ဧဇရ ၄:၁-၂၄

  • ဗိမာန်တော် ပြည်တည်ဆောက်ခြင်းကို ဆန့်ကျင် (၁-၆)

  • ရန်သူတွေ အာတဇေရဇ်မင်းဆီ တိုင်စာပို့ (၇-၁၆)

  • အာတဇေရဇ်ရဲ့ ပြန်စာ (၁၇-၂၂)

  • ဗိမာန်တော်တည်ဆောက်ခြင်း ရပ်ဆိုင်း (၂၃-၂၄)

 ပြည်နှင်ခံရာကနေ ပြန်လာသူတွေဟာ+ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါအတွက် ဗိမာန်တော် တည်ဆောက်နေမှန်း ယုဒနဲ့ ဗင်ယာမိန်အမျိုးရဲ့ ရန်သူတွေ+ ကြားတဲ့အခါ၊ ၂  ဇေရုဗဗေလနဲ့ ဆွေမျိုးစုခေါင်းဆောင်တွေဆီ ရောက်လာပြီး “ငါတို့လည်း မင်းတို့ရဲ့ဘုရားသခင်ကို ကိုးကွယ်တာပဲ။+ ငါတို့ကို ဒီနေရာခေါ်လာတဲ့+ အဆီးရီးယားဘုရင် ဧသရဟဒုန်+ လက်ထက်ကတည်းက အဲဒီဘုရားဆီ ပူဇော်ခဲ့ကြတာ။ ဒါကြောင့် အိမ်တော်တည်ဆောက်တဲ့ အလုပ်မှာ မင်းတို့နဲ့အတူ ပါဝင်ပါရစေ” လို့ပြောတယ်။ ၃  ဒါပေမဲ့ ဇေရုဗဗေလ၊ ယေရွှာနဲ့ ကျန်တဲ့အစ္စရေး ဆွေမျိုးစုခေါင်းဆောင်တွေက “ကျွန်တော်တို့ရဲ့ ဘုရားသခင်အတွက် အိမ်တော် တည်ဆောက်တဲ့အလုပ်မှာ ခင်ဗျားတို့ ပါစရာမလိုဘူး။+ ပါးရှားဘုရင်ဆိုင်းရပ် မိန့်မှာခဲ့တဲ့အတိုင်း အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါအတွက် အိမ်တော်ကို ကျွန်တော်တို့ပဲ တည်ဆောက်မယ်”+ လို့ပြောလိုက်တယ်။ ၄  အဲဒီအခါ  ပတ်ဝန်းကျင်လူမျိုးတွေက  ယုဒလူတွေ  စိတ်ဓာတ်ကျသွားအောင်၊  အိမ်တော်   မတည်ဆောက်တော့ဘဲ  စိတ်ပျက်အားလျော့သွားအောင် ဆက်တိုက် နှောင့်ယှက်ကြတယ်။+ ၅  ပါးရှားဘုရင် ဆိုင်းရပ်လက်ထက်ကနေ ပါးရှားဘုရင် ဒါရိလက်ထက်အထိ+ အကြံပေးအရာရှိတွေ ငှားရမ်းပြီး ယုဒလူတွေရဲ့ အစီအစဉ်တွေ ပျက်သွားအောင် လုပ်ကြတယ်။+ ၆  အာရွှေရုနန်းစံချိန် အစပိုင်းမှာ ယုဒပြည်သားတွေနဲ့ ဂျေရုဆလင်မြို့သားတွေကို စွပ်စွဲတဲ့ စာတစ်စောင် ရေးကြတယ်။ ၇  ပါးရှားဘုရင် အာတဇေရဇ် လက်ထက်မှာလည်း ဗိရှလံ၊ မိသရေဒတ်၊ တဗေလနဲ့ အပေါင်းပါတွေက အာတဇေရဇ်ဆီ စာရေးပို့တယ်။ အဲဒီစာကို အာရမိတ်စကား၊+ အာရမိတ်အက္ခရာနဲ့ရေးပြီး ဘာသာပြန်လိုက်တယ်။ ၈  * အစိုးရအရာရှိချုပ်  ရေဟုံနဲ့ ကျမ်းကူးသူ ရှိမရှဲတို့က ဂျေရုဆလင်မြို့နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တစ်စောင် ရေးပြီး အာတဇေရဇ်မင်းဆီ ပို့လိုက်တယ်။ ၉  (အစိုးရအရာရှိချုပ် ရေဟုံ၊ ကျမ်းကူးသူ ရှိမရှဲ၊ အပေါင်းပါတွေဖြစ်တဲ့ တရားသူကြီးတွေ၊ လက်ထောက်ဘုရင်ခံတွေ၊ အတွင်းဝန်တွေ၊ ဧရက်မြို့သားတွေ၊+ ဗာဗုလုန်မြို့သားတွေ၊ ဧလံလူမျိုး+ ရှုရှန်မြို့သားတွေ၊+ ၁၀  ဘုရင်မင်းမြတ် အာသနပါ ဖမ်းခေါ်သွားပြီး ရှမာရိမြို့တွေမှာ နေရာချထားပေးတဲ့+ တခြားလူမျိုးတွေ၊ မြစ်ကြီး* တစ်ဖက်ကမ်းမှာ နေထိုင်သူတွေက  အဲဒီစာကို  ရေးပို့လိုက်ကြတာ။ ၁၁  ဒါကတော့ အဲဒီစာကို ကူးရေးထားတဲ့စာပဲ။) “အာတဇေရဇ်မင်းကြီးထံသို့၊ မြစ်ကြီးတစ်ဖက်ကမ်းမှာ  နေထိုင်ကြတဲ့ ကျွန်တော်တို့ လျှောက်ထားအပ်ပါတယ်။ ၁၂  ကျွန်တော်တို့ဆီ မင်းကြီးပြန်လွှတ်လိုက်တဲ့ ဂျူးတွေ ဂျေရုဆလင်မြို့ကို ရောက်နေပြီ။ ပုန်ကန်တတ်တဲ့မြို့၊ ဆိုးညစ်တဲ့မြို့ကို ပြန်တည်ဆောက်ပြီး မြို့ရိုးကို အပြီးသတ်နေပြီ။+ အုတ်မြစ်တွေကိုလည်း ပြုပြင်နေပြီဆိုတဲ့အကြောင်း မင်းကြီးကို အသိပေးအပ်ပါတယ်။ ၁၃  ဒီမြို့ကို ပြန်တည်ဆောက်ပြီး မြို့ရိုးလည်း ပြီးစီးသွားမယ်ဆိုရင် လူခွန်၊ ပစ္စည်းခွန်၊+ ဖြတ်သန်းခတွေကို သူတို့ပေးကြမှာတော့ မဟုတ်ဘူး။ ဒါဆိုရင် ဘဏ္ဍာတော် ဆုံးရှုံးလိမ့်မယ်ဆိုတာ မင်းကြီးကို အသိပေးအပ်ပါတယ်။ ၁၄  ကျွန်တော်တို့ဟာ နန်းတော်ကပေးတဲ့ လစာကို ယူနေသူတွေ* ဖြစ်တာကြောင့် မင်းကြီးရဲ့အကျိုးစီးပွား ထိခိုက်မှာကို မမြင်လိုပါဘူး။ ဒါကြောင့် မင်းကြီးဆီ အခုလို စာရေးပြီး အသိပေးရတာပါ။ ၁၅  ဘိုးတော်ဘေးတော်တို့ရဲ့ မှတ်တမ်းမှာ စစ်ဆေးကြည့်နိုင်ပါတယ်။+ ဒီမြို့ဟာ ရှေးအချိန်ကတည်းက ပုန်ကန်တတ်တဲ့မြို့၊ ဘုရင်တွေနဲ့ ခရိုင်မြို့တွေကို ဒုက္ခပေးတတ်တဲ့မြို့၊ ဆူပူထကြွအောင် လှုံ့ဆော်ပေးသူတွေ နေထိုင်တဲ့မြို့ဖြစ်မှန်း မင်းကြီး တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ဒီမြို့ ဖျက်ဆီးခံခဲ့ရတာပါ။+ ၁၆  ဒီမြို့ကိုသာ ပြန်တည်ဆောက်ပြီး မြို့ရိုးလည်း ပြီးစီးသွားမယ်ဆိုရင် မင်းကြီးဟာ မြစ်ကြီး တစ်ဖက်ကမ်းမှာရှိတဲ့+ နယ်မြေကို ထိန်းချုပ်နိုင်စွမ်းရှိတော့မှာ မဟုတ်ဘူးဆိုတာ လျှောက်ထားအပ်ပါတယ်။” ၁၇  အဲဒီအခါ ဘုရင်အာတဇေရဇ်က အစိုးရအရာရှိချုပ် ရေဟုံ၊ ကျမ်းကူးသူ ရှိမရှဲ၊ ရှမာရိမြို့မှာနေထိုင်တဲ့ သူတို့ရဲ့အပေါင်းပါတွေ၊ မြစ်ကြီး တစ်ဖက်ကမ်းမှာ နေထိုင်သူတွေကို စာပြန်လိုက်တယ်– “ငါကိုယ်တော်မြတ် နှုတ်ခွန်းဆက်သလိုက်တယ်။ ၁၈  မင်းတို့ပို့တဲ့ စာကို ငါ့ရှေ့မှာ အသေအချာ ဖတ်ပြကြတယ်။* ၁၉  ငါ့အမိန့်အရ စစ်ဆေးကြည့်တဲ့အခါ အဲဒီမြို့ဟာ ရှေးအချိန်ကတည်းက ဘုရင်တွေကို ပုန်ကန်တဲ့မြို့၊ ပုန်ကန်ထကြွမှု၊ တော်လှန်မှုတွေ ဖြစ်ပွားတဲ့မြို့ဆိုတာ ငါသိလိုက်ရပြီ။+ ၂၀  ဂျေရုဆလင်မြို့ကို  အုပ်ချုပ်တဲ့ တန်ခိုးကြီးဘုရင်တွေဟာ မြစ်ကြီးတစ်ဖက်က နယ်မြေအားလုံးကို အုပ်စိုးပြီး လူခွန်၊ ပစ္စည်းခွန်၊ ဖြတ်သန်းခတွေကို  ကောက်ခံခဲ့ကြတာပဲ။ ၂၁  ဒါကြောင့်  ငါ့အမိန့်မရမချင်း မြို့ပြန်တည်ဆောက်နေတာကို  ရပ်ဆိုင်းထားဖို့ အဲဒီလူတွေကို  အမိန့်ထုတ်လိုက်ပါ။ ၂၂  ငါကိုယ်တော်မြတ်ရဲ့ အကျိုးစီးပွား နောက်ထပ်  ထိခိုက်မှု မရှိရအောင် ဒီကိစ္စကို မပေါ့ဆဘဲ ဂရုတစိုက် လုပ်ဆောင်ကြပါ။”+ ၂၃  အာတဇေရဇ်မင်း ထုတ်ပြန်တဲ့စာ ဖတ်ပြတာကို နားထောင်လို့ပြီးတာနဲ့ ရေဟုံ၊ ကျမ်းကူးသူ ရှိမရှဲနဲ့အပေါင်းပါတွေက ဂျူးတွေရှိရာ ဂျေရုဆလင်မြို့ကို ရောက်လာပြီး သူတို့ရဲ့အလုပ်ကို အတင်းအဓမ္မ ရပ်ဆိုင်းခိုင်းတယ်။ ၂၄  ဒါကြောင့် ဂျေရုဆလင်မြို့မှာ ဘုရားသခင့်အိမ်တော် တည်ဆောက်တဲ့အလုပ် ရပ်ဆိုင်းသွားတယ်၊ ပါးရှားဘုရင်ဒါရိ  နန်းစံ  ဒုတိယနှစ်အထိပဲ။+

အောက်ခြေမှတ်ချက်များ

မူရင်းမှာ ဧဇ ၄:၈-၆:၁၈ အထိ အာရမိတ်လို ရေးထား။
ယူဖရေးတီးမြစ်။
မူရင်း၊ “နန်းတွင်းဆားကို စားသုံးနေသူတွေ။”
“ဘာသာပြန်ပြီး ဖတ်ပြကြပြီ” လည်းဖြစ်နိုင်။