ဟောရှေ ၇:၁-၁၆
၇ “အစ္စရေးကို ငါကုသပေးဖို့ လုပ်နေတုန်းဧဖရိမ်ရဲ့အမှားနဲ့ ရှမာရိရဲ့ဆိုးညစ်မှုတွေ ပေါ်လာတယ်။+
သူတို့ဟာ လှည့်စားတတ်တယ်။+
သူခိုးတွေ ဖောက်ထွင်းတယ်။
အပြင်မှာ ဓားပြအုပ်စုတွေ တိုက်ခိုက်လုယက်နေတယ်။+
၂ ဒါပေမဲ့ သူတို့ရဲ့ ဆိုးညစ်မှုမှန်သမျှကို ငါအမှတ်ရမယ်ဆိုတာ မတွေးမိကြဘူး။+
အဲဒီဆိုးညစ်မှုတွေကနေ ရုန်းမထွက်နိုင်အောင် ဖြစ်နေကြတယ်။
သူတို့လုပ်သမျှကို ငါမြင်တယ်။
၃ သူတို့က ဆိုးညစ်တာတွေလုပ်ပြီး ဘုရင်ကို ဝမ်းမြောက်စေတယ်။
ကလိမ်ကကျစ်လုပ်ပြီး မင်းညီမင်းသားတွေကို ဝမ်းမြောက်စေတယ်။
၄ သူတို့တွေဟာ အိမ်ထောင်ရေးဖောက်ပြန်သူတွေပဲ။
မုန့်ဖုတ်သမား ဖိုထားတဲ့ မီးဖိုလို တငွေ့ငွေ့လောင်နေတယ်။
မုန့်နယ်ချိန်ကနေ မုန့်ညက်ဖောင်းကြွလာချိန်အထိ မီးထိုးပေးစရာမလိုတဲ့ မီးဖိုလိုပဲ။
၅ ရှင်ဘုရင် ပွဲခံတဲ့နေ့မှာ မင်းညီမင်းသားတွေ ဖျားနာနေတယ်။
စပျစ်ဝိုင်အရှိန်ကြောင့် ဒေါသထွက်နေတယ်။+
ဘုရင်က လှောင်ပြောင်သူတွေကို လက်ကမ်းပေးတယ်။
၆ သူတို့ဟာ မီးဖိုလို တငွေ့ငွေ့လောင်နေတဲ့ စိတ်နှလုံးနဲ့ ရှေ့ဆက်တိုးကြတယ်။*
မုန့်ဖုတ်သမားက တစ်ညလုံး အိပ်နေတယ်။
မနက်ရောက်တော့ မီးဖိုဟာ တောက်လောင်နေတုန်းပဲ။
၇ သူတို့အားလုံး မီးဖိုလိုပဲ ပူလောင်နေတယ်။
အုပ်စိုးရှင်တွေကို* ဝါးမျိုပစ်တယ်။
သူတို့ရဲ့ဘုရင်တွေ ကျဆုံးသွားပြီ။+
တစ်ယောက်မှ ငါ့ကို အကူအညီ မတောင်းကြဘူး။+
၈ ဧဖရိမ်က လူမျိုးခြားတွေနဲ့ ရောနှောနေတယ်။+
မလှန်ရသေးလို့ တစ်ဖက်ပဲကျက်တဲ့ မုန့်ပြားနဲ့တူတယ်။
၉ သူ့ခွန်အားကို သူစိမ်းတွေ ဝါးမျိုလိုက်ပေမဲ့+ သူ မသိဘူး။
သူ့ဆံပင်တွေ ဖွေးဖွေးဖြူနေပေမဲ့ သူသတိမထားမိဘူး။
၁၀ အစ္စရေးရဲ့မာနက မိမိအကြောင်း သက်သေထွက်ဆိုနေတယ်။+
ဒါတောင် သူတို့ရဲ့ဘုရား ယေဟောဝါဆီ ပြန်မလာကြဘူး။+
ငါ့ကို မရှာကြဘူး။
၁၁ ဧဖရိမ်ဟာ ဆင်ခြင်ဉာဏ်မရှိတဲ့၊* ယုံလွယ်တတ်တဲ့ ချိုးငှက်လိုပဲ။+
အီဂျစ်ကို သူတို့ အကူအညီတောင်းတယ်။+ အဆီးရီးယားဆီ သွားတယ်။+
၁၂ ငါက သူတို့ဘယ်သွားသွား ပိုက်ကွန်နဲ့ အုပ်မယ်။
မိုးကောင်းကင်ငှက်တွေလို ဆွဲချမယ်။
သူတို့အားလုံးကို သတိပေးထားတဲ့အတိုင်း သူတို့ကို ငါဆုံးမမယ်။+
၁၃ ငါ့ဆီကနေ ထွက်ပြေးတဲ့အတွက် သူတို့ အဖြစ်ဆိုးကြုံရလိမ့်မယ်။
ငါ့ကိုပြစ်မှားတဲ့အတွက် ဖျက်ဆီးခံရလိမ့်မယ်။
သူတို့ကို ရွေးယူဖို့ ငါအသင့်ရှိခဲ့ပေမဲ့ ငါ့အကြောင်း လိမ်ပြောကြတယ်။+
၁၄ အိပ်ရာပေါ်မှာ သူတို့ ငိုကြွေးမြည်တမ်းကြပေမဲ့ငါ့ဆီ စိတ်ပါလက်ပါ အကူအညီတောင်းတာ မဟုတ်ဘူး။+
ကောက်နှံနဲ့ စပျစ်ဝိုင်သစ်ကိုရဖို့ ကိုယ်ကို ဓားနဲ့မွှန်းကြတယ်။
ငါ့ကိုတော့ ကျောခိုင်းထားကြတယ်။
၁၅ သူတို့ကို ဆုံးမပြီး သူတို့ရဲ့လက်ရုံးကို ငါအားဖြည့်ပေးခဲ့ပေမဲ့ငါ့ကို ဆန့်ကျင်ကြတယ်။ မကောင်းတာပဲ ကြံစည် ကြတယ်။
၁၆ သူတို့ရဲ့လမ်းစဉ်ကိုတော့ ပြောင်းလဲကြပါရဲ့။ ပိုမြင့်တဲ့အရာဆီကိုတော့* ပြန်မလာကြဘူး။
ကြိုးလျော့နေတဲ့ လေးလိုပဲ စိတ်ချလို့ မရဘူး။+
မင်းညီမင်းသားတွေက ကလန်ကဆန် ပြောတတ်တဲ့အတွက် ဓားဘေးနဲ့ ကျဆုံးလိမ့်မယ်။
ဒါကြောင့် သူတို့ဟာ အီဂျစ်ပြည်မှာ လူတွေ လှောင်ပြောင်စရာ ဖြစ်ရလိမ့်မယ်။”+