၁ ဘုရင်များ ၁၈:၁-၄၆
၁၈ အချိန်တွေ ကုန်လွန်သွားပြီးနောက် မိုးခေါင်တာ သုံးနှစ်စေ့တဲ့အခါ+ ယေဟောဝါက “မြေပေါ်မှာ ငါမိုးရွာစေမှာဖြစ်လို့+ အာဟပ်ကို သွားတွေ့ပါ” ဆိုပြီး ပြောတော့၊
၂ ဧလိယလည်း အာဟပ်ကိုတွေ့ဖို့ ထွက်လာတယ်။ အဲဒီတုန်းက ရှမာရိပြည်မှာ အကြီးအကျယ် အငတ်ဘေး ကျရောက်နေတယ်။+
၃ အဲဒီအတောအတွင်း အာဟပ်က နန်းတော်အုပ် သြဗဒိကို ဆင့်ခေါ်တယ်။ (သြဗဒိဟာ ယေဟောဝါကို အလွန်ကြောက်ရွံ့ရိုသေတဲ့သူပဲ။
၄ ယေဟောဝါရဲ့ ပရောဖက်တွေကို ယေဇဗေလ+ ကွပ်မျက်ခဲ့ချိန်မှာ သြဗဒိက ပရောဖက် ၁၀၀ ကို ၅၀ စီခွဲပြီး လိုဏ်ဂူထဲမှာ ဝှက်ထားခဲ့တယ်။ အစာရေစာလည်း ကျွေးမွေးခဲ့တယ်။)
၅ အာဟပ်က သြဗဒိကို “တစ်ပြည်လုံးမှာရှိတဲ့ စမ်းရေတွင်းတွေ၊ ချိုင့်ဝှမ်းတွေကို* သွားကြည့်ပါ။ အဲဒီမှာ မြက်တွေ တွေ့နိုင်ကောင်းပါရဲ့။ ဒါမှ မြင်းတွေ၊ လားတွေ၊ တိရစ္ဆာန်တွေ ငတ်ပြီးမသေမှာ” လို့ပြောတယ်။
၆ အာဟပ်နဲ့သြဗဒိက ကိုယ်သွားကြည့်ရမယ့် နေရာတွေကို သတ်မှတ်ပြီးတဲ့နောက် တစ်ယောက်တစ်လမ်းစီ ထွက်သွားကြတယ်။
၇ သြဗဒိထွက်သွားတဲ့အခါ လမ်းခုလတ်မှာ ဧလိယက သူ့ကို ထွက်ကြိုတယ်။ ဧလိယကို မှတ်မိသွားတာနဲ့ ချက်ချင်းပဲပျပ်ဝပ်လိုက်ပြီး “အရှင်ဟာ ဧလိယလား” လို့မေးတော့၊+
၈ ဧလိယက “ဟုတ်တယ်။ မင်းကြီးဆီသွားပြီး ‘ဧလိယ ဒီမှာရှိတယ်’ လို့လျှောက်တင်ပါ” ဆိုပြီးပြောတယ်။
၉ ဒါပေမဲ့ သြဗဒိက “ကျွန်တော့်မှာ ဘာအပြစ်ရှိလို့ အာဟပ်မင်းလက်ထဲ အသတ်ခံရအောင် လုပ်ရတာလဲ။
၁၀ အရှင်ကိုးကွယ်တဲ့ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ကျွန်တော်ပြောမယ်။ မင်းကြီးက နိုင်ငံတိုင်း၊ လူမျိုးတိုင်းဆီ လူလွှတ်ပြီး အရှင့်ကို ရှာခိုင်းထားတယ်။ ‘ဒီနိုင်ငံမှာ ဧလိယမရှိဘူး’ လို့ပြောတဲ့နိုင်ငံသားတွေကို ဧလိယကို မတွေ့ဘူးဆိုပြီး ကျိန်ပြောခိုင်းတာ။+
၁၁ အခု အရှင်က ‘မင်းကြီးဆီသွားပြီး “ဧလိယ ဒီမှာရှိတယ်” လို့ လျှောက်တင်ပါ’ ဆိုပြီးပြောနေတယ်။
၁၂ ကျွန်တော်ထွက်သွားတာနဲ့ ယေဟောဝါရဲ့စွမ်းအားတော်က အရှင့်ကို ကျွန်တော်မသိတဲ့နေရာဆီ ခေါ်သွားမှာပဲ။+ မင်းကြီးကို လျှောက်တင်ပြီးခါမှ အရှင့်ကို ရှာမတွေ့ဘူးဆိုရင် ကျွန်တော့်ကို သတ်မှာပေါ့။ တကယ်တော့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေတဲ့သူပါ။
၁၃ ယေဟောဝါရဲ့ ပရောဖက်တွေကို ယေဇဗေလ ကွပ်မျက်ချိန်မှာ ယေဟောဝါရဲ့ပရောဖက် ၁၀၀ ကို ၅၀ စီခွဲပြီး လိုဏ်ဂူထဲမှာ ကျွန်တော် ဝှက်ထားပေးတာ၊ အစာရေစာကျွေးမွေးခဲ့တာကို အရှင် မကြားမိဘူးလား။+
၁၄ အခု ‘မင်းကြီးဆီ သွားပြီး “ဧလိယ ဒီမှာရှိတယ်” လို့ လျှောက်တင်ပါ’ ဆိုပြီး အရှင်ခိုင်းတဲ့အတိုင်း သွားပြောရင် ကျွန်တော့်ကို အာဟပ်မင်း သတ်ပစ်မှာပေါ့” လို့ပြန်ပြောတယ်။
၁၅ ဒါပေမဲ့ ဧလိယက “ဗိုလ်ခြေတို့ရဲ့အရှင်၊ ကျွန်တော်ကိုးကွယ်တဲ့ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ပြောမယ်။ ဒီနေ့ ကျွန်တော် အာဟပ်ကို သွားတွေ့မယ်” လို့ပြောတယ်။
၁၆ ဒါနဲ့ သြဗဒိက အာဟပ်ဆီ ပြန်သွားပြီး လျှောက်တင်တဲ့အခါ အာဟပ်လည်း ဧလိယကို ထွက်တွေ့တယ်။
၁၇ အာဟပ်က ဧလိယကိုတွေ့တာနဲ့ “အစ္စရေးပြည်ကို အကြီးအကျယ် ဒုက္ခရောက်အောင်လုပ်တာ မင်းလား” ဆိုပြီးမေးတယ်။
၁၈ ဧလိယက “အစ္စရေးပြည်ကို ဒုက္ခရောက်အောင်လုပ်တာ ကျွန်တော် မဟုတ်ဘူး၊ ယေဟောဝါဘုရားရဲ့ ပညတ်ချက်တွေကို စွန့်ပယ်ပြီး ဗာလဘုရားတွေနောက် လိုက်နေတဲ့ မင်းကြီးနဲ့ မင်းကြီးခမည်းတော်ရဲ့ အမျိုးတွေပါ။+
၁၉ အခု ကရမေလတောင်မှာ+ ကျွန်တော်နဲ့တွေ့ဖို့ အစ္စရေးအားလုံးကို စုရုံးခိုင်းပါ။ ယေဇဗေလရဲ့စားပွဲမှာ စားသောက်တဲ့ ဗာလရဲ့ပရောဖက် ၄၅၀ နဲ့ ကိုးကွယ်ရာသစ်တိုင်ကို*+ ဝတ်ပြုတဲ့ ပရောဖက် ၄၀၀ ကိုလည်း စုရုံးခိုင်းပါ” လို့ပြောတယ်။
၂၀ ဒါနဲ့ အာဟပ်က အစ္စရေးလူတွေဆီ သတင်းပို့ပြီး ပရောဖက်တွေကို ကရမေလတောင်မှာ စုရုံးခိုင်းတယ်။
၂၁ အဲဒီနောက် ဧလိယက လူတွေအနားကိုသွားပြီး “ခင်ဗျားတို့ အယူအဆနှစ်ခုကြားမှာ ဘယ်လောက်ကြာကြာ ချီတုံချတုံ* ဖြစ်နေကြမှာလဲ။+ ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရားသခင်ဆိုရင် ကိုယ်တော့်နောက်ကို လိုက်ကြ။+ ဗာလဟာ စစ်မှန်တဲ့ ဘုရားသခင်ဆိုရင် သူ့နောက်ကို လိုက်ကြ” လို့ပြောပေမဲ့ လူတွေက တစ်ခွန်းမှမဟကြဘူး။
၂၂ အဲဒီအခါ ဧလိယက “ယေဟောဝါရဲ့ပရောဖက်ဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့တယ်။+ ဗာလရဲ့ ပရောဖက်ကတော့ ၄၅၀ ရှိနေတယ်။
၂၃ အခု နွားထီးပျိုနှစ်ကောင်ကို ပေးကြ။ ခင်ဗျားတို့ တစ်ကောင်ရွေးပါ။ အဲဒီနွားကို အပိုင်းပိုင်းဖြတ်ပြီး ထင်းပေါ်တင်ထားပါ။ ဒါပေမဲ့ မီးမထည့်နဲ့။ ကျွန်တော်လည်း နောက်တစ်ကောင်ကို အသင့်ပြင်ပြီး ထင်းပေါ်တင်မယ်။ မီးမထည့်ဘူး။
၂၄ ပြီးရင် ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ ဘုရားနာမည်ကို ခေါ်ပြီး ဆုတောင်းကြ။+ ကျွန်တော်လည်း ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းမယ်။ မီးနဲ့ထူးတဲ့ ဘုရားသခင်ဟာ စစ်မှန်တဲ့ဘုရားသခင်ပဲ”+ လို့ ပြောတဲ့အခါ လူအားလုံးက “ကောင်းသားပဲ” ဆိုပြီး သဘောတူကြတယ်။
၂၅ ဒါနဲ့ ဧလိယက ဗာလရဲ့ပရောဖက်တွေကို “ခင်ဗျားတို့က လူအင်အားများတယ်ဆိုတော့ နွားထီးပျိုတစ်ကောင်ကို အရင်ရွေးပြီး အသင့်ပြင်ကြ။ ပြီးရင် ကိုယ့်ဘုရားနာမည်ကို ခေါ်ပြီး ဆုတောင်းကြ။ ဒါပေမဲ့ မီးတော့ မထည့်နဲ့” လို့ပြောတယ်။
၂၆ သူတို့လည်း နွားထီးပျိုတစ်ကောင်ကို ရွေးပြီး အသင့်ပြင်ကြတယ်။ ပြီးတော့ မနက်ကနေ မွန်းတည့်ချိန်အထိ ဗာလရဲ့ နာမည်ကို မပြတ်ခေါ်ရင်း “ဗာလဘုရား၊ ကျွန်တော်တို့ကို ပြန်ထူးပါ” လို့ဆုတောင်းကြတယ်။ ဒါပေမဲ့ ဘာအသံမှ မကြားရဘူး။ ပြန်ထူးတဲ့သူလည်း မရှိဘူး။+ တည်ထားတဲ့ ယဇ်ပလ္လင်ပတ်လည်မှာ ထော့နဲ့ထော့နဲ့ ဖြစ်လာတဲ့အထိ သူတို့ ကခုန်နေကြတယ်။
၂၇ မွန်းတည့်ချိန်ရောက်တော့ ဧလိယက “ခပ်ကျယ်ကျယ် အော်ခေါ်စမ်းပါ။ ဗာလဟာ ဘုရားတစ်ပါးပဲ မဟုတ်လား။+ သူ အတွေးထဲ နစ်မျောနေတာများလား။ အပေါ့အပါး သွားနေတာများလား။* ဒါမှမဟုတ် အိပ်ပျော်နေတာလည်း ဖြစ်နိုင်တာပဲ။ တစ်ယောက်ယောက်က သူ့ကို သွားနှိုးရမှာပေါ့” ဆိုပြီး လှောင်တယ်။
၂၈ သူတို့လည်း အသံကုန် အော်ခေါ်ကြတယ်။ သူတို့ရဲ့ဓလေ့ထုံးစံအတိုင်း ကိုယ့်အသားကို ဓားမြှောင်တွေ၊ လှံတွေနဲ့ မွှန်းပြီး တစ်ကိုယ်လုံး သွေးသံရဲရဲ ဖြစ်နေကြတယ်။
၂၉ မွန်းလွဲပိုင်းရောက်လာပြီး သူတို့ သွေးရူးသွေးတန်း ဖြစ်နေလိုက်ကြတာ ညဦးပိုင်းကောက်နှံအလှူ ဆက်သချိန်အထိပဲ။ ဒါပေမဲ့ ပြန်ထူးတဲ့သူ၊ အရေးလုပ်တဲ့သူလည်း မရှိဘူး။+
၃၀ နောက်ဆုံးမှာ ဧလိယက “ကျွန်တော့်အနား လာကြ” လို့ပြောလိုက်တော့ လူတွေ အနားလာကြတယ်။ ပြီးတော့ ပြိုပျက်နေတဲ့ ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ကို ပြန်ပြုပြင်တယ်။+
၃၁ ကျောက် ၁၂ လုံးကိုလည်း ယူတယ်။ “မင်းကို အစ္စရေးလို့ခေါ်ရမယ်”+ ဆိုပြီး ယေဟောဝါပြောခဲ့တဲ့ ယာကုပ်ကနေ ဆင်းသက်လာတဲ့ မျိုးနွယ်တွေရဲ့ အရေအတွက်ကို ကိုယ်စားပြုတဲ့ကျောက်တွေပဲ။
၃၂ ဧလိယက အဲဒီကျောက်တွေကိုသုံးပြီး ယေဟောဝါရဲ့ နာမည်အတွက် ပူဇော်ရာပလ္လင်တစ်ခု တည်တယ်။+ ပတ်လည်မှာ မြောင်းတစ်ခုတူးတယ်။ အဲဒီမြောင်းက မျိုးစေ့ နှစ်ဆီယာ* ကြဲလို့ရတဲ့ လယ်တစ်ကွက်စာ ကျယ်တယ်။
၃၃ ထင်းတွေကို စီတယ်။ နွားထီးပျိုကို အပိုင်းပိုင်းဖြတ်ပြီး ထင်းပေါ်တင်လိုက်တယ်။+ ပြီးတော့ “အိုးကြီးလေးအိုးကို ရေအပြည့်ဖြည့်ပြီး မီးရှို့ရာအလှူနဲ့ ထင်းတွေအပေါ် လောင်းကြ” လို့ပြောတယ်။
၃၄ အဲဒီနောက် “ရေထပ်လောင်းကြဦး” လို့ပြောတော့ သူတို့ထပ်လောင်းကြတယ်။ “တတိယအကြိမ် လောင်းဦး” လို့ပြောတော့ တတိယအကြိမ် လောင်းပြန်တယ်။
၃၅ ပူဇော်ရာ ပလ္လင်ပတ်လည်မှာ ရေတွေ စီးသွားတယ်။ ဧလိယက မြောင်းကိုလည်း ရေဖြည့်လိုက်တယ်။
၃၆ ညဦးပိုင်းကောက်နှံအလှူ ဆက်သချိန်လောက်မှာ+ ပရောဖက်ဧလိယက ပူဇော်ရာပလ္လင်နားကိုသွားပြီး “အာဗြဟံ၊+ အိဇက်နဲ့+ အစ္စရေးတို့ ကိုးကွယ်တဲ့ ဘုရား ယေဟောဝါ၊ ကိုယ်တော်ဟာ အစ္စရေးတို့ရဲ့ ဘုရားဖြစ်တယ်၊ ကျွန်တော်ဟာ ကိုယ်တော့်ကျွန်ဖြစ်တယ်၊ ဒါတွေအားလုံးကို အမိန့်တော်နဲ့ လုပ်တယ်ဆိုတာတွေကို ဒီနေ့ လူတွေသိကြပါစေ။+
၃၇ ယေဟောဝါဘုရား၊ ကျွန်တော့်ကို ပြန်ထူးလှည့်ပါ။ ပြန်ထူးလှည့်ပါ။ ဒါမှ ကိုယ်တော်ဟာ စစ်မှန်တဲ့ဘုရား ယေဟောဝါဖြစ်တယ်၊ ဒီလူတွေကို ကိုယ်တော့်ဆီ ပြန်လှည့်လာစေတဲ့အရှင် ဖြစ်တယ်ဆိုတာ သိကြပါလိမ့်မယ်” ဆိုပြီး ဆုတောင်းတယ်။+
၃၈ အဲဒီအခါ ယေဟောဝါဆီကနေ မီးကျလာပြီး မီးရှို့ရာအလှူနဲ့+ ထင်းတွေ၊ ကျောက်တွေ၊ မြေမှုန့်တွေကို လောင်ကျွမ်းသွားတယ်။ မြောင်းထဲက ရေတွေပါ ခန်းသွားတယ်။+
၃၉ ဒါကိုလည်းမြင်ရော လူတွေ ချက်ချင်းပဲ ပျပ်ဝပ်ပြီး “ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရားသခင်ပဲ။ ယေဟောဝါဟာ စစ်မှန်တဲ့ ဘုရားသခင်ပဲ” လို့ ကြွေးကြော်ကြတယ်။
၄၀ အဲဒီအခါ ဧလိယက “ဗာလရဲ့ ပရောဖက်တွေကို ဖမ်းကြ။ တစ်ယောက်မှ မလွတ်စေနဲ့” လို့ပြောတဲ့အခါ လူတွေလည်း ချက်ချင်းပဲ ဗာလပရောဖက်တွေကို ဖမ်းဆီးကြတယ်။ ဧလိယက သူတို့ကို ကိရှုန်သဲချောင်းဆီ+ ခေါ်သွားပြီး ကွပ်မျက်လိုက်တယ်။+
၄၁ အဲဒီနောက် ဧလိယက အာဟပ်ကို “တက်သွားပြီး စားသောက်ပါ။ သဲကြီးမဲကြီး ရွာချမယ့် မိုးသံတွေကြားနေရတယ်” လို့ပြောတယ်။+
၄၂ အာဟပ်လည်း စားသောက်ဖို့ တက်သွားတယ်။ အဲဒီအချိန်မှာ ဧလိယက ကရမေလတောင်ထိပ်ကို တက်သွားတယ်။ ဒူးထောက်ပြီး မြေပေါ်ပျပ်ဝပ်လိုက်တဲ့အတွက် မျက်နှာက ဒူးကြားမှာ ရောက်နေတယ်။+
၄၃ သူ့နောက်လိုက်ကို “တက်သွားပြီး ပင်လယ်ဘက်ကို လှမ်းကြည့်ပါ” လို့ပြောတော့ နောက်လိုက်က တက်ကြည့်ပြီးနောက် “ဘာမှမတွေ့ပါဘူး” လို့ပြောတယ်။ ဧလိယက “ပြန်သွားကြည့်ဦး” ဆိုပြီး ခုနစ်ကြိမ်ခိုင်းတယ်။
၄၄ ခုနစ်ကြိမ်မြောက်မှာ နောက်လိုက်က “လက်တစ်ဖဝါးစာလောက်ရှိတဲ့ မိုးတိမ်လေး ပင်လယ်ထဲက တက်လာတယ်” လို့ပြောတယ်။ ဧလိယကလည်း “‘မြင်းရထား အသင့်ပြင်ပြီး ဆင်းသွားပါ၊ ဒီလိုမှမဟုတ်ရင် မိုးရွာလို့ မပြန်နိုင်ဘဲဖြစ်နေဦးမယ်’ လို့ အာဟပ်ကို သွားပြောပါ” ဆိုပြီး ခိုင်းလိုက်တယ်။
၄၅ အဲဒီအချိန်မှာပဲ ကောင်းကင်မှာ တိမ်လိပ်တွေ မည်းမှောင်လာတယ်။ လေပြင်းတိုက်ခတ်လာပြီး မိုးတွေ သဲကြီးမဲကြီးရွာချတော့တယ်။+ အာဟပ်လည်း မြင်းရထားစီးပြီး ယေဇရေလမြို့ဆီ+ ပြန်သွားတယ်။
၄၆ ယေဟောဝါရဲ့ လက်တော် သက်ရောက်လာတဲ့အတွက် ဧလိယက ဝတ်လုံကို လိပ်တင်၊ ခါးစည်းအောက် သွင်းပြီးနောက် ပြေးတော့တယ်။ လမ်းမှာ အာဟပ်ကို ဖြတ်ကျော်ပြီး ယေဇရေလမြို့ကို ရောက်တဲ့အထိ ပြေးသွားလိုက်တယ်။