၁ ဘုရင်များ ၂:၁-၄၆

  • ရှောလမုန်ကို ဒါဝိဒ်မှာကြား (၁-၉)

  • ဒါဝိဒ်ကွယ်လွန်၊ ရှောလမုန်နန်းထိုင် (၁၀-၁၂)

  • အဒေါနိယ သူ့အကြံနဲ့သူ သေရ (၁၃-၂၅)

  • အဗျာသာကို နှင်ထုတ်၊ ယွာဘကို ကွပ်မျက် (၂၆-၃၅)

  • ရှိမိ အသတ်ခံရ (၃၆-၄၆)

၂  ဒါဝိဒ်မင်းက ကွယ်လွန်ချိန် နီးလာတဲ့အခါ  သားတော်ရှောလမုန်ကို  မှာကြားတယ်။ ၂  “ငါသေရတော့မယ်။ ဒါကြောင့် ယောက်ျားပီပီ+ သတ္တိရှိပါ။+ ၃  ယေဟောဝါဘုရား  ပေးအပ်တဲ့  တာဝန်တွေကို ကျေပွန်အောင်လုပ်ပါ။ မောရှေပညတ်မှာ ရေးထားတဲ့ ဘုရားရဲ့ ဥပဒေတွေ၊ ပညတ်ချက်တွေ၊ တရားစီရင်ချက်တွေ၊ သတိပေးချက်တွေကို လိုက်နာပါ။+ ဒါမှ မင်းလုပ်လေရာရာ၊ သွားလေရာရာမှာ အောင်မြင်လိမ့်မယ်။ ၄  ဒါ့အပြင် ‘မင်းရဲ့သားမြေးတွေ သစ္စာရှိတဲ့လမ်းစဉ်အတိုင်း စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ လျှောက်လှမ်းဖို့ သတိပြုမယ်ဆိုရင်+ အစ္စရေး ရာဇပလ္လင်ပေါ်မှာ နန်းထိုင်မယ့် မင်းရဲ့မျိုးဆက် ဘယ်တော့မှ မပြတ်စေရဘူး’+ ဆိုပြီး ငါ့ကိုပေးခဲ့တဲ့ ကတိအတိုင်း ယေဟောဝါဘုရား လုပ်ဆောင်ပေးလိမ့်မယ်။ ၅  “ဇေရုယာရဲ့သား ယွာဘက ငါ့ကို ဘာလုပ်ခဲ့တယ်၊ အစ္စရေးဗိုလ်ချုပ်နှစ်ယောက်ဖြစ်တဲ့ နေရရဲ့သား အာဗနာနဲ့+ ယေသာရဲ့သား အာမသကို+ ဘာလုပ်ခဲ့တယ်ဆိုတာ မင်းအသိပဲ။ ယွာဘက သူတို့ကို သတ်ပစ်ပြီး တိုင်းပြည်အေးချမ်းချိန်မှာ သွေးမြေကျအောင် လုပ်ခဲ့တယ်။+ သူ့ခါးစည်းနဲ့ ဖိနပ်ကို သွေးစွန်းအောင် လုပ်ခဲ့တယ်။ ၆  သူ့ကို အရေးယူတဲ့အခါ ဉာဏ်ပညာရှိရှိ လုပ်ဆောင်ပါ။ သူ ဆံဖြူအိုမင်းပြီး သင်္ချိုင်းထဲ အေးအေးသက်သာ ဆင်းသွားရတာမျိုး မဖြစ်စေနဲ့။+ ၇  “ဂိလဒ်ပြည်သား ဗာဇိလဲရဲ့+ သားမြေးတွေကိုတော့ ခိုင်မြဲတဲ့မေတ္တာပြပါ။ မင်းရဲ့စားပွဲမှာ စားသောက်ခွင့်ပေးပါ။  မင်းအစ်ကို  အဗရှလုံရဲ့ရန်ကြောင့် ငါထွက်ပြေးခဲ့ရတုန်းက+ သူတို့ ငါ့ဘက်မှာ ရပ်တည်ခဲ့ကြတယ်။+ ၈  “ဗာဟုရိမ်ရွာက ဗင်ယာမိန်အမျိုးသား ဂေရရဲ့သား ရှိမိလည်းရှိသေးတယ်။ သူ ဒီအနီးတစ်ဝိုက်မှာပဲ နေတယ်။ ငါ မဟာနိမ်မြို့ကိုသွားတဲ့နေ့က+ ငါ့ကို သူ မိုက်မိုက်ရိုင်းရိုင်း ကျိန်ဆဲခဲ့တယ်။+ ဒါပေမဲ့ ဂျော်ဒန်မြစ်ကို ဆင်းလာပြီး ကြိုဆိုတဲ့အတွက် ‘မင်းကို သေဒဏ်မပေးဘူး’ လို့ ယေဟောဝါဘုရားကို တိုင်တည်ပြီး ငါကတိပေးခဲ့တယ်။+ ၉  အခုတော့ သူ့ကို အပြစ်မပေးဘဲ မနေနဲ့။+ မင်းဟာ ဉာဏ်ပညာကြီးသူဖြစ်လို့ သူ့ကို ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ ဆံဖြူနေတဲ့ သူ့ကို ကွပ်မျက်ပြီး သင်္ချိုင်းထဲ ဆင်းခိုင်းလိုက်ပါ။”+ ၁၀  အဲဒီလို မှာကြားပြီးတဲ့နောက် ဒါဝိဒ် ကွယ်လွန်သွားတဲ့အတွက် ဒါဝိဒ်မြို့မှာ+ သင်္ဂြိုဟ်ကြတယ်။ ၁၁  ဒါဝိဒ်က အစ္စရေးတွေကို အနှစ် ၄၀ အုပ်ချုပ်ခဲ့တယ်။ ဟေဗြုန်မြို့မှာ+ ၇ နှစ်၊ ဂျေရုဆလင်မြို့မှာ ၃၃ နှစ် အုပ်ချုပ်ခဲ့တယ်။+ ၁၂  အဲဒီနောက်  ရှောလမုန်က ခမည်းတော်ဒါဝိဒ်ရဲ့ ထီးနန်းကို ဆက်ခံတယ်။ သူ့ရဲ့မင်းအာဏာလည်း ခိုင်မာသည်ထက် ခိုင်မာလာတယ်။+ ၁၃  နောက်ပိုင်းမှာ ဟဂိတ်ရဲ့သား အဒေါနိယက ရှောလမုန်ရဲ့မယ်တော် ဗာသရှေဘဆီ လာတယ်။ မယ်တော်က “မင်းလာတာ ကောင်းသောလာခြင်းလား”  လို့ မေးတော့  “ကောင်းသောလာခြင်းပါ။ ၁၄  မယ်တော့်ကို ပန်ကြားစရာတစ်ခု ရှိပါတယ်” လို့ပြောတဲ့အခါ မယ်တော်က “ဘာများလဲ” ဆိုပြီးမေးတယ်။ ၁၅  အဒေါနိယက “တကယ်တော့ ဒီထီးနန်းဟာ ကျွန်တော့်အတွက်ပဲဆိုတာ မယ်တော်သိပါတယ်။ အစ္စရေးအားလုံးကလည်း ကျွန်တော်ပဲ ဘုရင်ဖြစ်လာမယ်လို့ မျှော်လင့်နေကြတာ။+ ဒါပေမဲ့ ကျွန်တော် ထီးနန်းနဲ့ လွဲခဲ့ရတယ်။ ညီတော်ကတော့ ယေဟောဝါဘုရား ပေးအပ်လို့ ထီးနန်းရသွားပြီ။+ ၁၆  အခု ကျွန်တော် တစ်ခုလောက်ပဲ တောင်းဆိုပါရစေ။ မငြင်းလိုက်ပါနဲ့” ဆိုတော့ မယ်တော်က “ပြောပါ” ဆိုပြီး ခွင့်ပေးတယ်။ ၁၇  အဲဒီအခါ သူက “ရှုနင်မြို့သူ  အဘိရှက်ကို+  ကျွန်တော်နဲ့ပေးစားဖို့ ရှောလမုန်မင်းကြီးဆီ လျှောက်တင်ပေးပါလား။ မယ်တော့်စကားဆိုရင် မင်းကြီး ငြင်းမယ်မထင်ဘူး” လို့ပြောတယ်။ ၁၈  ဗာသရှေဘက “ကောင်းပြီလေ၊ မင်းကြီးဆီ ငါလျှောက်တင်ကြည့်မယ်” လို့ကတိပေးလိုက်တယ်။ ၁၉  ဒါနဲ့ ဗာသရှေဘက အဒေါနိယအတွက် လျှောက်တင်ပေးဖို့ ဝင်လာတယ်။  ရှောလမုန်မင်းလည်း ချက်ချင်းထပြီး မယ်တော်ကို ဦးညွှတ်ကြိုဆိုတယ်။ ပြီးတော့ ရာဇပလ္လင်ပေါ်ထိုင်ပြီး ညာဘက်မှာ မယ်တော်ထိုင်ဖို့ ပလ္လင်တစ်ခု ချခိုင်းတယ်။ ၂၀  မယ်တော်က “တောင်းဆိုစရာလေးတစ်ခု ရှိပါတယ်။  မငြင်းလိုက်ပါနဲ့”  ဆိုတော့ မင်းကြီးက  “မငြင်းပါဘူးမယ်တော်။ ပြောသာပြောပါ”   ဆိုပြီး    ခွင့်ပေးတယ်။ ၂၁  မယ်တော်က “ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယနဲ့ ပေးစားလိုက်ပါ” လို့ပြောတော့၊ ၂၂  ရှောလမုန်မင်းကြီးက “အဒေါနိယအတွက် ရှုနင်မြို့သူ အဘိရှက်ကိုပဲ ဘာကြောင့် တောင်းတာလဲ။ ထီးနန်းကိုပါ တောင်းပါတော့လား။+ သူဟာ ကျွန်တော့်နောင်တော်ပဲ။+ ပုရောဟိတ်အဗျာသာနဲ့ ဇေရုယာရဲ့သား ယွာဘကလည်း+ သူ့ကို ထောက်ခံနေတာပဲ”+ လို့ပြန်ဖြေတယ်။ ၂၃  ရှောလမုန်မင်းကြီးက  ယေဟောဝါကို တိုင်တည်ကျိန်ဆိုပြီး “အဒေါနိယ ဒီလိုတောင်းဆိုလိုက်တဲ့အတွက် သူ့အသက်ကို မရင်းလိုက်ရဘူးဆိုရင် ဘုရားသခင်က ငါ့ကို ပြစ်ဒဏ်တစ်ခုပြီးတစ်ခု ပေးပါစေ။ ၂၄  ငါ့ကို ခမည်းတော်ဒါဝိဒ်ရဲ့ထီးနန်း ဆက်ခံစေပြီး ခိုင်ခံ့မြဲမြံစေတဲ့အရှင်၊+ ကတိတော်အတိုင်း ငါ့ရဲ့မင်းအာဏာကို တည်မြဲစေတဲ့အရှင်၊+ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ငါပြောမယ်။ ဒီနေ့ အဒေါနိယ သေရမယ်”+ လို့ပြောတယ်။ ၂၅  ပြီးတော့ ယောယဒရဲ့သား ဗေနာယကို+ ချက်ချင်း စေလွှတ်ပြီး အဒေါနိယကို ကွပ်မျက်ခိုင်းလိုက်တဲ့အတွက် အဒေါနိယ သေသွားတယ်။ ၂၆  ရှောလမုန်မင်းကြီးက  ပုရောဟိတ်အဗျာသာကို+ “အာနသုတ်မြို့က+ ခင်ဗျားပိုင်တဲ့မြေကို ပြန်ပါ။ ခင်ဗျားဟာ သေထိုက်တဲ့သူပဲ။ ဒါပေမဲ့ ခမည်းတော်ဒါဝိဒ်ရဲ့  လက်ထက်မှာ  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါရဲ့ သေတ္တာတော်ကို ထမ်းခဲ့တဲ့သူ၊+ ခမည်းတော်နဲ့အတူ ဒုက္ခတွေခံခဲ့ရတဲ့သူ ဖြစ်နေလို့+ အခု ခင်ဗျားကို သေဒဏ် မပေးလိုပါဘူး” ဆိုပြီး ပြောတယ်။ ၂၇  ပြီးတော့ အဗျာသာကို ယေဟောဝါရဲ့ ပုရောဟိတ်အဖြစ် အမှုမဆောင်ခိုင်းတော့ဘဲ နှင်ထုတ်လိုက်တယ်။ ဒီနည်းနဲ့ ဧလိအမျိုးနဲ့ ပတ်သက်ပြီး ရှိလောမြို့မှာ+ ပြောခဲ့တဲ့ ယေဟောဝါရဲ့ စကားကို ပြည့်စုံစေခဲ့တယ်။+ ၂၈  အဗရှလုံကို မထောက်ခံခဲ့ပေမဲ့+ အဒေါနိယကို ထောက်ခံတဲ့ ယွာဘက+ အဲဒီသတင်းကို ကြားတဲ့အခါ ယေဟောဝါရဲ့ တဲတော်ဆီ ပြေးသွားပြီး+ ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်တွေကို ဆုပ်ကိုင်ထားတယ်။ ၂၉  “ယွာဘက ယေဟောဝါရဲ့ တဲတော်ဆီ ပြေးသွားပါတယ်။ ပူဇော်ရာပလ္လင်နားမှာ ရှိနေပါတယ်” ဆိုတဲ့သတင်းကို ကြားတဲ့အခါ ရှောလမုန်မင်းကြီးက ယောယဒရဲ့သား ဗေနာယကို လွှတ်ပြီး “ယွာဘကို သွားကွပ်မျက်လိုက်” လို့အမိန့်ပေးတယ်။ ၃၀  ဒါနဲ့ ဗေနာယက ယေဟောဝါရဲ့တဲတော်ကို သွားပြီး “အပြင်ကို ထွက်ခဲ့၊ ဒါ မင်းကြီးအမိန့်ပဲ” လို့ပြောပေမဲ့ ယွာဘက “မထွက်ဘူး၊ ဒီမှာပဲ အသေခံမယ်” လို့ပြန်ပြောတယ်။ ဗေနာယလည်း ပြန်လာပြီး ယွာဘပြောတဲ့အတိုင်း ပြန်လျှောက်တင်တယ်။ ၃၁  အဲဒီအခါ မင်းကြီးက “ယွာဘပြောတဲ့အတိုင်း လုပ်လိုက်။ သူ့ကို ကွပ်မျက်ပြီး သင်္ဂြိုဟ်လိုက်ပါ။ သူဟာ အကြောင်းမဲ့ လူသတ်ခဲ့တဲ့အတွက်+ ငါနဲ့ ငါ့ခမည်းတော်ရဲ့အမျိုးမှာ အဲဒီအပြစ်မသင့်အောင် လုပ်ရမယ်။ ၃၂  နေရရဲ့သား အစ္စရေးဗိုလ်ချုပ်+ အာဗနာနဲ့+ ယေသာရဲ့သား ယုဒဗိုလ်ချုပ်+ အာမသကို+ ခမည်းတော်ဒါဝိဒ် မသိဘဲ သူသတ်ခဲ့တယ်။ သူ့ထက် ပိုဖြောင့်မတ်တဲ့ သူတော်ကောင်း နှစ်ယောက်ကို သတ်ခဲ့တဲ့အပြစ်အတွက် သူ့ကို ယေဟောဝါဘုရား ပြန်ဆပ်ပေးလိမ့်မယ်။ ၃၃  သူတို့ကိုသတ်တဲ့ အပြစ်ကြောင့် ယွာဘနဲ့သားမြေးတွေ ထာဝစဉ် ပြန်ပေးဆပ်ရလိမ့်မယ်။+ ဒါဝိဒ်နဲ့ သူ့သားမြေးတွေ၊ သူ့မင်းဆက်နဲ့ ရာဇပလ္လင်ကတော့ ယေဟောဝါဘုရားပေးတဲ့ ငြိမ်သက်ခြင်းကို ထာဝစဉ် ခံစားရပါစေ” လို့ပြောတယ်။ ၃၄  ဒါနဲ့ ယောယဒရဲ့သား ဗေနာယက တက်သွားပြီး ယွာဘကို အသေသတ်လိုက်တယ်။ ပြီးတော့ တောကန္တာရမှာရှိတဲ့ သူ့အိမ်နားမှာ သင်္ဂြိုဟ်လိုက်တယ်။ ၃၅  အဲဒီနောက် မင်းကြီးက ယွာဘနေရာမှာ ယောယဒရဲ့သား ဗေနာယကို+ ဗိုလ်ချုပ်ခန့်ပြီး အဗျာသာနေရာမှာ ဇာဒုတ်ကို+ ပုရောဟိတ်ခန့်လိုက်တယ်။ ၃၆  အဲဒီနောက် မင်းကြီးက ရှိမိကို+ ဆင့်ခေါ်ပြီး “ဂျေရုဆလင်မြို့မှာပဲ အိမ်ဆောက်ပြီး နေပါ။ ဒီမြို့ကနေ ထွက်မသွားနဲ့။ ၃၇  မြို့ပြင်ထွက်ပြီး ကိဒြိုန်ချိုင့်ဝှမ်းကို+ ဖြတ်ကူးတဲ့နေ့မှာ မင်း ဆက်ဆက်သေရမယ်။ အဲဒီလိုသေခဲ့ရင် မင်းအပြစ်နဲ့မင်း သေရတာပဲ”* လို့ အမိန့်ပေးတယ်။ ၃၈  ရှိမိကလည်း “အမိန့်တော် သင့်မြတ်လှပါတယ်။ အမိန့်တော်အတိုင်း ကျွန်တော်မျိုး လိုက်နာပါ့မယ်” လို့ပြန်လျှောက်တင်ပြီး  ဂျေရုဆလင်မြို့မှာ  အချိန်အကြာကြီး နေထိုင်တယ်။ ၃၉  သုံးနှစ်ပြည့်တဲ့အခါ ရှိမိရဲ့ကျွန် နှစ်ယောက်က မာခါရဲ့သား ဂါသမင်း အာခိတ်ဆီ  ထွက်ပြေးသွားတယ်။+ “ခင်ဗျားရဲ့ကျွန်တွေကို  ဂါသမြို့မှာ တွေ့ခဲ့တယ်” ဆိုတဲ့ သတင်းကို ရှိမိကြားတာနဲ့၊ ၄၀  ချက်ချင်း မြည်းပေါ် ကုန်းနှီးတင်ပြီး သူ့ကျွန်တွေကိုရှာဖို့ အာခိတ်မင်းရှိရာ ဂါသမြို့ကို သွားတယ်။ သူ့ကျွန်တွေကို ခေါ်ပြီး ဂါသမြို့ကနေ ပြန်ရောက်လာတဲ့အခါ၊ ၄၁  “ရှိမိက  ဂျေရုဆလင်မြို့ကနေ ဂါသမြို့ကို ထွက်သွားပြီး ပြန်ရောက်နေပါပြီ” လို့ ရှောလမုန်ကို သတင်းပေးကြတယ်။ ၄၂  အဲဒီအခါ မင်းကြီးက ရှိမိကို ဆင့်ခေါ်ပြီး “‘ဒီမြို့ကနေထွက်သွားတဲ့နေ့မှာ မင်း သေကိုသေရမယ်’ လို့ ငါသတိပေးပြီး ယေဟောဝါဘုရားဆီ သစ္စာဆိုခိုင်းခဲ့တယ်။ မင်းကလည်း ‘အမိန့်တော် သင့်မြတ်လှပါတယ်။ ကျွန်တော် နာခံပါ့မယ်’+ ဆိုပြီး ကတိပေးခဲ့တာပဲ။ ၄၃  ဒါဆိုရင် ယေဟောဝါဘုရားဆီ သစ္စာဆိုခဲ့တဲ့အတိုင်း၊ ငါ့အမိန့်အတိုင်း ဘာလို့ မလိုက်နာတာလဲ။ ၄၄  ခမည်းတော်ဒါဝိဒ် စိတ်ဆင်းရဲအောင် မင်းဘာတွေလုပ်ခဲ့တယ်ဆိုတာ မင်းသိပါတယ်။+ ယေဟောဝါဘုရားက မင်းလုပ်ခဲ့တဲ့အတိုင်း မင်းကို ပြန်ခံစေမယ်။+ ၄၅  ငါရှောလမုန်မင်းကြီးကတော့ ကောင်းချီး ခံစားရလိမ့်မယ်။+ ဒါဝိဒ်ရဲ့ထီးနန်းကလည်း ယေဟောဝါရှေ့မှာ ထာဝစဉ် တည်မြဲနေလိမ့်မယ်” လို့ပြောတယ်။ ၄၆  အဲဒီနောက် ယောယဒရဲ့သား ဗေနာယကို အမိန့်ပေးလိုက်တော့ ဗေနာယက ထွက်သွားပြီး ရှိမိကို ကွပ်မျက်လိုက်တယ်။+ ဒီလိုနဲ့ ရှောလမုန်လက်ထက်မှာ နိုင်ငံတော်ဟာ တည်မြဲနေတယ်။+

အောက်ခြေမှတ်ချက်များ

မူရင်း၊ “မင်းရဲ့သွေးဟာ မင်းခေါင်းပေါ်မှာ ရှိနေတာပဲ။”