ဧဇရ ၉:၁-၁၅
၉ အဲဒါတွေဖြစ်ပြီးသွားတဲ့အခါ ခေါင်းဆောင်တွေက ကျွန်တော့်ဆီ လာပြီး “အစ္စရေးတွေ၊ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေက ခါနန်၊ ဟိတ္တိ၊ ဖေရဇိ၊ ယေဗုသိ၊ အမ္မုန်၊ မောဘ၊ အီဂျစ်၊+ အာမောရိစတဲ့+ ပတ်ဝန်းကျင်လူမျိုးတွေနဲ့ ကင်းကင်းရှင်းရှင်း မနေကြဘူး။ သူတို့ရဲ့ ရွံမုန်းစရာ အကျင့်ဓလေ့တွေကိုလည်း လိုက်လုပ်နေကြတယ်။+
၂ သူတို့ရဲ့သမီးတွေကို လက်ထပ်ယူတယ်။ ကိုယ့်သားတွေနဲ့လည်း ပေးစားတယ်။+ သန့်ရှင်းတဲ့မျိုးနွယ်+ အစ္စရေးတွေက ပတ်ဝန်းကျင် လူမျိုးတွေနဲ့ ရောနှောနေကြပြီ။+ ဒီသစ္စာမဲ့တဲ့လုပ်ရပ်ကို ကျူးလွန်သူတွေထဲမှာ ခေါင်းဆောင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ အဆိုးဆုံးပါပဲ” လို့ပြောကြတယ်။
၃ ဒီသတင်းကိုကြားတာနဲ့ ကျွန်တော် အဝတ်တွေကို ဆွဲဆုတ်ပြီး ဆံပင်နဲ့ မုတ်ဆိတ်တချို့ကို ဆွဲနုတ်ပစ်တယ်။ အဲဒီနောက် အံ့သြတုန်လှုပ်ပြီး ထိုင်ချလိုက်တယ်။
၄ ညနေပိုင်းကောက်နှံအလှူ ပူဇော်ချိန်အထိ+ အံ့သြတုန်လှုပ်ပြီး ထိုင်နေတုန်းမှာ ပြည်နှင်ခံတွေရဲ့ သစ္စာမဲ့မှုနဲ့ပတ်သက်ပြီး အစ္စရေးတို့ရဲ့ ဘုရားသခင်ပြောတဲ့ စကားတွေကို လေးစားသူတိုင်း ကျွန်တော့်အနား ရောက်လာကြတယ်။
၅ ညနေပိုင်းကောက်နှံအလှူ ပူဇော်ချိန်မှာ+ ကျွန်တော်က စုတ်ပြဲနေတဲ့အဝတ်တွေနဲ့ ကိုယ်ကိုနှိမ့်ချပြီး ထိုင်နေရာကနေ ထလိုက်တယ်။ ဒူးထောက်ပြီးနောက် ယေဟောဝါဘုရားရှေ့မှာ လက်ကိုဖြန့်ပြီး၊
၆ ဆုတောင်းလိုက်တာက “အို ဘုရားသခင်၊ ကျွန်တော်ရှက်လွန်းလို့ ကိုယ်တော့်ကို မျက်နှာမပြရဲပါဘူး။ ဘုရားသခင်၊ ကျွန်တော်တို့ရဲ့ အမှားတွေ ခေါင်းကိုလွှမ်းမိုးတဲ့အထိ များနေပြီ။ ကျွန်တော်တို့ရဲ့ အပြစ်တွေ ကောင်းကင်အထိတောင် ရောက်နေပြီ။+
၇ ဘိုးဘေးတွေ လက်ထက်ကစပြီး ဒီနေ့အထိ အပြစ်တွေအများကြီး ကျူးလွန်ခဲ့ပါပြီ။+ ကျွန်တော်တို့ရဲ့ အမှားတွေကြောင့် အခုလိုမျိုး ကိုယ်တိုင်ရော၊ ဘုရင်တွေနဲ့ ပုရောဟိတ်တွေပါ တိုင်းတစ်ပါးဘုရင်တွေလက်ထဲ ကျရောက်ခဲ့ရတယ်။ ဓားဘေးကြောင့် သေခဲ့ရတယ်။+ သုံ့ပန်းဘဝရောက်ခဲ့ရတယ်။+ လုယက်ခံရပြီး+ အရှက်တကွဲ ဖြစ်ခဲ့ရပါတယ်။+
၈ ဒါပေမဲ့ ယေဟောဝါဘုရားက ကျွန်တော်တို့ရဲ့မျက်လုံး တောက်ပလာအောင်၊ ကျွန်ခံနေရချိန်မှာ နည်းနည်းလေးပဲဖြစ်ဖြစ် အားသစ်လန်းဆန်းလာအောင် အကြွင်းအကျန်တစ်စုကို လွတ်မြောက်စေပြီး သန့်ရှင်းရာအရပ်မှာ ခိုင်မြဲတဲ့နေရာကို ပေးခဲ့ပြီ။+ ဘုရားသခင်၊ ဒီအခိုက်အတန့်လေးမှာ ကရုဏာတော်ကို ကျွန်တော်တို့ ခံစားနေရပြီ။
၉ ကျွန်ဘဝရောက်နေတဲ့+ ကျွန်တော်တို့ကို ဘုရားသခင် ပစ်မထားဘူး။ ကျွန်တော်တို့ကို အားသစ်လန်းစေဖို့၊ ဘုရားသခင့်အိမ်တော်ကို ပြန်တည်ဆောက်ဖို့၊+ အပျက်အယွင်းတွေကို ပြန်ပြုပြင်ဖို့၊ ကျောက်တံတိုင်းနောက်မှာ နေရသလိုမျိုး ယုဒပြည်နဲ့ ဂျေရုဆလင်မြို့မှာ နေရဖို့ ကျွန်တော်တို့ကို ခိုင်မြဲတဲ့မေတ္တာပြပြီး ပါးရှားဘုရင်တွေရှေ့မှာ မျက်နှာသာရစေပါပြီ။+
၁၀ “အို ဘုရားသခင်၊ ဒါတွေဖြစ်ပြီးပြီဆိုတော့ အခု ကျွန်တော်တို့ ဘာများပြောနိုင်မှာလဲ။ ပညတ်ချက်တွေကို ကျွန်တော်တို့ မလိုက်နာခဲ့ကြဘူး။
၁၁ ကိုယ်တော်က ကျွန်ဖြစ်သူ ပရောဖက်တွေကတစ်ဆင့် ‘မင်းတို့ သိမ်းပိုက်မယ့်ပြည်ဟာ ညစ်ညူးတဲ့ပြည်ပဲ။ အဲဒီပြည်သားတွေဟာ ညစ်ညမ်းတယ်။ တစ်ပြည်လုံးမှာလည်း မသန့်ရှင်းတဲ့ အကျင့်တွေ၊ ရွံမုန်းစရာ အကျင့်ဓလေ့တွေ ပြည့်နေတယ်။+
၁၂ ဒါကြောင့် ကိုယ့်သမီးတွေကို သူတို့သားတွေနဲ့ မပေးစားနဲ့။ သူတို့သမီးတွေကိုလည်း ကိုယ့်သားတွေနဲ့ မပေးစားနဲ့။+ သူတို့ အေးအေးချမ်းချမ်း နေနိုင်အောင်၊ ကြီးပွားတိုးတက်အောင် ဘယ်တော့မှ မလုပ်ပေးရဘူး။+ ဒါဆိုရင် မင်းတို့ အင်အားကြီးလာပြီး ပြည်ထွက်သီးနှံတွေကို စားသုံးနိုင်မယ်၊ အဲဒီပြည်ကို မင်းတို့သားမြေးတွေ ထာဝစဉ်ပိုင်ဆိုင်နိုင်မယ်’ ဆိုပြီး ပြောခဲ့ပါတယ်။
၁၃ ဘုရားသခင်၊ ကိုယ်တော်က ကျွန်တော်တို့ရဲ့ အမှားတွေနဲ့အညီ ထိုက်သင့်တဲ့အပြစ်ဒဏ်ကို မပေးဘဲ+ ဒီမှာရှိနေတဲ့ ကျွန်တော်တို့ကို လွတ်မြောက်ခွင့်ပေးခဲ့တယ်။+ ကျွန်တော်တို့ရဲ့ အကျင့်ဆိုးတွေ၊ ကြီးလေးတဲ့အပြစ်တွေကြောင့် ဒါတွေကို ကြုံခဲ့ရတာတောင်၊
၁၄ ကိုယ်တော့်ပညတ်ချက်တွေကို ထပ်ချိုးဖောက်ပြီး ရွံမုန်းစရာအကျင့်တွေ ကျင့်တဲ့ ဒီလူမျိုးတွေနဲ့ ထိမ်းမြားပေးစားနေမယ်ဆိုရင်+ ကိုယ်တော် အမျက်ထွက်ပြီး ကျွန်တော်တို့ကို တစ်ယောက်မကျန် သုတ်သင်ဖျက်ဆီးပစ်မှာ မဟုတ်လား။
၁၅ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော်ဟာ ဖြောင့်မတ်တဲ့အရှင်ပါ။+ အခု၊ ကျွန်တော်တို့ဟာ လွတ်မြောက်ကျန်ရစ်တဲ့ လူနည်းစုလေးပါ။ အပြစ်များလှတဲ့ ကျွန်တော်တို့ဟာ ကိုယ်တော့်ရှေ့ ရောက်နေပါတယ်။ အဲဒီအပြစ်တွေကြောင့် ရှေ့တော်မှာ အပြစ်ကင်းတဲ့ပုံစံမျိုးနဲ့ ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”+