ဧဇရ ၅:၁-၁၇
၅ အဲဒီနောက် ပရောဖက်ဟဂ္ဂဲ၊+ အိဒေါရဲ့မြေး+ ပရောဖက်ဇာခရိတို့က+ ယုဒပြည်နဲ့ ဂျေရုဆလင်မြို့မှာနေတဲ့ ဂျူးတွေကို အစ္စရေးတို့ဘုရားသခင်ရဲ့ နာမည်ကိုသုံးပြီး ပရောဖက်ပြုကြတယ်။ ဂျူးတွေနဲ့အတူ ဘုရားသခင် ရှိနေတယ်။
၂ ဒါနဲ့ ရှာလသေလရဲ့သား ဇေရုဗဗေလ၊+ ယောဇဒက်ရဲ့သား ယေရွှာတို့က+ ဂျေရုဆလင်မြို့မှာရှိတဲ့ ဘုရားသခင့်အိမ်တော် တည်ဆောက်တဲ့အလုပ်ကို ပြန်စကြတယ်။+ ဘုရားသခင့် ပရောဖက်တွေကလည်း သူတို့နဲ့အတူရှိပြီး ကူညီပေးကြတယ်။+
၃ အဲဒီအချိန်မှာ မြစ်ကြီး* တစ်ဖက်ကမ်းက ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲနဲ့ အပေါင်းပါတွေ ရောက်လာပြီး “ဒီအိမ်တော်ကို တည်ဆောက်ဖို့၊ ဒီအဆောက်အအုံကို အပြီးသတ်ဖို့ ခင်ဗျားတို့ကို ဘယ်သူအမိန့်ပေးတာလဲ” ဆိုပြီးမေးတယ်။
၄ “ဒီအိမ်တော်ကို ဘယ်သူတွေ တည်ဆောက်နေတာလဲ၊ သူတို့ရဲ့နာမည်တွေက ဘာလဲ” လို့လည်း မေးကြတယ်။
၅ ဒါပေမဲ့ ဘုရားသခင်က ဂျူးအကြီးအကဲတွေကို ကြည့်ရှုစောင့်ရှောက်ပေးတယ်။+ ဒါကြောင့် ဒီကိစ္စကို ဒါရိမင်းဆီ အစီရင်ခံစာ တင်သွင်းပြီး အမိန့်ထုတ်ပြန်စာ မရမချင်း အိမ်တော် တည်ဆောက်တဲ့အလုပ်ကို သူတို့ မရပ်ဆိုင်းကြဘူး။
၆ မြစ်ကြီး တစ်ဖက်ကမ်းမှာရှိတဲ့ ဘုရင်ခံ တာတနဲ၊ ရှေသာဗောဇနဲနဲ့ အပေါင်းပါတွေ၊ လက်ထောက်ဘုရင်ခံတွေက ဒါရိမင်းဆီ စာတစ်စောင်ရေးပို့လိုက်တယ်။
၇ သူတို့ပို့လိုက်တဲ့ အစီရင်ခံစာထဲမှာ အခုလို ရေးထားတယ်–
“ဒါရိမင်းကြီးထံသို့၊
“ငြိမ်သက်ခြင်းအပေါင်းနဲ့ ပြည့်စုံပါစေ။
၈ ကြီးမြတ်တဲ့ ဘုရားသခင်ရဲ့ အိမ်တော်ရှိရာ ယုဒခရိုင်ကို ကျွန်တော်တို့ သွားတဲ့အခါ အိမ်တော်ကို ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်နေတာ တွေ့ခဲ့ရတယ်။ အိမ်တော်နံရံတွေကိုလည်း သစ်သားတွေထည့်ပြီး ဆောက်နေကြတယ်။ အားကြိုးမာန်တက် လုပ်ဆောင်နေကြတဲ့အတွက် လုပ်ငန်းတိုးတက်နေတယ် ဆိုတဲ့အကြောင်း မင်းကြီးကို အသိပေးအပ်ပါတယ်။
၉ ကျွန်တော်တို့က ‘ဒီအိမ်တော်ကို တည်ဆောက်ဖို့၊ ဒီအဆောက်အအုံကို အပြီးသတ်ဖို့ ခင်ဗျားတို့ကို ဘယ်သူ အမိန့်ပေးတာလဲ’ ဆိုပြီး သူတို့ရဲ့အကြီးအကဲတွေကို မေးတယ်။+
၁၀ ဦးဆောင်နေသူတွေရဲ့ နာမည်ကို မင်းကြီးဆီ အစီရင်ခံနိုင်အောင် သူတို့ရဲ့နာမည်ကိုပါ မေးလိုက်တယ်။
၁၁ “အဲဒီအခါ သူတို့က ‘ကျွန်တော်တို့ဟာ မိုးမြေကို အုပ်စိုးတဲ့အရှင် ဘုရားသခင်ရဲ့ ကျွန်တွေပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အစ္စရေးဘုရင်မင်းမြတ် တည်ဆောက်ခဲ့တဲ့ အိမ်တော်ကို ပြန်တည်ဆောက်နေကြတာ။+
၁၂ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ကို ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ အမျက်ထွက်စေခဲ့တဲ့အတွက်+ ဘုရားသခင်က သူတို့ကို ခါလဒဲလူမျိုး ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ အပ်လိုက်တယ်။+ ဗာဗုလုန်ဘုရင်က ဒီအိမ်တော်ကို ဖျက်ဆီးပြီး+ လူတွေကိုလည်း ဗာဗုလုန်ဆီ ဖမ်းခေါ်သွားခဲ့တယ်။+
၁၃ ဒါပေမဲ့ ဗာဗုလုန်ဘုရင် ဆိုင်းရပ်က နန်းစံပထမနှစ်မှာ ဘုရားသခင့်အိမ်တော်ကို ပြန်တည်ဆောက်ဖို့ အမိန့်ထုတ်ခဲ့တယ်။+
၁၄ ဒါ့အပြင် ဂျေရုဆလင်မြို့ ဗိမာန်တော်ကနေ ဗာဗုလုန်ဗိမာန်ကို နေဗုခဒ်နေဇာ သိမ်းယူလာတဲ့ ဘုရားသခင့်အိမ်တော်သုံး ရွှေခွက်ငွေခွက်တွေကို+ ထုတ်ယူပြီး ဘုရင်ခံအဖြစ် ခန့်ထားတဲ့+ ရှေရှဗာဇာကို*+ အပ်လိုက်တယ်။
၁၅ ပြီးတော့ “ဒီခွက်တွေကို ယူပြီး ဂျေရုဆလင်မြို့မှာရှိတဲ့ ဗိမာန်တော်မှာ ပြန်ထားပါ။ ဘုရားသခင့်အိမ်တော်ကို နဂိုနေရာမှာ ပြန်တည်ဆောက်ပါ”+ လို့ သူ့ကို မိန့်မှာတယ်။
၁၆ ဒါနဲ့ ရှေရှဗာဇာက ဂျေရုဆလင်မြို့ကို ပြန်လာပြီး ဘုရားသခင့်အိမ်တော်ကို အုတ်မြစ်ချတယ်။+ အဲဒီအချိန်ကတည်းက ဒီအိမ်တော်ကို ပြန်တည်ဆောက်နေတာ အခုထိ မပြီးသေးပါဘူး’+ လို့ပြောကြတယ်။
၁၇ “မင်းကြီး အလိုရှိမယ်ဆိုရင် ဂျေရုဆလင်မြို့မှာ ဘုရားသခင့် အိမ်တော်ကို ပြန်တည်ဆောက်ဖို့ ဆိုင်းရပ်မင်း အမိန့်ထုတ်ခဲ့တယ်၊ မထုတ်ခဲ့ဘူးဆိုတာ သိနိုင်အောင် ဗာဗုလုန်မြို့ရဲ့ နန်းတော်ဘဏ္ဍာတိုက်မှာ ရှာဖွေစစ်ဆေးစေပါ။+ ပြီးရင် ဒီကိစ္စနဲ့ပတ်သက်တဲ့ မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို အကြောင်းကြားပေးပါ။”