အာမုတ် ၁:၁-၁၅
၁ တေကောမြို့သား၊+ သိုးမွေးမြူသူ အာမုတ်* က ယုဒဘုရင် သြဇိလက်ထက်၊+ ယောရှ+ ရဲ့သား အစ္စရေးဘုရင် ယေရောဗောင်လက်ထက်၊+ မြေငလျင်မလှုပ်ခင် နှစ်နှစ်အလိုမှာ+ အစ္စရေးနဲ့ပတ်သက်ပြီး စိတ်အာရုံ မြင်ခဲ့ရတယ်။ ဒီစကားတွေဟာ အဲဒီစိတ်အာရုံထဲက စကားတွေပဲ။
၂ အာမုတ်က
“ယေဟောဝါဘုရားက ဇိအုန်ကနေခြင်္သေ့လို ဟိန်းလိမ့်မယ်။
ဂျေရုဆလင်ကနေကြွေးကြော်လိမ့်မယ်။
သိုးထိန်းတွေရဲ့ စားကျက်မြေဟာ ညည်းတွားငိုကြွေးလိမ့်မယ်။
ကရမေလတောင်ထိပ်လည်း ခြောက်သွေ့သွားလိမ့်မယ်”+လို့ပြောတယ်။
၃ “ယေဟောဝါ ပြောတာက–
‘“ဒမတ်စကတ်မြို့ရဲ့ ပုန်ကန်မှု သုံးခုမက လေးခုကြောင့် ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။
သူတို့က ဂိလဒ်ပြည်ကို သံကောက်နယ်ပြားတွေနဲ့ နင်းနယ်ခဲ့ကြတယ်။+
၄ ဒါကြောင့် ဟာဇေလရဲ့ နန်းတော်ကို ငါမီးရှို့မယ်။+
ဗင်ဟာဒဒ်ရဲ့ ခံတပ်မျှော်စင်တွေကို မီးဝါးမျိုလိမ့်မယ်။+
၅ ဒမတ်စကတ်မြို့ရဲ့ ကန့်လန့်ကျင်တွေကို ငါချိုးမယ်။+
အာဝင်ချိုင့်သားတွေနဲ့ဗေသေဒင်မြို့ရဲ့ အုပ်စိုးရှင်ကို ဖျက်ဆီးမယ်။
ဆီးရီးယားလူတွေဟာ ကိရအရပ်ကို ပြည်နှင်ဒဏ်ခံရလိမ့်မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’
၆ ယေဟောဝါ ပြောတာက–
‘“ဂါဇာမြို့ရဲ့ ပုန်ကန်မှု သုံးခုမက+ လေးခုကြောင့် ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။
သူတို့က ပြည်နှင်ခံတွေကို ဖမ်းခေါ်သွားပြီး+ ဧဒုံလက်ထဲ အပ်ခဲ့တယ်။
၇ ဒါကြောင့် ဂါဇာမြို့ရိုးကို ငါမီးရှို့မယ်။+
သူ့ရဲ့ခံတပ်မျှော်စင်တွေကို မီးဝါးမျိုလိမ့်မယ်။
၈ အာဇုတ်မြို့သားတွေနဲ့ အာရှကေလုန်မြို့ရဲ့ အုပ်စိုးရှင်ကို ငါဖျက်ဆီးမယ်။+
ဧကြုန်မြို့ကို အပြစ်ပေးမယ်။+
ကျန်တဲ့ ဖိလိတိလူတွေလည်း ပျက်စီးသွားရလိမ့်မယ်။”+
ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။’
၉ ယေဟောဝါ ပြောတာက–
‘တိုင်ရာမြို့ရဲ့ ပုန်ကန်မှု သုံးခုမက+ လေးခုကြောင့်ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။
သူတို့က ပြည်နှင်ခံတွေကို ဧဒုံလက်ထဲ အပ်တယ်။
ညီအစ်ကိုတွေနဲ့ ကတိသစ္စာပြုထားတာကို သတိမရဘူး။+
၁၀ ဒါကြောင့် တိုင်ရာမြို့ရိုးကို ငါမီးရှို့မယ်။
သူ့ရဲ့ခံတပ်မျှော်စင်တွေကို မီးဝါးမျိုလိမ့်မယ်။’+
၁၁ ယေဟောဝါ ပြောတာက–
‘ဧဒုံရဲ့ပုန်ကန်မှု သုံးခုမက+ လေးခုကြောင့် ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။
သူက ညီအရင်းကို ဓားနဲ့လိုက်တယ်။+
သနားစာနာစိတ် မရှိဘူး။
သူတို့ကို ဒေါသတကြီးနဲ့ တရစပ် ဆွဲဖြဲခဲ့တယ်။
သူတို့ကို ဒေါသမပြေနိုင် ဖြစ်နေတယ်။+
၁၂ ဒါကြောင့် တေမန်မြို့ကို ငါမီးရှို့မယ်။+
ဗောဇရမြို့ရဲ့ ခံတပ်မျှော်စင်တွေကို မီးဝါးမျိုလိမ့်မယ်။’+
၁၃ ယေဟောဝါ ပြောတာက–
‘“အမ္မုန်လူတွေရဲ့ ပုန်ကန်မှု သုံးခုမက+ လေးခုကြောင့် ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။
သူတို့က နယ်မြေချဲ့ထွင်ဖို့ ဂိလဒ်ပြည်မှာရှိတဲ့ ကိုယ်ဝန်ဆောင်တွေရဲ့ဝမ်းကို ခွဲခဲ့ကြတယ်။+
၁၄ ဒါကြောင့် ရဗာမြို့ရိုးကို ငါမီးရှို့မယ်။+
စစ်တိုက်တဲ့နေ့မှာ စစ်ငြာသံနဲ့အတူ၊လေပြင်းတိုက်တဲ့နေ့မှာ မိုးသက်မုန်တိုင်းနဲ့အတူသူ့ရဲ့ခံတပ်မျှော်စင်တွေကို မီးဝါးမျိုလိမ့်မယ်။
၁၅ သူတို့ရဲ့ဘုရင်ဟာ မင်းညီမင်းသားတွေနဲ့အတူ ပြည်နှင်ဒဏ်ခံရလိမ့်မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’
အောက်ခြေမှတ်ချက်များ
^ အဓိပ္ပာယ်၊ “ဝန်ထုပ်ဖြစ်ခြင်း၊” “ဝန်ထုပ်သယ်ခြင်း။”