ဧသတာ ၂:၁-၂၃

  • မိဖုရားအသစ် ရှာဖွေ (၁-၁၄)

  • ဧသတာ မိဖုရားဖြစ်လာ (၁၅-၂၀)

  • လျှို့ဝှက်ကြံစည်မှုကို မော်ဒကဲဖော်ထုတ် (၂၁-၂၃)

၂  အဲဒီနောက် အာရွှေရုမင်းက+ စိတ်ပြေသွားတဲ့အခါ  မိဖုရားဝါရှတိ ဘာလုပ်ခဲ့တယ်၊+  သူ့ကို  ဘယ်လို စီရင်ချက်ချခဲ့တယ်ဆိုတာကို ပြန်သတိရတယ်။+ ၂  အဲဒီအခါ အပါးတော်မြဲ မှူးမတ်တွေက “မင်းကြီးအတွက် အပျိုစင် မိန်းမချောလေးတွေကို ရှာခိုင်းလိုက်ပါ။ ၃  မင်းကြီးရဲ့ပိုင်နက် ခရိုင်တွေထဲက+ အပျိုစင် မိန်းမချောလေးတွေကို ရှုရှန်နန်းတော်မှာရှိတဲ့ အပျိုတော်နန်းဆောင်ဆီ ခေါ်လာဖို့ လူတချို့ကို   တာဝန်ပေးလိုက်ပါ။  မိန်းမပျိုလေးတွေကို အပျိုတော်ထိန်း၊ မိန်းမစိုး* ဟေဂဲလက်ထဲ အပ်ပြီး+ အလှပြုပြင်ပေးစေပါ။* ၄  အဲဒီနောက် မင်းကြီး အကြိုက်ဆုံးတစ်ယောက်ကို ဝါရှတိနေရာမှာ မိဖုရားမြှောက်တော်မူပါ”+ ဆိုပြီး အကြံပေးတယ်။ ဒီအကြံပေးချက်ကို မင်းကြီး သဘောကျသွားပြီး အဲဒီအတိုင်း လုပ်တယ်။ ၅  ရှုရှန်နန်းတော်မှာ+ ဗင်ယာမိန်အမျိုးသား+ ကိရှရဲ့မြစ်၊ ရှိမိရဲ့မြေး၊ ယာအိရရဲ့သား မော်ဒကဲလို့ခေါ်တဲ့+ ဂျူးတစ်ယောက် ရှိတယ်။ ၆  ဂျေရုဆလင်မြို့ကနေ ယုဒဘုရင် ယေခေါနိနဲ့ သုံ့ပန်းတွေကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ ဖမ်းခေါ်သွားတုန်းက အဲဒီသုံ့ပန်းတွေထဲမှာ သူလည်း ပါတယ်။+ ၇  မော်ဒကဲမှာ ဧသတာလို့ခေါ်တဲ့ နှမဝမ်းကွဲတစ်ယောက်ရှိပြီး+ ဟဒဿ* လို့လည်း ခေါ်တယ်။ သူ့မှာ မိဘတွေ မရှိတော့တဲ့အတွက် မော်ဒကဲက ကျွေးမွေးစောင့်ရှောက်ထားတယ်။ သူဟာ ရုပ်ချောပြီး ဆွဲဆောင်မှုရှိတယ်။ သူ့မိဘတွေ ဆုံးပါးသွားတဲ့အခါ မော်ဒကဲက သမီးအဖြစ် မွေးစားထားတာ။ ၈  အမိန့်တော်စာကို ကြေညာပြီးတဲ့နောက်  မိန်းမပျိုလေးတွေကို ရှုရှန်နန်းတော်မှာရှိတဲ့ အပျိုတော်ထိန်း ဟေဂဲလက်ထဲအပ်ဖို့ ခေါ်လာကြတယ်။+ ဧသတာကိုလည်း ခေါ်လာပြီး ဟေဂဲလက်ထဲ အပ်လိုက်တယ်။ ၉  ဟေဂဲက မိန်းမပျိုလေး ဧသတာကို သဘောကျပြီး မျက်နှာသာပေးတယ်။ သူ့ကို အလှပြုပြင်ပေးဖို့၊+ အထူးအစားအစာတွေ ကျွေးဖို့ ချက်ချင်း စီစဉ်ပြီး နန်းတွင်းအပျိုတော် ခုနစ်ယောက်ကိုလည်း ပေးအပ်တယ်။ ပြီးတော့  ဧသတာနဲ့  အပျိုတော်ခုနစ်ယောက်ကို အပျိုတော်နန်းဆောင်ရဲ့ အကောင်းဆုံးအဆောင်မှာ ထားပေးတယ်။ ၁၀  ဧသတာလည်း မော်ဒကဲ+ မှာထားတဲ့အတိုင်း သူ့လူမျိုး၊+ သူ့ဆွေမျိုးအကြောင်း လုံးဝမပြောဘဲ လျှို့ဝှက်ထားတယ်+ ၁၁  မော်ဒကဲက ဧသတာရဲ့အခြေအနေနဲ့ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ သိနိုင်ဖို့ အပျိုတော်နန်းဆောင်ဝင်း အရှေ့မှာ နေ့တိုင်း ဖြတ်လျှောက်လေ့ရှိတယ်။ ၁၂  မိန်းမပျိုလေးတွေကို မုရန်ဆီနဲ့* ခြောက်လ၊+ ဗာလစံဆီ၊+ နံ့သာဆီအမျိုးမျိုးနဲ့ ခြောက်လ အလှပြုပြင်ပေးရတယ်။ အဲဒီလို ဆယ့်နှစ်လကြာ အလှပြုပြင်ချိန် ကုန်ဆုံးသွားရင် မိန်းမပျိုလေးတွေက အာရွှေရုမင်းဆီ တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ ဝင်ရတော့မှာဖြစ်တယ်။ ၁၃  မင်းကြီးဆီဝင်ဖို့ အလှည့်ကျတဲ့ မိန်းမပျိုလေးဟာ အပျိုတော်နန်းဆောင်ကနေ နန်းတော်ကို သွားတဲ့အခါ လိုချင်တာမှန်သမျှ တောင်းယူနိုင်တယ်။ ၁၄  ညနေပိုင်းမှာ မင်းကြီးဆီ ဝင်ပြီး နောက်နေ့မနက်မှာ မောင်းမတွေကို အုပ်ထိန်းရတဲ့ မိန်းမစိုး ရှဂါဇ လက်အောက်မှာရှိတဲ့ မောင်းမနန်းဆောင်ကို ပြန်ရတယ်။+ မင်းကြီး နှစ်သက်မြတ်နိုးလို့ နာမည်တပ်ပြီး ဆင့်ခေါ်မှသာ မင်းကြီးဆီ သူ ထပ်ပြီးဝင်ရမယ်။+ ၁၅  အဘိဟဲလရဲ့ သမီး၊ မော်ဒကဲရဲ့နှမဝမ်းကွဲ ဧသတာလည်း မင်းကြီးဆီဝင်ဖို့ အလှည့်ကျလာတယ်။+ ဧသတာက အပျိုတော်ထိန်း၊ မိန်းမစိုးဟေဂဲ ဆင်ပေးထားတာကလွဲလို့ ဘာမှထပ်မတောင်းဘူး။ (ဧသတာကို မြင်သူတိုင်း ချစ်ခင်ကြတယ်။) ၁၆  အာရွှေရုမင်းနန်းစံ ခုနစ်နှစ်၊+ တေဗက်* လို့ခေါ်တဲ့ ဆယ်လပိုင်းမှာ ဧသတာကို အာရွှေရုမင်းရဲ့ နန်းဆောင်ဆီ ခေါ်လာကြတယ်။ ၁၇  မင်းကြီးလည်း ဧသတာကို တခြားမိန်းကလေးတွေထက်   ပိုချစ်မြတ်နိုးတယ်။ ဧသတာကို တခြားအပျိုစင်တွေထက် မျက်နှာသာပိုပေးပြီး ပိုနှစ်သက်တဲ့အတွက် ရာဇခေါင်းဆောင်း ဆောင်းပေးပြီး ဝါရှတိနေရာမှာ+ မိဖုရားမြှောက်လိုက်တယ်။+ ၁၈  အဲဒီနောက် မှူးမတ်တွေ၊ မင်းမှုထမ်းတွေအတွက် စားသောက်ပွဲကြီး ကျင်းပပေးတယ်။ ဒါဟာ ဧသတာအတွက် ကျင်းပတဲ့ပွဲပဲ။ ခရိုင်တွေမှာလည်း လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာပြီး မင်းကြီးသာလျှင် တတ်နိုင်တဲ့ လက်ဆောင်တွေ ပေးသနားတယ်။ ၁၉  အပျိုစင်တွေကို+  ဒုတိယအကြိမ်  ခေါ်လာချိန်မှာ  မော်ဒကဲက နန်းတော်တံခါးမှာ  ထိုင်နေတယ်။ ၂၀  ဧသတာလည်း မော်ဒကဲမှာထားတဲ့အတိုင်း  သူ့ဆွေမျိုး၊  သူ့လူမျိုးအကြောင်း လုံးဝမပြောဘဲ လျှို့ဝှက်ထားတယ်။+ မော်ဒကဲရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေတုန်းကလိုပဲ မော်ဒကဲရဲ့စကားကို နားထောင်တယ်။+ ၂၁  နန်းတော်တံခါးမှာ  မော်ဒကဲထိုင်ရချိန်တုန်းက နန်းတွင်းအရာရှိတွေဖြစ်တဲ့ တံခါးစောင့် ဗိဂသန်နဲ့ တေရက်က ဒေါသထွက်ပြီး အာရွှေရုမင်းကို လုပ်ကြံဖို့ လျှို့ဝှက်ကြံစည်တယ်။ ၂၂  ဒါကို မော်ဒကဲသိသွားတဲ့အခါ ချက်ချင်းပဲ မိဖုရားဧသတာကို ပြောပြလိုက်တယ်။ ဧသတာလည်း မော်ဒကဲကိုယ်စား မင်းကြီးဆီ လျှောက်တင်တယ်။ ၂၃  ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီးနောက် မှန်တယ်ဆိုတာ သိရတဲ့အခါ တံခါးစောင့်နှစ်ယောက်ကို သစ်တိုင်မှာ ဆွဲထားလိုက်တယ်။ အဲဒီနောက် ရှေ့တော်မှာ အကြောင်းစုံကို သမိုင်းမှတ်တမ်းထဲ ရေးမှတ်စေတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ဒါမှမဟုတ်၊ “နှိပ်နယ်ပေးစေပါ။”
အဓိပ္ပာယ်၊ “မုရတု။”
ခက်ဆစ်ကိုကြည့်။