ဧသတာ ၈:၁-၁၇
၈ အဲဒီနေ့မှာ အာရွှေရုမင်းက ဂျူးတွေရဲ့ရန်သူ+ ဟာမန်ရဲ့ ပိုင်ဆိုင်ရာမှန်သမျှကို+ မိဖုရားဧသတာဆီ အပ်လိုက်တယ်။ ဧသတာက မော်ဒကဲနဲ့ ဆွေမျိုးတော်စပ်တဲ့အကြောင်း ပြောပြလိုက်တဲ့အတွက် မင်းကြီးဆီ မော်ဒကဲ အခစားဝင်ရတယ်။+
၂ မင်းကြီးက ဟာမန်ဆီကနေ ပြန်သိမ်းယူထားတဲ့ တံဆိပ်လက်စွပ်ကို ချွတ်ပြီး+ မော်ဒကဲကို ပေးတယ်။ ဧသတာကလည်း ဟာမန်ရဲ့ ပိုင်ဆိုင်ရာမှန်သမျှကို ကြီးကြပ်ဖို့ မော်ဒကဲကို အပ်လိုက်တယ်။+
၃ ဧသတာက မင်းကြီးကို နောက်တစ်ကြိမ် လျှောက်တင်ပြန်တယ်။ ဂျူးတွေ ဒုက္ခရောက်အောင် အာဂတ်အမျိုး ဟာမန် မကောင်းကြံစည်ထားတာကို ဖယ်ရှားပေးဖို့ ခြေတော်ရင်းမှာ ပျပ်ဝပ်ငိုကြွေးပြီး အသနားခံတယ်။+
၄ မင်းကြီးက ရွှေရာဇလှံတံကို ကမ်းပေးလိုက်တော့+ ဧသတာလည်း ထရပ်လိုက်တယ်။
၅ ပြီးတော့ “မင်းကြီး အလိုတော်ရှိပြီး ကျွန်မကို စိတ်တော်နဲ့ တွေ့တယ်၊ နှစ်သက်တယ်ဆိုရင်၊ မင်းကြီး သင့်တော်တယ်ထင်ရင် အာဂတ်အမျိုး+ ဟမ်မဒါသရဲ့သား၊ အကြံသမား ဟာမန်ရေးခဲ့တဲ့ စာတွေကို ပယ်ဖျက်မယ့် အမိန့်တော်စာကို ရေးပေးပါ။+ နို့မို့ဆိုရင် မင်းကြီးအုပ်ချုပ်တဲ့ ခရိုင်အားလုံးမှာရှိတဲ့ ဂျူးတွေ ကွပ်မျက်ခံရပါတော့မယ်။
၆ ကျွန်မရဲ့လူမျိုး ဒီလိုဘေးဆိုးကြုံပြီး ဆွေမျိုးတွေ ကွပ်မျက်ခံရတော့မှာကို ကျွန်မ ဘယ်လိုမှ မကြည့်ရက်ဘူး” ဆိုပြီး လျှောက်တင်တယ်။
၇ အာရွှေရုမင်းလည်း မိဖုရားဧသတာနဲ့ ဂျူးလူမျိုး မော်ဒကဲကို “ဟာမန်က ဂျူးတွေကို ကွပ်မျက်ဖို့ ကြံစည်တဲ့အတွက် သူ့ကို သစ်တိုင်မှာ ဆွဲထားလိုက်ပြီ။+ သူပိုင်ဆိုင်သမျှကိုလည်း ဧသတာဆီ ငါအပ်လိုက်ပြီ။+
၈ ဘုရင့်နာမည်နဲ့ရေးပြီး လက်စွပ်တော်နဲ့ တံဆိပ်ခတ်ထားတဲ့ အမိန့်ဆိုတာ ပြန်ရုပ်သိမ်းလို့ မရဘူး။+ ဒီတော့ မင်းတို့ ကောင်းမယ်ထင်သလို ဂျူးတွေရဲ့အကျိုးအတွက် ငါကိုယ်တော်မြတ်ရဲ့ နာမည်နဲ့ စာရေးပြီး လက်စွပ်တော်နဲ့ တံဆိပ်ခတ်လိုက်ပါ” လို့အမိန့်ပေးတယ်။
၉ ဒါကြောင့် သိဝန်* လို့ခေါ်တဲ့ သုံးလပိုင်း၊ ၂၃ ရက်နေ့မှာ အတွင်းဝန်တွေကို ဆင့်ခေါ်လိုက်တယ်။ သူတို့က ဂျူးတွေကိုရော အိန္ဒိယပြည်ကနေ အီသီယိုးပီးယားပြည်အထိ ခရိုင် ၁၂၇ ခုမှာရှိတဲ့ ဘုရင်ခံချုပ်တွေ၊+ ဘုရင်ခံတွေ၊ ခေါင်းဆောင်တွေကိုပါ+ မော်ဒကဲ မိန့်မှာတဲ့အတိုင်း စာရေးကြတယ်။ ခရိုင်တစ်ခုစီကို သူတို့ဘာသာစကား၊ သူတို့စာအရေးအသားနဲ့ ရေးလိုက်တယ်။ ဂျူးတွေဆီကိုလည်း သူတို့ဘာသာစကား၊ သူတို့စာအရေးအသားနဲ့ ရေးလိုက်တယ်။
၁၀ မော်ဒကဲက အာရွှေရုမင်း နာမည်နဲ့ စာရေးပြီး လက်စွပ်တော်နဲ့ တံဆိပ်ခတ်လိုက်တယ်။+ အဲဒီစာတွေကို ခြေမြန်တော်တွေကတစ်ဆင့် ပေးပို့လိုက်တယ်။ သူတို့က မင်းကြီးရဲ့မြင်းဇောင်းမှာ မွေးထားတဲ့ သန်မြန်တဲ့ မြင်းတွေစီးပြီး ထွက်သွားတယ်။
၁၁ စာထဲမှာ ဘုရင်က မြို့အသီးသီးမှာရှိတဲ့ ဂျူးတွေ စုရုံးပြီး ကိုယ့်အသက်အတွက် ခုခံကာကွယ်ဖို့၊ ခရိုင်တွေ ဒါမှမဟုတ် လူမျိုးတွေထဲက တိုက်ခိုက်လာသူ ဘယ်သူ့ကိုမဆို မိန်းမနဲ့ကလေးတွေ ဖြစ်နေရင်တောင် သုတ်သင်ပယ်ရှင်းပြီး သူတို့ရဲ့ ပစ္စည်းတွေကို သိမ်းယူဖို့ ခွင့်ပြုထားတယ်။+
၁၂ အာရွှေရုမင်း အုပ်ချုပ်တဲ့ ခရိုင်အားလုံးမှာ အာဒါ* လို့ခေါ်တဲ့ ၁၂ လပိုင်း၊ ၁၃ ရက်နေ့မှာပဲ ဂျူးတွေ အဲဒီလို လုပ်ခွင့်ရှိတယ်။+
၁၃ စာထဲမှာပါတဲ့ အမိန့်ကို ခရိုင်အားလုံးမှာ ဥပဒေအဖြစ် သတ်မှတ်ရမယ့်အပြင် လူအားလုံးသိဖို့လည်း ကြေညာရမယ်။ ဒါမှ အဲဒီနေ့မှာ ဂျူးတွေက ရန်သူတွေကို လက်တုံ့ပြန်ဖို့ အသင့်ဖြစ်နေနိုင်မယ်။+
၁၄ ဘုရင့်အမိန့်အရ ခြေမြန်တော်တွေဟာ ဘုရင့်မြင်းဇောင်းထဲမှာ မွေးထားတဲ့ သန်မြန်တဲ့ မြင်းတွေစီးပြီး ဒုန်းစိုင်းထွက်သွားကြတယ်။ အဲဒီဥပဒေကို ရှုရှန်နန်းတော်မှာလည်း+ ထုတ်ပြန်တယ်။
၁၅ မော်ဒကဲက တင့်တယ်တဲ့ ရွှေသရဖူကို ဆောင်း၊ ဝတ်လဲတော်အဖြူအပြာနဲ့ ခရမ်းရောင် သိုးမွေးဝတ်ရုံကို ဝတ်ဆင်ပြီး+ မင်းကြီးရှေ့ကနေ ထွက်လာတယ်။ ရှုရှန်မြို့ထဲမှာ လူတွေ ရွှင်လန်းစွာ ကြွေးကြော်ကြတယ်။
၁၆ ဂျူးတွေ သက်သာရာရသွားပြီး ဝမ်းမြောက်ရွှင်လန်းကြတယ်။ လူတွေက သူတို့ကို လေးစားလာကြတယ်။
၁၇ အမိန့်တော်စာ ရောက်လေရာ ခရိုင်နဲ့ မြို့အားလုံးမှာ ဂျူးတွေဟာ ဝမ်းမြောက်ရွှင်လန်းပြီး စားသောက်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတယ်။ ပြည်သူပြည်သား အတော်များများ ဂျူးတွေကိုကြောက်ပြီး ဂျူးဘာသာထဲ ဝင်လာကြတယ်။+