ဟောရှေ ၁:၁-၁၁
၁ ယုဒဘုရင်+ ဩဇိ၊+ ယောသံ၊+ အာခတ်နဲ့+ ဟေဇကိ+ တို့လက်ထက်၊ ယောရှ+ ရဲ့သား အစ္စရေးဘုရင် ယေရောဗောင်+ လက်ထက်မှာ ဗေရိရဲ့သား ဟောရှေ* ဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်။
၂ ဟောရှေကတစ်ဆင့် ယေဟောဝါ စပြောတယ်။ ဟောရှေကို ယေဟောဝါပြောတာက “သွားပြီး ပြည့်တန်ဆာတစ်ယောက်ကို လက်ထပ်ပါ။ ပြည့်တန်ဆာလုပ်ပြီး မွေးလာမယ့် သားသမီးတွေကို မင်းရလိမ့်မယ်။ တိုင်းပြည်ဟာ ပြည့်တန်ဆာလုပ်ရပ်တွေကြောင့် ယေဟောဝါဆီကနေ လုံးဝ လမ်းလွဲသွားပြီ။”+
၃ ဒါနဲ့ ဟောရှေက သွားပြီး ဒိဗလိမ်ရဲ့သမီး ဂေါမာနဲ့ လက်ထပ်တယ်။ ဂေါမာမှာ ကိုယ်ဝန်ရှိလာပြီး သားတစ်ယောက် မွေးတယ်။
၄ အဲဒီအခါ ယေဟောဝါက “အဲဒီကလေးကို ယေဇရေလ* လို့နာမည်ပေးပါ။ ယေဇရေလမြို့မှာ ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုတွေအတွက် ယေဟုအမျိုးကို+ မကြာခင် ငါဖြေရှင်းချက်တောင်းမယ်။ အစ္စရေးနိုင်ငံရဲ့ မင်းဆက်ကို အဆုံးတိုင်စေမယ်။+
၅ အဲဒီနေ့ရောက်ရင် ယေဇရေလချိုင့်ဝှမ်းလွင်ပြင်မှာ အစ္စရေးရဲ့လေးကို ငါချိုးမယ်” ဆိုပြီး ဟောရှေကို ပြောတယ်။
၆ အဲဒီနောက် ဂေါမာ ကိုယ်ဝန်ထပ်ရှိလာပြီး သမီးတစ်ယောက် မွေးတယ်။ ဒါနဲ့ ဘုရားသခင်က “ဒီကလေးကို လောရုဟာမာ* လို့နာမည်ပေးပါ။ ဘာလို့လဲဆိုတော့ အစ္စရေးအမျိုးကို ငါ ကရုဏာမပြတော့ဘူး။+ သူတို့ကို ကျိန်းသေ မောင်းထုတ်မယ်။+
၇ ယုဒအမျိုးကိုတော့ ကရုဏာပြမယ်။+ လေး၊ ဓား၊ စစ်ပွဲ၊ မြင်းတွေ၊ မြင်းစီးသူရဲတွေနဲ့ မဟုတ်ဘဲ+ ငါယေဟောဝါကိုယ်တိုင် သူတို့ကို ကယ်တင်မယ်”+ လို့ဟောရှေကို ပြောတယ်။
၈ လောရုဟာမာ နို့ပြတ်သွားတော့ ဂေါမာက ကိုယ်ဝန်ထပ်ရှိလာပြီး သားတစ်ယောက် မွေးတယ်။
၉ ဒါနဲ့ ဘုရားသခင်က ဟောရှေကို ပြောတယ်– “ဒီကလေးကို လောအံမိ* လို့နာမည်ပေးပါ။ ဘာလို့လဲဆိုတော့ မင်းတို့ဟာ ငါ့လူတွေ မဟုတ်ဘူး။ ငါကလည်း မင်းတို့ရဲ့ဘုရား မဟုတ်ဘူး။
၁၀ “ဒါပေမဲ့ အစ္စရေးတွေဟာ ပင်လယ်သဲပွင့်တွေလို မချိန်တွယ်နိုင်လောက်အောင်၊ မရေတွက်နိုင်လောက်အောင် များပြားလာမယ်။+ ‘မင်းတို့ဟာ ငါ့လူတွေ မဟုတ်ဘူး’+ လို့ သူတို့ကိုပြောခဲ့တဲ့ နေရာမှာပဲ ‘အသက်ရှင်တဲ့ဘုရားသခင်ရဲ့ သားတွေ’ လို့ သူတို့ အခေါ် ခံရမယ်။+
၁၁ ယုဒနဲ့ အစ္စရေးတွေဟာ တစ်စည်းတစ်လုံးတည်း စုသိမ်းခံရမယ်။+ သူတို့က ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ပြီး အဲဒီပြည်ကနေ ထွက်လာလိမ့်မယ်။ အဲဒီနေ့ဟာ ယေဇရေလမြို့အတွက်+ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မယ်။