၁ ဘုရင်များ ၁၂:၁-၃၃
၁၂ အစ္စရေးအားလုံးက ရောဗောင်ကို မင်းမြှောက်ဖို့ ရှေခင်မြို့ကို ရောက်လာတဲ့အတွက် ရောဗောင်လည်း ရှေခင်မြို့ကို+ သွားတယ်။+
၂ (ရှောလမုန်မင်းရဲ့ရန်ကို ကြောက်လို့ အီဂျစ်ပြည်မှာ ထွက်ပြေးခိုလှုံနေတဲ့)+ နေဗတ်ရဲ့သား ယေရောဗောင်က အဲဒီသတင်းကို ကြားတယ်။
၃ ဒါနဲ့ ယေရောဗောင်ကို လူလွှတ်ပြီး ချက်ချင်း ခေါ်လိုက်ကြတယ်။ ယေရောဗောင်နဲ့ အစ္စရေးလူစုကြီးက ရောဗောင်မင်းဆီ အခစားဝင်ပြီး၊
၄ “မင်းကြီးရဲ့ ခမည်းတော်က ကျွန်တော်တို့အပေါ် လေးလံတဲ့ထမ်းပိုး တင်ခဲ့ပါတယ်။+ ဒါပေမဲ့ မင်းကြီးက ခမည်းတော်ဆီမှာ ကျွန်တော်တို့ ပင်ပင်ပန်းပန်း အမှုထမ်းခဲ့ရတာကို သက်သာအောင် လုပ်ပေးမယ်၊ လေးလံတဲ့ထမ်းပိုးကို ပေါ့အောင်လုပ်ပေးမယ်ဆိုရင် မင်းကြီးဆီမှာ ကျွန်တော်တို့ အမှုထမ်းပါ့မယ်” လို့လျှောက်တင်ကြတယ်။
၅ အဲဒီအခါ ရောဗောင်မင်းက “သုံးရက်ကြာမှ ငါ့ဆီ ပြန်လာကြ” လို့ပြောတော့ လူတွေလည်း ထွက်သွားကြတယ်။+
၆ ရောဗောင်မင်းလည်း ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်က ခစားခဲ့ကြတဲ့ အသက်ကြီးသူတွေနဲ့ တိုင်ပင်ပြီး “ဒီလူတွေကို ဘာပြန်ပြောရင် ကောင်းမလဲ။ အကြံပေးကြပါ” ဆိုတော့၊
၇ သူတို့က “မင်းကြီးကသာ ဒီလူတွေအတွက် အမှုထမ်းပြီး သူတို့တောင်းဆိုတာကို လိုက်လျောမယ်၊ ချိုချိုသာသာ ပြန်ပြောမယ်ဆိုရင် မင်းကြီးဆီမှာ သူတို့ အမြဲအမှုထမ်းကြပါလိမ့်မယ်” ဆိုပြီး အကြံပေးတယ်။
၈ ဒါပေမဲ့ ရောဗောင်မင်းက အသက်ကြီးသူတွေရဲ့ အကြံပေးချက်ကို လက်မခံဘဲ သူ့ဆီမှာခစားနေတဲ့ ငယ်ပေါင်းကြီးဖော် လူငယ်တွေနဲ့ တိုင်ပင်တယ်။+
၉ “‘ကျွန်တော်တို့အပေါ် ခမည်းတော်တင်ခဲ့တဲ့ ထမ်းပိုးကို ပေါ့အောင်လုပ်ပေးပါ’ လို့ တောင်းဆိုနေတဲ့လူတွေကို ဘာပြန်ပြောရမလဲ။ အကြံပေးကြဦး” ဆိုပြီး ပြောတဲ့အခါ၊
၁၀ ငယ်ပေါင်းကြီးဖော် လူငယ်တွေက “‘မင်းကြီးရဲ့ခမည်းတော်က ကျွန်တော်တို့အပေါ် လေးလံတဲ့ထမ်းပိုး တင်ခဲ့ပါတယ်။ မင်းကြီးက အဲဒီထမ်းပိုးကို ပေါ့အောင်လုပ်ပေးပါ’ ဆိုပြီး တောင်းဆိုတဲ့လူတွေကို ‘ငါ့လက်သန်းဟာ ခမည်းတော်ရဲ့ခါးထက် ပိုကြီးလိမ့်မယ်။
၁၁ ခမည်းတော်က မင်းတို့အပေါ် လေးလံတဲ့ထမ်းပိုး တင်ခဲ့တယ်။ အဲဒီထမ်းပိုးကို ပိုလေးအောင် ငါလုပ်ဦးမယ်။ ခမည်းတော်က မင်းတို့ကို ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးခဲ့တယ်။ ငါကတော့ ဆူးချွန်တွေပါတဲ့ ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးဦးမယ်’ လို့ပြောလိုက်ပါ” ဆိုပြီး အကြံပေးတယ်။
၁၂ ရောဗောင်မင်းက “သုံးရက်မြောက်နေ့မှာ ပြန်လာကြ” လို့ ပြောထားတဲ့အတွက် သုံးရက်စေ့တဲ့အခါ ယေရောဗောင်နဲ့ လူတွေ အခစားဝင်လာကြတယ်။+
၁၃ မင်းကြီးက အသက်ကြီးသူတွေရဲ့ အကြံပေးချက်ကိုပယ်ပြီး လူတွေကို ခက်ခက်ထန်ထန် ပြန်ပြောတယ်။
၁၄ လူငယ်တွေ အကြံပေးတဲ့အတိုင်း “ခမည်းတော်က မင်းတို့အပေါ် လေးလံတဲ့ထမ်းပိုး တင်ခဲ့တယ်။ အဲဒီထမ်းပိုးကို ပိုလေးအောင် ငါလုပ်ဦးမယ်။ ခမည်းတော်က မင်းတို့ကို ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးခဲ့တယ်။ ငါကတော့ ဆူးချွန်တွေပါတဲ့ ကျာပွတ်နဲ့ရိုက်ပြီး ဒဏ်ပေးဦးမယ်” လို့ ပြန်ပြောလိုက်တယ်။
၁၅ မင်းကြီးက လူတွေရဲ့စကားကို အရေးမလုပ်ဘူး။ အခြေအနေတွေ အခုလို ပြောင်းလဲသွားအောင် ယေဟောဝါ လုပ်လိုက်တဲ့အတွက်+ ရှိလောမြို့သား အဟိယကတစ်ဆင့် နေဗတ်ရဲ့သား ယေရောဗောင်ကို ယေဟောဝါ ပြောခဲ့တဲ့စကား+ ပြည့်စုံလာတယ်။
၁၆ အစ္စရေးတွေလည်း သူတို့စကားကို မင်းကြီး အရေးမလုပ်မှန်း သိတဲ့အခါ “ငါတို့က ဒါဝိဒ်နဲ့ ဘာဆိုင်လို့လဲ။ ယေရှဲရဲ့ သားဆီကနေ အမွေရစရာလည်း ဘာမှမရှိဘူး။ အစ္စရေးတို့၊ ကိုယ့်ဘုရားတွေဆီ ပြန်သွားကြ။ ဒါဝိဒ်၊ ကိုယ့်အမျိုးကိုပဲ စောင့်ရှောက်ပေတော့” လို့ပြောပြီး ကိုယ့်အိမ်ကိုယ့်ရာဆီ ပြန်သွားကြတယ်။+
၁၇ ရောဗောင်ကတော့ ယုဒမြို့တွေမှာ နေထိုင်တဲ့ အစ္စရေးတွေကို ဆက်အုပ်ချုပ်တယ်။+
၁၈ နောက်ပိုင်းမှာ ရောဗောင်မင်းက ချွေးတပ်ကို ကြီးကြပ်တဲ့ အဒေါရံကို+ တာဝန်နဲ့လွှတ်လိုက်တဲ့အခါ အစ္စရေးတွေက ကျောက်ခဲနဲ့ ပေါက်သတ်လိုက်တယ်။ ရောဗောင်မင်းကတော့ မြင်းရထားစီးပြီး ဂျေရုဆလင်မြို့ကို ထွက်ပြေးသွားတယ်။+
၁၉ အစ္စရေးတွေဟာ ဒါဝိဒ်အမျိုးကို အခုအထိ ပုန်ကန်နေတုန်းပဲ။+
၂၀ ယေရောဗောင် ပြန်လာပြီဆိုတဲ့ သတင်းကို အစ္စရေးတွေ ကြားတာနဲ့ သူ့ကို လူအစုအဝေးဆီ ခေါ်လာပြီး အစ္စရေးဘုရင်အဖြစ် မင်းမြှောက်လိုက်တယ်။+ ယုဒအနွယ်ကလွဲလို့ ဘယ်သူမှ ဒါဝိဒ်အမျိုးဘက် မရပ်တည်ကြဘူး။+
၂၁ ရှောလမုန်ရဲ့သား ရောဗောင်က ဂျေရုဆလင်မြို့ကို ပြန်ရောက်လာတယ်။ အစ္စရေးတွေကို တိုက်ခိုက်ပြီး ဘုရင့်အရိုက်အရာကို ပြန်ယူဖို့ ယုဒတစ်မျိုးလုံးနဲ့ ဗင်ယာမိန်အနွယ်ကို ချက်ချင်းစုရုံးလိုက်တယ်။ လက်ရွေးစင် စစ်သည်ပေါင်း ၁၈၀,၀၀၀ ရှိတယ်။+
၂၂ အဲဒီအချိန်မှာ ဘုရားသခင်က ပရောဖက်* ရှေမာယကို၊+
၂၃ “ရှောလမုန်ရဲ့သား ယုဒဘုရင် ရောဗောင်၊ ယုဒနဲ့ ဗင်ယာမိန်အမျိုးအပြင် ကျန်တဲ့လူတွေကို ပြောလိုက်ပါ။
၂၄ ‘“မင်းတို့ရဲ့ညီအစ်ကို အစ္စရေးတွေကို သွားမတိုက်ခိုက်ကြနဲ့။ ကိုယ့်အိမ်ကိုယ် ပြန်ကြ။ ဒီလိုဖြစ်လာအောင်လုပ်တာ ငါပဲ”+ လို့ယေဟောဝါ မိန့်မှာတယ်’” ဆိုပြီး ပြောခိုင်းတယ်။ လူတွေလည်း ယေဟောဝါရဲ့ စကားကို နာခံပြီး ယေဟောဝါပြောတဲ့အတိုင်း အိမ်ပြန်သွားကြတယ်။
၂၅ ယေရောဗောင်မင်းက ဧဖရိမ်တောင်တန်းဒေသမှာ ရှေခင်မြို့ကို+ အခိုင်အမာ တည်ဆောက်ပြီး နေထိုင်တယ်။ အဲဒီနောက် ရှေခင်မြို့ကနေ ထွက်သွားပြီး ပေနွေလမြို့+ ကိုလည်း အခိုင်အမာ တည်ဆောက်တယ်။
၂၆ သူ့စိတ်ထဲမှာ “ဒါဝိဒ်အမျိုးဆီ ဒီနိုင်ငံ ပြန်ရောက်သွားမှာ စိုးရတယ်။+
၂၇ လူတွေက ဂျေရုဆလင်မြို့မှာရှိတဲ့+ ယေဟောဝါရဲ့ အိမ်တော်မှာ ပူဇော်သက္ကာ ဆက်သဖို့ ဒီလိုသာသွားနေရင် သူတို့သခင် ယုဒဘုရင် ရောဗောင်ဘက်ကို စိတ်ပြန်ပါသွားဦးမယ်။ ဟုတ်တယ်၊ ငါ့ကို သတ်ပစ်ပြီး ယုဒဘုရင် ရောဗောင်ဆီ ပြန်သွားကြမှာပဲ” လို့တွေးမိတယ်။
၂၈ ဒါကြောင့် မင်းကြီးက အကြံပေးအရာရှိတွေနဲ့ တိုင်ပင်ပြီးနောက် ရွှေနွားငယ်ရုပ် နှစ်ရုပ်ကို လုပ်တယ်။+ ပြီးတော့ “ဂျေရုဆလင်မြို့ကို မင်းတို့တက်သွားရတာ ဒုက္ခများလွန်းတယ်။ အစ္စရေးတို့၊ ဒါဟာ မင်းတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ ဘုရားသခင်ပဲ” လို့ လူတွေကို ပြောတယ်။+
၂၉ အဲဒီနောက် နွားရုပ်တစ်ရုပ်ကို ဗေသလမြို့မှာ၊+ နောက်တစ်ရုပ်ကို ဒန်မြို့မှာ+ ထားလိုက်တယ်။
၃၀ ဒါကြောင့် လူတွေ အပြစ်လုပ်မိကြတယ်။+ လူတွေက ဒန်မြို့အထိသွားပြီး နွားရုပ်ကို ဝတ်ပြုကြတယ်။
၃၁ ယေရောဗောင်က အထွတ်အမြတ်နေရာတွေမှာ ဝတ်ကျောင်းတွေ ဆောက်ပြီး လေဝိအမျိုးသား မဟုတ်တဲ့ သာမန်လူတွေကို ပုရောဟိတ်တွေခန့်ထားတယ်။+
၃၂ ပြီးတော့ ယုဒပြည်မှာလိုပဲ ရှစ်လပိုင်း၊ ၁၅ ရက်နေ့မှာ ပွဲတော်ကျင်းပဖို့ သတ်မှတ်လိုက်တယ်။+ ဗေသလမြို့မှာ+ တည်ထားတဲ့ ပူဇော်ရာပလ္လင်ပေါ်မှာ သူလုပ်ထားတဲ့ နွားရုပ်တွေဆီ ယဇ်ပူဇော်တယ်။ သူလုပ်ထားတဲ့ အထွတ်အမြတ်နေရာတွေမှာ အမှုထမ်းဖို့ ပုရောဟိတ်တွေကို ဗေသလမြို့မှာ ခန့်အပ်တယ်။
၃၃ သူသတ်မှတ်ထားတဲ့လ၊ ရှစ်လပိုင်း ၁၅ ရက်နေ့မှာ ဗေသလမြို့က သူတည်ထားတဲ့ ပူဇော်ရာပလ္လင်ပေါ်မှာ ယဇ်တွေကို စတင်ပူဇော်တယ်။ အစ္စရေးတွေကျင်းပဖို့ ပွဲတော်ကို သတ်မှတ်ပေးတဲ့အပြင် ယဇ်ပူဇော်ဖို့ ပူဇော်ရာပလ္လင်ပေါ်ကို တက်သွားတယ်။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “စစ်မှန်တဲ့ဘုရားသခင်ရဲ့ လူ။”