အာမုတ် ၇:၁-၁၇

  • အစ္စရေး​ကျ​ဆုံးမ​ယ့် စိတ်​အာ​ရုံ​တွေ (၁-၉)

    • ကျိုင်း​ကောင်​တွေ (၁-၃)၊ မီး (၄-၆)၊ ချိန်သီးကြိုး (၇-၉)

  • ပရော​ဖက်​မပြု​ဖို့ အာမုတ်​ကို တား​မြစ် (၁၀-၁၇)

 အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​က ကျွန်​တော့်​ကို စိတ်​အာ​ရုံ​တစ်​ခု ပြတယ်– ဘု​ရင့်​ဆီ ဆက်​သမယ့် မြက်​ခြောက်​တွေ ရိတ်​ပြီး​နောက် ဆောင်း​သီး​နှံ ပေါ်​ခါ​စ​မှာ ကျိုင်း​ကောင်​အုပ်​ကို ဘု​ရား​စေ​လွှတ်​လိုက်​တယ်။ ၂  တစ်​ပြည်​လုံး​မှာ​ရှိ​တဲ့ သီး​နှံ​တွေ​ကို ကျိုင်း​ကောင်​တွေ စား​ပြီး​နောက်​မှာ ကျွန်​တော်​က “အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ၊ ခွင့်​လွှတ်​ပေး​ပါ။+ ယာကုပ် ဘယ်​လို​လုပ် အသက်​ရှင်​နိုင်​တော့​မှာ​လဲ။ သူ​အား​နည်း​နေ​ပါ​တယ်”+ လို့​ပြော​တယ်။ ၃  ဒါ​နဲ့ ယေဟောဝါ​က ပြန်​စဉ်း​စား​သုံးသပ်​တယ်။+ ပြီး​တော့ “အဲဒီ​လို မဖြစ်​စေ​ရ​ဘူး” လို့ ယေဟောဝါ​ပြော​တယ်။ ၄  အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​က ကျွန်​တော့်​ကို စိတ်​အာ​ရုံ​တစ်​ခု ပြတယ်– အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​က မီး​နဲ့​ဒဏ်​ပေး​ဖို့ အမိန့်​ပေး​တယ်။ အဲဒီ​အခါ နက်​ရှိုင်း​တဲ့​ရေ​ထု​ကြီး​ကို မီး​လောင်​ကျွမ်း​ပြီး မြေတစ်​ကွက်​ကို​လည်း မီး​တွေ ဝါး​မျို​ပစ်​တယ်။ ၅  ဒါ​နဲ့ ကျွန်​တော်​က “အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ၊ အဲဒီ​လို မလုပ်​လိုက်​ပါ​နဲ့။+ ယာကုပ် ဘယ်​လို​လုပ် အသက်​ရှင်​နိုင်​တော့​မှာ​လဲ။ သူ​အား​နည်း​နေ​ပါ​တယ်”+ လို့​ပြော​လိုက်​တယ်။ ၆  ဒါ​နဲ့ ယေဟောဝါ​က ပြန်​စဉ်း​စား​သုံးသပ်​တယ်။+ ပြီး​တော့ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင် ယေဟောဝါ​က “အဲဒီ​လို မဖြစ်​စေ​ရ​ဘူး” လို့​ပြော​တယ်။ ၇  ဘု​ရား​က ကျွန်​တော့်​ကို စိတ်​အာ​ရုံ​တစ်​ခု ပေး​တယ်– ချိန်​သီး​ကြိုး​နဲ့​တိုင်း​ပြီး ဆောက်​ထား​တဲ့ တံတိုင်း​ပေါ်​မှာ ယေဟောဝါ ရပ်​နေ​တယ်။ ချိန်​သီး​ကြိုး​ကို ကိုင်​ထား​တယ်။ ၈  အဲဒီ​နောက် ယေဟောဝါ​က “အာမုတ်၊ ဘာ​မြင်​ရ​လဲ” လို့​မေး​တဲ့​အခါ “ချိန်​သီး​ကြိုး​ကို မြင်​ပါ​တယ်” လို့ ကျွန်​တော်​ဖြေတယ်။ ယေဟောဝါ​က “ငါ့​လူမျိုး​အစ္စရေးတွေ​ကို ချိန်​သီး​ကြိုး​နဲ့ ငါ​တိုင်း​မယ်။ သူတို့​ကို ခွင့်​မလွှတ်​တော့​ဘူး။+ ၉  အိ​ဇက်​ရဲ့​ အ​ထွတ်​အမြတ်​နေ​ရာတွေ+ ပျက်​စီး​သွား​မယ်။ အစ္စရေးရဲ့ ဘု​ရား​ကျောင်း​တွေ ဖျက်​ဆီး​ခံ​ရ​မယ်။+ ယေ​ရော​ဗောင်​အမျိုး​ကို ငါ ဓား​နဲ့​တိုက်​မယ်”+ လို့​ပြော​တယ်။ ၁၀  ဗေသလ​မြို့​မှာ​ရှိ​တဲ့ ပု​ရော​ဟိတ် အာ​မဇိ​က+ အစ္စရေး​ဘု​ရင် ယေ​ရော​ဗောင်​ကို+ သတင်း​ပါး​လိုက်​တယ်– “အာမုတ်​က မင်း​ကြီး​ကို​ပုန်​ကန်​ဖို့ အစ္စရေးတွေ​အလယ်​မှာ လျှို့ဝှက်​ကြံ​စည်​နေ​ပါ​တယ်။+ သူ့​စကား​ကို ပြည်​သူ​ပြည်​သား​တွေ သည်း​မခံ​နိုင်​တော့​ပါ​ဘူး။+ ၁၁  ‘ယေ​ရော​ဗောင်​မင်း​ဟာ​ ဓား​ဘေး​နဲ့ သေလိမ့်​မယ်။ အစ္စရေး​လူ​တွေ​ဟာ နေ​ရင်း​ပြည်​က​နေ ကျိန်း​သေ ပြည်​နှင်​ခံ​ရ​လိမ့်​မယ်’ လို့ အာမုတ်​ပြော​နေ​ပါ​တယ်။”+ ၁၂  အဲဒီ​နောက် အာ​မဇိ​က အာမုတ်​ကို “စိတ်​အာ​ရုံ​ဆ​ရာ​ကြီး၊ ယုဒ​ပြည်​ကို ပြေး​ပေတော့။ ကိုယ့်​ဝမ်း​ကိုယ်​ကျောင်း​ပြီး အဲဒီ​မှာ​ပဲ ပရော​ဖက်​ပြု​ပေတော့။+ ၁၃  ဒီ​ဗေသလ​မြို့​မှာ​တော့ ပရော​ဖက် မပြု​နဲ့။+ ဒီ​မြို့​ဟာ မင်း​ကြီး​ရဲ့ ဘု​ရား​ကျောင်း၊+ နိုင်​ငံ​တော်ရဲ့ ဘုံ​ဗိမာန်​တည်​ရှိ​ရာ​မြို့​ပဲ” လို့​ပြော​တယ်။ ၁၄  အဲဒီ​အခါ အာ​မဇိ​ကို အာမုတ် ပြန်​ပြော​တာ​က– “ကျွန်​တော်​ဟာ ပရော​ဖက် မဟုတ်​ဘူး။ ပရော​ဖက်​ရဲ့​သား​လည်း မဟုတ်​ဘူး။ သိုး​ကျောင်း​သား​ပါ။+ သဖန်း​ပိုး​စာ​ပင်​တွေ​ကို ပြု​စု​တဲ့​သူ​ပါ။* ၁၅  ဒါ​ပေမဲ့ ယေဟောဝါ​ဘု​ရား​က သိုး​ကျောင်း​နေ​တဲ့ ကျွန်​တော့်​ကို ခေါ်​တယ်။ ပြီး​တော့ ‘ငါ့​လူမျိုး​အစ္စရေးတွေ​ဆီ သွား​ပြီး ပရော​ဖက်​ပြု​ပါ’ လို့​ယေဟောဝါ​ဘု​ရား ပြော​တယ်။+ ၁၆  အခု၊ ယေဟောဝါ​ဘု​ရား ပြော​တာ​ကို နား​ထောင်​ပါ– ‘“အစ္စရေး​နဲ့​ပတ်​သက်​ပြီး ပရော​ဖက် မပြု​နဲ့။+ အိ​ဇက်​အမျိုး​နဲ့​ပတ်​သက်​ပြီး မဟော​နဲ့”+ လို့ မင်း​ပြော​နေ​တယ်။ ၁၇  ဒါ​ကြောင့် ယေဟောဝါ​ပြော​တာ​က– “မင်း​ရဲ့​ဇနီး​ဟာ မြို့​ထဲ​မှာ ပြည့်​တန်​ဆာ ဖြစ်​သွား​မယ်။ မင်း​ရဲ့​သား​သမီး​တွေ ဓား​ဘေး​နဲ့ ကျဆုံး​မယ်။​ မင်း​ရဲ့​ပြည်​ကို တိုင်း​ကြိုး​နဲ့​တိုင်း​ပြီး ခွဲ​ဝေ​ယူ​ကြ​လိမ့်​မယ်။ မသန့်​ရှင်း​တဲ့​ပြည်​မှာ မင်း​သေဆုံး​ရ​လိမ့်​မယ်။ အစ္စရေး​လူ​တွေ​က နေ​ရင်း​ပြည်​က​နေ ကျိန်း​သေ ပြည်​နှင်​ခံ​ရ​လိမ့်​မယ်။”’”+

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “သဖန်း​ပိုး​စာ​သီး​တွေ ဖောက်​တဲ့​သူ​ပါ။”