ဧသတာ ၇:၁-၁၀
၇ အဲဒီနောက် အာရွှေရုမင်းနဲ့ ဟာမန်က+ မိဖုရားဧသတာရဲ့ စားသောက်ပွဲဆီသွားကြတယ်။
၂ ဒုတိယနေ့ စပျစ်ဝိုင် တည်ခင်းချိန်မှာ မင်းကြီးက “မိဖုရားဧသတာ၊ ဘာများ အသနားခံချင်သလဲ။ ငါပေးမှာပေါ့။ ဘာများ တောင်းဆိုချင်သလဲ။ နိုင်ငံတစ်ဝက်ကို တောင်းမယ်ဆိုရင်တောင် ငါပေးမယ်” လို့ထပ်ပြောတော့၊+
၃ မိဖုရားဧသတာက “အရှင်မင်းကြီး၊ ကျွန်မကို စိတ်တော်နဲ့ တွေ့တယ်၊ အလိုတော် ရှိတယ်ဆိုရင် ကျွန်မအသက်ကို ကယ်တင်ပေးပါလို့ အသနားခံပါတယ်။ ကျွန်မရဲ့ လူမျိုးကိုလည်း အသက်ချမ်းသာပေးဖို့+ အသနားခံပါတယ်။
၄ ကျွန်မနဲ့ ကျွန်မရဲ့လူမျိုး ရောင်းစားခံလိုက်ရပြီ။+ ကျွန်မတို့ အသတ်ခံရတော့မယ်။ သုတ်သင်ပယ်ရှင်း ခံရတော့မယ်။+ ကျွန်အဖြစ် ရောင်းစားခံရရုံပဲဆိုရင်တော့ ကျွန်မ နှုတ်ဆိတ်နေဦးမှာပါ။ အခုတော့ ဒီဘေးဆိုးကြီးဟာ မင်းကြီးကိုလည်း အကျိုးယုတ်စေမှာဖြစ်လို့ ခွင့်ပြုတော်မမူပါနဲ့” ဆိုပြီးပြောလိုက်တယ်။
၅ အဲဒီအခါ မင်းကြီးက “ဒီလိုကြံစည်ဝံ့တာ ဘယ်သူလဲ။ အဲဒီလူ ဘယ်မှာလဲ” လို့မေးတယ်။
၆ ဧသတာက “ကျွန်မတို့ကို တိုက်ခိုက်တဲ့ ရန်သူကတော့ ဟောဒီလူယုတ်မာ ဟာမန်ပါပဲ” လို့ပြောလိုက်တယ်။
ဟာမန်ဟာ မင်းကြီးနဲ့ မိဖုရားကို ကြောက်ပြီး တဆတ်ဆတ် တုန်နေတယ်။
၇ မင်းကြီးလည်း တအားဒေါသထွက်ပြီး စပျစ်ဝိုင် တည်ခင်းတဲ့ပွဲကနေ နန်းတော်ဥယျာဉ်ထဲ ထွက်သွားတယ်။ ဟာမန်ဟာ ကျိန်းသေ အပြစ်ပေးခံရတော့မယ်မှန်း သိတဲ့အတွက် အသက်ချမ်းသာပေးပါဆိုပြီး မိဖုရား ဧသတာကို အသနားခံဖို့ ထလိုက်တယ်။
၈ မင်းကြီးက ဥယျာဉ်ထဲကနေ စပျစ်ဝိုင်တည်ခင်းထားတဲ့ နန်းဆောင်ဆီ ပြန်ဝင်လာတဲ့အခါ ဧသတာထိုင်နေတဲ့ ညောင်စောင်းနား အတင်းတိုးကပ်နေတဲ့ ဟာမန်ကိုမြင်တော့ “ဒီလူ ငါ့နန်းတော်ထဲမှာတောင် မိဖုရားကို မတရားကျင့်ဖို့ ကြံနေသေးတာလား” ဆိုပြီး အော်ပြောတယ်။ အဲဒီလိုအော်လိုက်တာနဲ့ ဟာမန်ရဲ့မျက်နှာကို သူတို့ ဖုံးအုပ်ကြတယ်။
၉ နန်းတွင်းအရာရှိ ဟာဗောနက+ “မော်ဒကဲအတွက် သစ်တိုင်တစ်တိုင်ကို ဟာမန်လုပ်ထားတယ်။+ အတောင် ၅၀ မြင့်တဲ့ အဲဒီတိုင်ကို သူ့အိမ်မှာ စိုက်ထူထားတယ်။ တကယ်တော့ မော်ဒကဲသတင်းပေးလို့ မင်းကြီး အသက်ချမ်းသာရခဲ့တာပါ”+ ဆိုပြီးပြောတဲ့အခါ မင်းကြီးက “ဟာမန်ကို အဲဒီတိုင်မှာ ဆွဲထားကြ” လို့အမိန့်ပေးတယ်။
၁၀ ဒါကြောင့် မော်ဒကဲအတွက် လုပ်ထားတဲ့ သစ်တိုင်မှာ ဟာမန်ကို ဆွဲထားကြတယ်။ အဲဒီတော့မှ မင်းကြီးလည်း ဒေါသပြေသွားတယ်။