၁ ဘုရင်များ ၁၀:၁-၂၉

  • ရှေဘဘုရင်မ ရှောလမုန်ဆီ ရောက်လာ (၁-၁၃)

  • ရှောလမုန်ရဲ့ စည်းစိမ်ချမ်းသာ (၁၄-၂၉)

၁၀  ရှေဘဘုရင်မက ရှောလမုန်ရဲ့ ဂုဏ်သတင်း၊ ယေဟောဝါရဲ့ နာမည်ကို ကျော်စောစေတဲ့ ဂုဏ်သတင်းကို ကြားသိရတဲ့အခါ+ ခက်ခဲနက်နဲတဲ့ မေးခွန်းတွေနဲ့ ပညာစမ်းဖို့ ရောက်လာတယ်။+ ၂  ဘုရင်မဟာ ဗာလစံဆီမွှေး၊+ များပြားလှတဲ့ရွှေတွေ၊ ကျောက်မျက်တွေ တင်လာတဲ့ ကုလားအုတ်တွေနဲ့အတူ အခြွေအရံအများကြီးကို ခေါ်ပြီး ဂျေရုဆလင်မြို့ကို ရောက်လာတယ်။+ ရှောလမုန်ဆီ အခစားဝင်ပြီး သိချင်တာမှန်သမျှ မေးမြန်းတယ်။ ၃  ရှောလမုန်လည်း သူမေးသမျှကို ဖြေဆိုတယ်။ မဖြေနိုင်တဲ့ မေးခွန်းဆိုလို့ တစ်ခုမှမရှိဘူး။ ၄  ရှေဘဘုရင်မက ရှောလမုန်ရဲ့ ဉာဏ်ပညာကြီးမားပုံ၊+ တည်ဆောက်ထားတဲ့ နန်းတော်၊+ ၅  ပွဲတော်စာတွေ၊+ မှူးမတ်တွေအတွက် နေရာထိုင်ခင်း စီစဉ်ပုံ၊ ပွဲတော်အမှုထမ်းတွေရဲ့ တည်ခင်းဧည့်ခံပုံနဲ့ ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်တွေ၊ ယေဟောဝါရဲ့အိမ်တော်မှာ ပုံမှန်ပူဇော်တဲ့ မီးရှို့ရာ ပူဇော်သက္ကာတွေကို မြင်လိုက်ရတဲ့အခါ  ရင်သပ်ရှုမော ဖြစ်သွားတယ်။ ၆  ဒါကြောင့် “မင်းကြီးရဲ့ အောင်မြင်မှုသတင်း၊  ဉာဏ်ပညာကြီးမားတဲ့ သတင်းက ကျွန်မရဲ့တိုင်းပြည်အထိ ပျံ့နေတယ်။ ဒီသတင်း သိပ်မှန်တာပဲ။ ၇  ဒီကိုလာပြီး မျက်စိနဲ့ တပ်အပ်မမြင်ရခင်က ဒီသတင်းကို မယုံခဲ့ဘူး။ ကြည့်ပါဦး။ ကျွန်မကြားထားတာတွေဟာအကုန်မဟုတ်သေးပါလား။ မင်းကြီးရဲ့ ဉာဏ်ပညာနဲ့ ဘုန်းစည်းစိမ်ဟာ ကျွန်မကြားထားတာထက် အဆမတန် သာလွန်နေပါလား။ ၈  မင်းကြီးရဲ့လူတွေဟာ မင်္ဂလာရှိလိုက်တာ။ ရှေ့တော်မှာ အမြဲခစားပြီး မင်းကြီးရဲ့ ဉာဏ်ပညာစကားကို ကြားနာရတဲ့ အမှုထမ်းတွေလည်း မင်္ဂလာရှိလိုက်တာ။+ ၉  မင်းကြီးကိုးကွယ်တဲ့ဘုရား ယေဟောဝါကို ချီးမွမ်းကြပါစေ။+ ယေဟောဝါဘုရားက မင်းကြီးကို ချစ်မြတ်နိုးပြီး အစ္စရေးရာဇပလ္လင်ပေါ်  နန်းထိုင်စေတယ်။ ဘုရားသခင်က  အစ္စရေးတွေကို  ထာဝရမေတ္တာနဲ့  ချစ်တဲ့အတွက် သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်ဖို့ မင်းကြီးကို မင်းမြှောက်ခဲ့ပြီ” လို့ပြောတယ်။ ၁၀  အဲဒီနောက်   ရှေဘဘုရင်မက  ရှောလမုန်မင်းကြီးကို  ရွှေအချိန် တဲလင့်*  ၁၂၀၊  ဗာလစံဆီမွှေး+ အမြောက်အမြားနဲ့ ကျောက်မျက်ရတနာတွေ+  ဆက်သတယ်။  သူဆက်သတဲ့ ဗာလစံဆီမွှေး ပမာဏလောက် များတာမျိုး တစ်ခါမှ ထပ်ရောက်မလာတော့ဘူး။ ၁၁  ဟိရံမင်းရဲ့  သင်္ဘောတွေဟာ သြဖိရအရပ်က+ ရွှေတွေအပြင် စန္ဒကူးသား+ အမြောက်အမြားနဲ့ ကျောက်မျက်ရတနာတွေကိုလည်း  သယ်ဆောင်လာတယ်။+ ၁၂  မင်းကြီးက ယေဟောဝါရဲ့အိမ်တော်နဲ့ နန်းတော်အတွက် ပွတ်လုံးတိုင်တွေ၊ သီချင်းသည်တွေအတွက် စောင်းတွေ၊ ကြိုးတပ်တူရိယာတွေကို+ စန္ဒကူးသားနဲ့ လုပ်တယ်။ အဲဒီလိုစန္ဒကူးသားတွေ ထပ်ရောက်မလာတော့တာ၊ မတွေ့ရတော့တာ ဒီနေ့အထိပဲ။ ၁၃  ရှောလမုန်မင်းကြီးက ရှေဘဘုရင်မကို လက်ဆောင်တွေ ရက်ရက်ရောရော ပေးတဲ့အပြင် သူလိုချင်သမျှ၊ တောင်းသမျှကိုလည်း ပေးတယ်။ အဲဒီနောက် ဘုရင်မက အခြွေအရံတွေနဲ့အတူ နေရင်းပြည်ကို ပြန်သွားတယ်။+ ၁၄  နှစ်စဉ် ရှောလမုန်ကို ဆက်သတဲ့ ရွှေအလေးချိန်ကတော့ ၆၆၆ တဲလင့်ရှိတယ်။+ ၁၅  ကုန်သည်တွေ၊ အရောင်းအဝယ်လုပ်သူတွေ၊ အာရပ်ဘုရင်တွေ၊ တိုင်းပြည်မှာရှိတဲ့ ဘုရင်ခံတွေဆီကနေ အမြတ်ခွန်တွေကိုလည်း ရသေးတယ်။ ၁၆  ရှောလမုန်မင်းကြီးက ဒိုင်းလွှားကြီး ၂၀၀ ကို သတ္တုစပ်ထားတဲ့ ရွှေနဲ့ လုပ်တယ်။+ (ဒိုင်းလွှားတစ်ခုစီဟာ ရွှေအချိန် ရှယ်ကယ်* ၆၀၀ ရှိတယ်။)+ ၁၇  ဒိုင်းငယ် ၃၀၀ ကိုလည်း သတ္တုစပ်ထားတဲ့ ရွှေနဲ့ လုပ်တယ်။ (ဒိုင်းငယ်တစ်ခုစီဟာ ရွှေအချိန် သုံးမိုင်နာ* ရှိတယ်။) အဲဒါတွေကို လက်ဘနွန်စံအိမ်မှာ+ ထားလိုက်တယ်။ ၁၈  ဒါ့အပြင် မင်းကြီးက ဆင်စွယ်ရာဇပလ္လင်ကြီးကို+ လုပ်ပြီး ရွှေစင်နဲ့ ရွှေချတယ်။+ ၁၉  ရာဇပလ္လင်ကိုတက်တဲ့လှေကား ခြောက်ထစ်ရှိတယ်။ ပလ္လင်နောက်မှာ အမိုးခုံး၊ ဘေးနှစ်ဖက်မှာ လက်တန်းတွေရှိတယ်။ ပလ္လင်ဘေးနှစ်ဖက်မှာ လက်တန်းတွေရှိပြီး လက်တန်းတွေရဲ့ဘေးမှာ ခြင်္သေ့ရုပ်နှစ်ရုပ်+ ရှိတယ်။ ၂၀  လှေကားခြောက်ထစ်ရဲ့ ဘေးတစ်ဖက်စီမှာလည်း ခြင်္သေ့ရုပ်တစ်ရုပ်စီ၊ စုစုပေါင်း ၁၂ ရုပ် ရှိတယ်။ အဲဒီလိုရာဇပလ္လင်မျိုး ဘယ်တိုင်းပြည်မှာမှ မရှိဘူး။ ၂၁  ရှောလမုန်မင်းကြီးရဲ့ ဖလားအားလုံးဟာ  ရွှေဖလားတွေဖြစ်ပြီး လက်ဘနွန်စံအိမ်+ မှာသုံးတဲ့ အသုံးအဆောင်အားလုံးကိုလည်း ရွှေစင်နဲ့လုပ်ထားတယ်။ ငွေနဲ့လုပ်ထားတာ တစ်ခုမှ မရှိဘူး။ သူ့လက်ထက်မှာ ငွေကို တန်ဖိုးမရှိဘူးလို့ သဘောထားလို့ပဲ။+ ၂၂  မင်းကြီးက တာရှိသင်္ဘောတွေကို+ ဟိရံမင်းရဲ့ သင်္ဘောတွေနဲ့အတူ ပင်လယ်ခရီးထွက်ခိုင်းတယ်။ တာရှိသင်္ဘောတွေက ရွှေ၊ ငွေ၊ ဆင်စွယ်၊+ မျောက်ဝံတွေ၊ ဒေါင်းတွေကို သယ်ဆောင်ပြီး သုံးနှစ်တစ်ကြိမ် ပြန်လာလေ့ရှိတယ်။ ၂၃  ဒါကြောင့် ရှောလမုန်မင်းကြီးဟာ စည်းစိမ်ချမ်းသာနဲ့+ ဉာဏ်ပညာအရာမှာ+ ကမ္ဘာပေါ်က ဘုရင်ရှိသမျှထက် သာလွန်တယ်။ ၂၄  မြေတစ်ပြင်လုံးမှာရှိတဲ့ လူတွေက ရှောလမုန်ဆီ ဘုရားသခင် ပေးအပ်ထားတဲ့ ဉာဏ်ပညာစကားကို+ နားထောင်ဖို့ ရောက်လာကြတယ်။ ၂၅  နှစ်တိုင်း မင်းကြီးဆီ ရောက်လာသူတွေက ရွှေထည်ငွေထည်၊ အဝတ်အထည်၊ လက်နက်၊ ဗာလစံဆီမွှေး၊ မြင်းနဲ့ လားတွေကို လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သကြတယ်။ ၂၆  ရှောလမုန်က မြင်းရထားတွေ၊ မြင်းတွေကိုလည်း စုဆောင်းလေ့ရှိတယ်။ သူ့မှာ မြင်းရထား ၁,၄၀၀၊ မြင်း ၁၂,၀၀၀ ရှိပြီး+ အဲဒါတွေကို မြင်းရထားမြို့တွေမှာ ထားတယ်။ သူစံမြန်းတဲ့ ဂျေရုဆလင်မြို့မှာလည်း ထားတယ်။+ ၂၇  မင်းကြီးက ဂျေရုဆလင်မြို့မှာ ငွေတွေကို ကျောက်ခဲတွေလို၊ သစ်ကတိုးသားတွေကို ရှဖိလာအရပ်မှာရှိတဲ့ သဖန်းပိုးစာပင်တွေလို ပေါများစေတယ်။+ ၂၈  ရှောလမုန်အတွက် မြင်းတွေကို အီဂျစ်ပြည်ကနေ တင်သွင်းတယ်။ ဘုရင့်ကုန်သည်အဖွဲ့က မြင်းအုပ်တွေကို ပေါက်စျေးပေးပြီး ဝယ်တတ်ကြတယ်။*+ ၂၉  မြင်းရထားတစ်စီးကို ငွေစ ၆၀၀၊ မြင်းတစ်ကောင်ကို ၁၅၀ နဲ့ဝယ်ပြီး အီဂျစ်ပြည်ကနေ တင်သွင်းတယ်။ အဲဒါတွေကို ဟိတ္တိဘုရင်တွေနဲ့+ ဆီးရီးယားဘုရင်တွေဆီ ပြန်တင်ပို့ကြတယ်။

အောက်ခြေမှတ်ချက်များ

တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
တစ်ရှယ်ကယ်က ၁၁.၄ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ဟီဘရူးကျမ်းစောင်တွေထဲက တစ်မိုင်နာက ၅၇၀ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
“အီဂျစ်ပြည်နဲ့ ကောပြည်ကနေ တင်သွင်းတယ်။ ဘုရင့်ကုန်သည်တွေက ကောပြည်ကနေ ဝယ်တတ်ကြတယ်” လည်းဖြစ်နိုင်။ ကောပြည်ဟာ ကိလိကိပြည်ဖြစ်နိုင်။