ဧသတာ ၅:၁-၁၄

  • မင်း​ကြီး​ရှေ့ ဧ​သတာ ဝင်​ရောက် (၁-၈)

  • ဟာ​မန်​ရဲ့ ဒေါသ​နဲ့ မာ​န (၉-၁၄)

 သုံး​ရက်​မြောက်​နေ့​မှာ+ ဧ​သတာ​က နန်း​ဝတ်​နန်း​စား​တွေ ဆင်​မြန်း​ပြီး နန်း​တော်​နဲ့ မျက်​နှာ​ချင်း​ဆိုင်​မှာ​ရှိ​တဲ့ အတွင်း​ရင်​ပြင်​မှာ ရပ်​နေ​တယ်။ အဲဒီ​အချိန်​မှာ မင်း​ကြီး​က ဝင်​ပေါက်​ဘက် မျက်​နှာ​မူ​ပြီး ရာ​ဇ​ပလ္လင်​ပေါ် ထိုင်​နေ​တယ်။ ၂  ရင်​ပြင်​မှာ​ရပ်​နေ​တဲ့ မိဖု​ရား​ဧ​သတာ​ကို တွေ့​သွား​တဲ့​အခါ မင်း​ကြီး စိတ်​ကြည်​နူး​သွား​ပြီး လက်​ထဲ​က ရွှေ​ရာ​ဇ​လှံ​တံ​ကို ကမ်း​ပေး​တယ်။+ ဧသ​တာ​လည်း အနား​တိုး​လာ​ပြီး ရာ​ဇ​လှံ​တံ​ရဲ့ ထိပ်​ဖျား​ကို လှမ်း​ထိ​လိုက်​တယ်။ ၃  မင်း​ကြီး​က “မိ​ဖု​ရား​ဧ​သတာ၊ ဘာ​ကိစ္စ​များ​ရှိ​လို့​လဲ။ ဘာ​များ တောင်း​ဆို​ချင်​သလဲ။ နိုင်​ငံ​တစ်​ဝက်​ကို တောင်း​မယ်​ဆို​ရင်​တောင် ငါ​ပေး​မှာ​ပါ” ဆို​ပြီး​ပြော​တဲ့​အခါ၊ ၄  ဧ​သတာ​က “အလို​တော်​ရှိ​မယ်​ဆို​ရင်  ဒီ​နေ့  မင်း​ကြီး​အတွက် ကျွန်မ​ပြင်​ဆင်​တဲ့ စား​သောက်​ပွဲ​ကို ဟာ​မန်​နဲ့​အတူ ကြွ​တော်​မူ​ပါ”+ လို့​ပြန်​ဖြေတယ်။ ၅  အဲဒီ​အခါ မင်း​ကြီး​က “ဧ​သတာ တောင်း​ဆို​တဲ့​အတိုင်း ဟာ​မန်​ကို မြန်​မြန်​လာ​ခိုင်း​လိုက်” ဆို​ပြီး သူ့​လူ​တွေ​ကို ပြော​တယ်။ ပြီး​တော့ ဧ​သတာ​ပြင်​ဆင်​တဲ့ စား​သောက်​ပွဲ​ဆီ ဟာ​မန်​နဲ့​အတူ သွား​တယ်။ ၆  စ​ပျစ်​ဝိုင်​တည်​ခင်း​ချိန်​မှာ မင်း​ကြီး​က ဧ​သတာ​ကို “ဘာ​များ အသနား​ခံ​ချင်​သလဲ။ ငါ​ပေး​မှာ​ပေါ့။ ဘာ​များ တောင်း​ဆို​ချင်​သလဲ။ နိုင်​ငံ​တစ်​ဝက်​ကို တောင်း​မယ်​ဆို​ရင်​တောင် ငါ​ပေး​မယ်”+ ဆို​ပြီး ပြော​တယ်။ ၇  ဧ​သတာ​က “ကျွန်​မ အသနား​ခံ​ချင်​တာ၊ တောင်း​ဆို​ချင်​တာ ရှိ​ပါ​တယ်။ ၈  ကျွန်​မကို မင်း​ကြီး​စိတ်​နဲ့ တွေ့​တယ်၊ ကျွန်​မ အသနား​ခံ​တာ​ကို ပေး​ချင်​တယ်၊ ကျွန်​မတောင်း​ဆို​တဲ့​အတိုင်း လုပ်​ပေး​ချင်​တယ်​ဆို​ရင် မနက်​ဖြန် မင်း​ကြီး​နဲ့ ဟာ​မန်​အတွက် ပြင်​ဆင်​မယ့် စား​သောက်​ပွဲ​ကို ဟာ​မန်​နဲ့​အတူ ကြွ​တော်​မူ​ပါ​ဦး။ မနက်​ဖြန်​ကျ​မှ ကျွန်​မ တောင်း​ဆို​ပါ့​မယ်” လို့​ဖြေတယ်။ ၉  အဲဒီ​နေ့​မှာ ဟာ​မန်​လည်း အပျော်​ကြီး​ပျော်​ပြီး ပြန်​သွား​တယ်။ ဒါ​ပေမဲ့ နန်း​တော်​တံခါး​မှာ​ရှိ​နေ​တဲ့ မော်​ဒ​ကဲ​က သူ့​ရှေ့​မှာ မတ်​တတ်​မရပ်​တာ၊ မတုန်​မလှုပ် ရှိ​နေ​တာ​ကို မြင်​တဲ့​အခါ ဟာ​မန် ဒေါသ​ပေါက်​ကွဲ​တော့​တယ်။+ ၁၀  ဒါ​ပေမဲ့ ဒေါသ​ကို​ထိန်း​ပြီး အိမ်​ပြန်​သွား​တယ်။ အဲဒီ​နောက် ဇနီး​ဇေ​ရက်​နဲ့+ မိတ်ဆွေ​တွေ​ကို  ခေါ်​လိုက်​တယ်။ ၁၁  ပြီး​တော့ သူ ဘယ်​လောက် စည်း​စိမ်​ကြွယ်​ဝ​တယ်၊ သား​ရ​တ​နာ​တွေ ဘယ်​လောက် ပိုင်​ဆိုင်​ထား​တယ်၊+ မင်း​ကြီး​က မှူး​မတ်​တွေ​နဲ့ မင်း​မှု​ထမ်း​တွေ​ထက်​သာ​တဲ့ ရာ​ထူး​ပေး​ပြီး ဘယ်​လို ချီး​မြှင့်​မြှောက်​စား​ထား​တယ်​ဆို​တဲ့​အကြောင်း ကြွား​လုံး​ထုတ်​တော့​တယ်။+ ၁၂  ပြီး​တော့ ဟာ​မန်​က “ဒါ​တင် ဘယ်​က​မလဲ။ မိ​ဖု​ရား​ဧ​သတာ​က သူ​ပြင်​ဆင်​တဲ့ စား​သောက်​ပွဲ​ကို မင်း​ကြီး​နဲ့​အတူ လိုက်​လာ​ဖို့ တ​ခြား​သူ​တွေ​ကို မဖိတ်​ဘဲ ငါ့​ကို​မှ ရွေး​ပြီး ဖိတ်​တာ​ကွ။+ မနက်​ဖြန်​ကျ​ရင်​လည်း မင်း​ကြီး​နဲ့​အတူ လာခဲ့​ဖို့ ဖိတ်​ထား​သေး​တယ်။+ ၁၃  ဒါ​ပေမဲ့ နန်း​တော်​တံခါး​မှာ ဂျူး​လူမျိုး မော်​ဒ​ကဲ​ကို မြင်​နေ​သရွေ့​တော့ ဒါ​တွေ​ စံစား​နေ​ရ​လည်း ငါ​စိတ်​ချမ်း​သာ​နိုင်​မယ် မထင်​ဘူး” လို့​ပြော​တယ်။ ၁၄  အဲဒီ​အခါ ဇနီး​ဇေ​ရက်​နဲ့ မိတ်ဆွေ​တွေ​က “အ​တောင် ၅၀* မြင့်​တဲ့ သစ်​တိုင်​ကို စိုက်​ထူ​ခိုင်း​လိုက်​လေ။ အဲဒီ​သစ်​တိုင်​ပေါ် မော်​ဒ​ကဲ​ကို ချိတ်​ဆွဲ​ထား​ဖို့ မနက်​ကျ​ရင် မင်း​ကြီး​ကို လျှောက်​တင်​လိုက်။+ ပြီး​မှ စား​သောက်​ပွဲ​ကို မင်း​ကြီး​နဲ့​အတူ သွား​ပြီး ပျော်​ပျော်​ပါး​ပါး စား​သောက်​ပေါ့” လို့​အကြံ​ပေး​ကြ​တယ်။ ဒီ​အကြံ​ကို ဟာ​မန် သဘော​ကျ​တဲ့​အတွက် သစ်​တိုင် စိုက်​ထူ​ခိုင်း​လိုက်​တယ်။

အောက်ခြေမှတ်ချက်များ

၇၃ ပေခန့်။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။