ဟောရှေ ၁၀:၁-၁၅

  • ညံ့ဖျင်းတဲ့စပျစ်မျိုး အစ္စရေး၊ ပျက်စီးမယ် (၁-၁၅)

    • မျိုးစေ့ကြဲခြင်း၊ ရိတ်သိမ်းခြင်း (၁၂၊ ၁၃)

၁၀  “အစ္စရေးဟာ အသီးသီးပေမဲ့ ညံ့ဖျင်းတဲ့* စပျစ်မျိုးပဲ။+ အသီးတွေ များလာသလို ယဇ်ပလ္လင်တွေလည်း များလာတယ်။+ တိုင်းပြည် ကောင်းစားလာသလို ကိုးကွယ်ရာကျောက်တိုင်တွေလည်း ပိုခမ်းနားလာတယ်။+  ၂  သူတို့ရဲ့စိတ်နှလုံးဟာ ဟန်ဆောင်တတ်တယ်။ အခုတော့ သူတို့မှာ အပြစ်ရှိမှန်း ထင်ရှားလာမယ်။ ယဇ်ပလ္လင်တွေကို ဖြိုချပြီး ကိုးကွယ်ရာကျောက်တိုင်တွေကို ဖျက်ဆီးမယ့်သူ ရှိတယ်။  ၃  အဲဒီအခါ သူတို့က ‘ယေဟောဝါကို မကြောက်တော့ ငါတို့မှာ ဘုရင် မရှိဘူး။+ ရှိခဲ့ရင်လည်း ငါတို့အတွက် ဘာလုပ်ပေးနိုင်မှာလဲ’ လို့ ပြောရလိမ့်မယ်။  ၄  သူတို့က အဓိပ္ပာယ်မရှိတဲ့စကား ပြောတယ်။ မဟုတ်မမှန် ကျိန်ဆိုပြီး+ ကတိသစ္စာတွေ ပြုကြတယ်။ ဒါကြောင့် သူတို့ စီရင်ဆုံးဖြတ်တာတွေဟာ ထယ်ကြောင်းကြားက အဆိပ်ပြင်းတဲ့ ပေါင်းပင်တွေနဲ့ တူတယ်။+  ၅  ရှမာရိမြို့သူမြို့သားတွေက ဗေသဝင်မြို့ရဲ့ နွားသငယ်ရုပ်တုကြောင့် ကြောက်ရွံ့ကြလိမ့်မယ်။+ အဲဒီရုပ်တုဟာ ဟိုးအဝေးကို ပြည်နှင်ဒဏ်ခံရမှာဖြစ်လို့လူတွေ ညည်းတွားငိုကြွေးကြလိမ့်မယ်။ တိုင်းတစ်ပါးဘုရားရဲ့ ပုရောဟိတ်တွေလည်း ရုပ်တုနဲ့ ရုပ်တုရဲ့ ဂုဏ်ကျက်သရေကြောင့် ဝမ်းမြောက်ခဲ့ပေမဲ့ ညည်းတွားငိုကြွေးကြလိမ့်မယ်။  ၆  အဲဒီရုပ်တုကို အဆီးရီးယားပြည်ကို သယ်လာပြီး ဘုရင်ကြီးဆီ လက်ဆောင်အဖြစ် ဆက်သမယ်။+ ဧဖရိမ် အရှက်ကွဲသွားမယ်။ အစ္စရေးကလည်း သူလိုက်ခဲ့တဲ့ အကြံဉာဏ်ကြောင့် အရှက်ကွဲသွားမယ်။+  ၇  ရှမာရိနဲ့ ရှမာရိဘုရင်ဟာ ပယ်ရှင်းခံရမယ်။+ အချိုးခံရပြီး ရေမျောသွားတဲ့ သစ်ခက်လို ဖြစ်သွားမယ်။  ၈  အစ္စရေးရဲ့ အပြစ်ဖြစ်တဲ့+ ဗေသဝင်မြို့ရဲ့ အထွတ်အမြတ်နေရာတွေ+ သုတ်သင်ပယ်ရှင်း ခံရမယ်။+ ယဇ်ပလ္လင်တွေပေါ်မှာ ဆူးပင်တွေ၊ ဆူးချုံတွေ ပေါက်နေမယ်။+ လူတွေက တောင်တွေကို ‘ငါတို့ကို ဖုံးအုပ်ပစ်ပါ၊’ တောင်ကုန်းတွေကို ‘ငါတို့အပေါ်  ပြိုကျပါ’+ လို့ ပြောလိမ့်မယ်။  ၉  အို အစ္စရေး၊ မင်းဟာ ဂိဗာမြို့မှာကတည်းက အပြစ်လုပ်ခဲ့တာ။+ အခုချိန်ထိ အပြစ်လုပ်နေတုန်းပဲ။ ဂိဗာမြို့မှာ စစ်ဖြစ်ခဲ့တုန်းက မဖြောင့်မတ်သူတွေကို အကုန်အစင် မသုတ်သင်ခဲ့ဘူး။ ၁၀  ငါက အလိုရှိတဲ့အချိန်မှာ အစ္စရေးကို ဆုံးမမယ်။ အမှားနှစ်ခုကို ထမ်းပိုးလို သူတို့ထမ်းထားရချိန်မှာ လူတွေ သူတို့ကိုတိုက်ဖို့ စုဝေးကြလိမ့်မယ်။ ၁၁  ဧဖရိမ်က ကျင့်သားရနေလို့ ကောက်နယ်ဖို့ အသင့်ဖြစ်နေတဲ့ နွားမပျိုပဲ။ ဒါကြောင့် သူ့ရဲ့လှပတဲ့ လည်ကုပ်ကို ငါသက်ညှာပေးခဲ့တယ်။ အခုတော့ လူတစ်ယောက်ကို ဧဖရိမ်ပေါ် တက်စီးစေမယ်။+ ယုဒက ထယ်ထိုးလိမ့်မယ်။ ယာကုပ်က အဲဒီလူအတွက် ထွန်ယက်လိမ့်မယ်။ ၁၂  ဖြောင့်မတ်ခြင်းမျိုးစေ့ကို ကြဲပြီး ခိုင်မြဲတဲ့မေတ္တာကို ရိတ်သိမ်းကြပါ။ ယေဟောဝါကိုရှာဖို့ အချိန်ရှိနေတုန်း+ ဖြစ်ထွန်းတဲ့မြေကို ထယ်ထိုးကြပါ။+ ဒါဆိုရင် ဘုရားရောက်လာပြီး ဖြောင့်မတ်ခြင်းနဲ့အညီ သွန်သင်ပေးမယ်။+ ၁၃  ဒါပေမဲ့ မင်းတို့က ဆိုးညစ်မှုကို ထယ်ထိုးတယ်။ မဖြောင့်မတ်မှုကို ရိတ်သိမ်းရတယ်။+ လှည့်စားခြင်း အသီးအပွင့်တွေကို စားသုံးရတယ်။ ကိုယ့်အကြံကိုပဲ အားကိုးတာကိုး။ စစ်သူရဲအလုံးအရင်းကိုပဲ ကိုးစားတာကိုး။ ၁၄  မင်းတို့အလယ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေမယ်။ ရှာလမန်မင်းရဲ့ လက်ချက်နဲ့ ဗေသာဗေလမြို့ ပျက်စီးခဲ့သလို မင်းတို့ရဲ့ ခံတပ်မြို့တွေ ပျက်စီးသွားမယ်။+ အဲဒီတိုက်ပွဲတုန်းက မိခင်တွေရော သားသမီးတွေပါ ကိုင်ဆောင့်ပြီး အသတ်ခံခဲ့ရတယ်။ ၁၅  ဗေသလမြို့၊+  ကမ်းကုန်အောင်ဆိုးတဲ့ မင်းတို့လည်း အဲဒီလိုပဲ ခံရမယ်။ အရုဏ်တက်ချိန်မှာ အစ္စရေးဘုရင်ဟာ ကျိန်းသေ ပယ်ရှင်းခံရမယ်။”+

အောက်ခြေမှတ်ချက်များ

“ဖြာထွက်နေတဲ့” လည်းဖြစ်နိုင်။