုလ၊ လုဒပြည်မှာရှိတဲ့+ လေးသည်တော်တွေဆီ၊ တုဗလပြည်၊ ယာဝန်ပြည်၊+ ဝေးလံတဲ့ကျွန်းတွေဆီ စေလွှတ်မယ်။ သူတို့က ငါ့ဂုဏ်ကျက်သရေအကြောင်း လူမျိုးတွေအလယ်မှာ ကြေညာလိမ့်မယ်။+
၂၀ အစ္စရေးတွေက လက်ဆောင်ကို သန့်ရှင်းတဲ့ ခွက်ဖလားထဲ ထည့်ပြီး ယေဟောဝါရဲ့ အိမ်တော်ကို သယ်ဆောင်လာသလို သူတို့လည်း လူမျိုးတကာဆီ ရောက်နေတဲ့ မင်းတို့ရဲ့ ညီအစ်ကိုအားလုံးကို မြင်း၊ မြင်းရထား၊ အမိုးပါတဲ့လှည်း၊ လား၊ လျင်မြန်တဲ့ ကုလားအုတ်တွေပေါ်တင်ပြီး ယေဟောဝါအတွက် လက်ဆောင်အဖြစ် သန့်ရှင်းတဲ့တောင် ဂျေရုဆလင်ဆီ သယ်ဆောင်လာမယ်”+ လို့ ယေဟောဝါပြောတယ်။
၂၁ “တချို့ကို ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေအဖြစ် ငါခန့်မယ်” လို့ ယေဟောဝါပြောတယ်။
၂၂ “ငါဖန်ဆင်းနေတဲ့ ကောင်းကင်သစ်နဲ့ မြေကြီးသစ်က+ ငါ့ရှေ့မှာ အမြဲတည်တံ့နေသလို မင်းတို့ရဲ့မျိုးနွယ်၊ မင်းတို့ရဲ့ နာမည်ကလည်း အမြဲတည်တံ့မယ်”+ လို့ ယေဟောဝါပြောတယ်။
၂၃ ယေဟောဝါ ပြောတာက– “လဆန်းနေ့တိုင်း၊ ဥပုသ်နေ့တိုင်း
လူသားအားလုံး ငါ့ရှေ့မှာ ဦးညွှတ်ဖို့ လာကြမယ်။+
၂၄ သူတို့က ထွက်သွားပြီး ငါ့ကိုပုန်ကန်သူတွေရဲ့ အလောင်းတွေကို မြင်ရလိမ့်မယ်။
အလောင်းပေါ်က လောက်ကောင်တွေ သေမှာမဟုတ်ဘူး။
သူတို့ကို လောင်ကျွမ်းနေတဲ့ မီးလည်း ငြိမ်းမှာ မဟုတ်ဘူး။+
လူအားလုံးအတွက် အော်ဂလီဆန်စရာ ဖြစ်လိမ့်မယ်။”