အာမုတ် ၉:၁-၁၅
၉ ပူဇော်ရာပလ္လင်ထက်မှာ ယေဟောဝါဘုရား စံနေတာကို ကျွန်တော်မြင်တယ်။+ ဘုရားပြောတာက– “တိုင်ထိပ်ကို ရိုက်ချလိုက်။ တံခါးခုံတွေ လှုပ်ခါသွားလိမ့်မယ်။ တိုင်ထိပ်ကို ဖြတ်ပစ်လိုက်။ ကျန်ရစ်သူတွေကို ငါ ဓားနဲ့ကွပ်မျက်မယ်။ သူတို့ ထွက်ပြေးရင်လည်း လွတ်မှာမဟုတ်ဘူး။ လွတ်မြောက်ဖို့ ကြိုးစားရင်လည်း အောင်မြင်မှာမဟုတ်ဘူး။+
၂ သင်္ချိုင်းဆီ တွင်းတူးပြီး ဆင်းသွားရင်တောင်ငါကိုယ်တိုင် ဆွဲထုတ်မယ်။
ကောင်းကင်ပေါ် တက်ရင်လည်းငါဆွဲချမယ်။
၃ ကရမေလတောင်ထိပ်မှာ သူတို့ ပုန်းနေရင်ငါရှာပြီး ခေါ်ထုတ်မယ်။+
ပင်လယ်ကြမ်းပြင်မှာ ပုန်းနေရင်မြွေကို အမိန့်ပေးပြီး ကိုက်ခိုင်းမယ်။
၄ ရန်သူ့လက်ချက်နဲ့ သုံ့ပန်းဘဝ ရောက်သွားရင်လည်းဓားကိုစေလွှတ်ပြီး သူတို့ကို ကွပ်မျက်မယ်။+
သူတို့ကို ကောင်းချီးမပေးဘဲ ဒုက္ခပေးဖို့ ငါစောင့်ကြည့်နေမယ်။+
၅ အချုပ်အခြာအာဏာပိုင်ရှင်၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက တိုင်းပြည်ကို တို့ထိတဲ့အခါ တိုင်းပြည် အရည်ပျော်သွားမယ်။+
ပြည်သူပြည်သားတွေ ညည်းတွားငိုကြွေးလိမ့်မယ်။+
တစ်ပြည်လုံး နိုင်းမြစ်လို ထကြွလိမ့်မယ်။
အီဂျစ်ပြည်မှာရှိတဲ့ နိုင်းမြစ်လို ပြန်ငြိမ်ကျသွားလိမ့်မယ်။+
၆ ‘ကောင်းကင်ပေါ်မှာ လှေကားတွေကို တည်ဆောက်တဲ့အရှင်၊ကမ္ဘာမြေအထက်မှာ မျက်နှာကြက်ကို* တည်ဆောက်တဲ့အရှင်၊ပင်လယ်ရေကို ဆင့်ခေါ်ပြီးမြေပြင်ပေါ် သွန်းလောင်းပေးတဲ့အရှင်ရဲ့+ နာမည်ဟာယေဟောဝါပဲ။’+
၇ ‘အစ္စရေးတို့၊ မင်းတို့ဟာ ငါ့အတွက်တော့ ကုရှလူတွေလိုပဲ* မဟုတ်လား။
အစ္စရေးတွေကို အီဂျစ်ပြည်ကနေ၊+ ဖိလိတိလူတွေကို ခရိကျွန်းကနေ၊+ ဆီးရီးယားလူတွေကို ကိရအရပ်ကနေ+ငါခေါ်ထုတ်ခဲ့တယ် မဟုတ်လား’ လို့ ယေဟောဝါပြောတယ်။
၈ ယေဟောဝါ ပြောတာက– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက အပြစ်ရှိတဲ့နိုင်ငံကို ကြည့်နေတယ်။
အဲဒီနိုင်ငံကို မြေပြင်ပေါ်ကနေ အစတုံးဖျက်ဆီးမယ်။+
ဒါပေမဲ့ ယာကုပ်အမျိုးကို အကုန်အစင် မဖျက်ဆီးဘူး။+
၉ ငါ အမိန့်ပေးမယ်။
ဆန်ခါနဲ့ ခါချသလိုအစ္စရေးအမျိုးကို လူမျိုးတွေအလယ်မှာ ငါခါချမယ်။+
မြေပေါ် ကျောက်ခဲတစ်လုံးမှ မကျစေရဘူး။
၁၀ “ငါတို့အနား ဒါမှမဟုတ် ငါတို့ဆီ ဘေးဆိုးရောက်လာမှာ မဟုတ်ဘူး” ဆိုပြီးပြောနေတဲ့ အဲဒီလူတွေ၊အပြစ်ရှိတဲ့ ငါ့လူတွေဟာ ဓားဘေးနဲ့ သေဆုံးရလိမ့်မယ်။’
၁၁ ‘အဲဒီနေ့မှာ ပြိုကျနေတဲ့ ဒါဝိဒ်ရဲ့တဲကို ငါပြန်ထူမယ်။+
အပေါက်အပြဲတွေကို ဖာထေးမယ်။
အပျက်အစီးတွေကို ပြန်ပြုပြင်မယ်။
ဟိုးအရင်တုန်းကလိုဖြစ်အောင် ပြန်တည်ဆောက်မယ်။+
၁၂ အဲဒီအခါ ဧဒုံအမျိုးထဲက ကျန်ကြွင်းသူတွေ၊+ ငါ့နာမည်နဲ့ မှည့်ခေါ်ထားတဲ့ လူမျိုးခြားတွေကို သူတို့ပိုင်ဆိုင်ရလိမ့်မယ်။’
ဒီအရာတွေကို လုပ်ဆောင်နေတဲ့ ယေဟောဝါ ပြောတဲ့စကားပဲ။
၁၃ ယေဟောဝါ ပြောတာက–
‘လယ်ထွန်သူက ရိတ်သိမ်းသူကို၊စပျစ်သီးနင်းနယ်သူက မျိုးစေ့ကြဲသူကို လိုက်မီမယ့်နေ့တွေ ရောက်တော့မယ်။+
တောင်တန်းတွေပေါ်မှာ ချိုမြတဲ့စပျစ်ဝိုင် တစက်စက်ကျနေလိမ့်မယ်။+
တောင်ကုန်းတွေပေါ်မှာ စီးဆင်းနေလိမ့်မယ်။+
၁၄ ငါ့လူမျိုး အစ္စရေးသုံ့ပန်းတွေကို ငါပြန်စုသိမ်းမယ်။+
ပျက်စီးနေတဲ့မြို့တွေကို သူတို့ ပြန်တည်ဆောက်ပြီး နေထိုင်ကြမယ်။+
စပျစ်ခြံတွေ စိုက်ပျိုးပြီး စပျစ်ဝိုင် သောက်ကြလိမ့်မယ်။+
သစ်သီးခြံတွေ စိုက်ပျိုးပြီး သစ်သီးတွေ စားကြလိမ့်မယ်။’+
၁၅ ‘သူတို့ကို နေရင်းပြည်မှာ ငါပြန်စိုက်ပျိုးမယ်။
သူတို့ဟာ ငါပေးထားတဲ့ ပြည်ကနေ ဘယ်တော့မှ နုတ်ပစ်ခံရမှာ မဟုတ်ဘူး။’+
ဒါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပြောတဲ့ စကားပဲ။”