၁ ဘုရင်များ ၄:၁-၃၄
၄ ရှောလမုန်မင်းကြီးက အစ္စရေးတစ်နိုင်ငံလုံးကို အုပ်ချုပ်တယ်။+
၂ မှူးမတ်ကြီးတွေကတော့ ဇာဒုတ်+ ရဲ့သား ပုရောဟိတ်အာဇရိ၊
၃ ရှိရှရဲ့သားတွေဖြစ်တဲ့ စာရေးတော်ကြီး+ ဧလိဟောရပ်နဲ့ အဟိယ၊ အဟိလုတ်ရဲ့သား အတွင်းဝန် ယောရှဖတ်၊+
၄ ယောယဒရဲ့သား ဗိုလ်ချုပ်ဗေနာယ၊+ ပုရောဟိတ် ဇာဒုတ်နဲ့ အဗျာသာ+ တို့ဖြစ်တယ်။
၅ နာသန်+ ရဲ့သား အာဇရိက ဝန်မင်းတွေကို ကြီးကြပ်ရတယ်။ နာသန်ရဲ့သား ဇာဗုဒ်ကတော့ ပုရောဟိတ်လည်းဖြစ်၊ မိတ်ဆွေရင်း*+ လည်းဖြစ်တယ်။
၆ အဟိရှာက နန်းတော်အုပ်ဖြစ်ပြီး အာဗဒရဲ့သား အဒေါနိရံက+ ချွေးတပ်ကို ကြီးကြပ်ရတယ်။+
၇ ရှောလမုန်က အစ္စရေးနိုင်ငံ တစ်ဝန်းလုံးမှာ ဝန်မင်း ၁၂ ယောက် ခန့်ထားတယ်။ သူတို့က ဘုရင်နဲ့ နန်းတော်သားတွေအတွက် ရိက္ခာဆက်ရတယ်။ တစ်လမှာ ဝန်မင်းတစ်ယောက် အလှည့်ကျ တာဝန်ယူရတယ်။+
၈ အဲဒီဝန်မင်းတွေကတော့ ဧဖရိမ်တောင်တန်းဒေသမှာ ဟုရရဲ့သား၊
၉ မာကတ်မြို့၊ ရှာလဗိမ်မြို့၊+ ဗက်ရှေမက်မြို့၊ ဧလုမ်ဗက်ဟာနန်မြို့တွေမှာ ဒေကာရဲ့သား၊
၁၀ အရုဗုတ်မြို့မှာ ဟေသက်ရဲ့သား (စောခေါမြို့နဲ့ ဟေဖာတစ်နယ်လုံးကိုလည်း သူပဲ ကြီးကြပ်တယ်)၊
၁၁ ဒေါရတောင်စောင်းတစ်လျှောက်လုံးမှာ အဘိနဒပ်ရဲ့သား (ဇနီးက ရှောလမုန်ရဲ့သမီးတော် တာဖတ်)၊
၁၂ တာနက်မြို့၊ မေဂိဒေါမြို့၊+ ယေဇရေလမြို့အောက်ဘက် ဇာရတန်အရပ်အနီးက ဗက်ရှယန်တစ်နယ်လုံး၊+ ဗက်ရှယန်မြို့ကနေ အာဗေလမဟောလမြို့အထိ၊ ယောကနန်ဒေသအထိမှာ+ အဟိလုတ်ရဲ့သား ဗာန၊
၁၃ ရာမုတ်ဂိလဒ်မြို့မှာ+ ဂေဗာရဲ့သား (ဂိလဒ်ပြည်+ မှာရှိတဲ့ မနာရှေသား ယာအိရရဲ့ ကျေးရွာတွေ၊+ ဗာရှန်ပြည်+ အာဂေါဘဒေသက+ မြို့ရိုးနဲ့ ကြေးနီကန့်လန့်ကျင်တွေရှိတဲ့ မြို့ကြီး ၆၀ ကိုလည်း သူပဲ ကြီးကြပ်တယ်)၊
၁၄ မဟာနိမ်မြို့မှာ+ အိဒေါရဲ့သား အဟိနဒပ်၊
၁၅ နဿလိနယ်မြေမှာ အဟိမတ် (သူလည်း ရှောလမုန်ရဲ့သမီးတော် ဗာရှမတ်နဲ့ ထိမ်းမြားထားတယ်)၊
၁၆ အာရှာနယ်မြေနဲ့ ဗာလုတ်ခရိုင်မှာ ဟုရှဲရဲ့သား ဗာန၊
၁၇ အိသခါနယ်မြေမှာ ပါရွာရဲ့သား ယောရှဖတ်၊
၁၈ ဗင်ယာမိန်နယ်မြေမှာ+ ဧလရဲ့သား ရှိမိ၊+
၁၉ ဂိလဒ်ပြည်၊+ အာမောရိဘုရင် ရှိဟုန်ရဲ့ပြည်၊+ ဗာရှန်ဘုရင် သြဂတ်ရဲ့+ ပြည်မှာ ဥရိရဲ့သား ဂေဗာတို့ဖြစ်တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ဝန်မင်းတွေကို ကြီးကြပ်ရတဲ့ ဝန်ကြီးတစ်ယောက်လည်း ရှိသေးတယ်။
၂၀ ယုဒအမျိုးနဲ့ အစ္စရေးအမျိုးဟာ ပင်လယ်သဲပွင့်တွေလို မရေတွက်နိုင်အောင် များတယ်။+ ရွှင်လန်းစွာ စားသောက်နေထိုင်ကြတယ်။+
၂၁ ရှောလမုန်က မြစ်ကြီး* ကနေ+ ဖိလိတိပြည်အထိ၊ အီဂျစ်ပြည် နယ်နိမိတ်အထိ နိုင်ငံအားလုံးကို အုပ်ချုပ်တယ်။ အဲဒီနိုင်ငံတွေက ရှောလမုန်လက်ထက် တစ်လျှောက်လုံးမှာ အခွန်ပဏ္ဏာဆက်သပြီး လက်အောက်ခံကြတယ်။+
၂၂ ရှောလမုန်ရဲ့ နန်းတော်မှာ ပွဲတော်စာအတွက် တစ်နေ့ကို ဂျုံနု ကောရ* ၃၀၊ ရိုးရိုးဂျုံမှုန့် ကောရ ၆၀၊
၂၃ သမင်၊ ဒရယ်၊ သမင်ငယ်မျိုးနဲ့ ဝဖြိုးတဲ့ဥသြငှက်တွေအပြင် ဆူဖြိုးတဲ့နွား ၁၀ ကောင်၊ စားကျက်ထဲက နွားအကောင် ၂၀၊ သိုးအကောင် ၁၀၀ ကုန်တယ်။
၂၄ ရှောလမုန်က မြစ်ကြီးရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဒေသတစ်ခုလုံးကို အုပ်ချုပ်တယ်။+ တိဖသမြို့ကနေ ဂါဇာမြို့အထိ+ မြစ်ကြီးရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဘုရင်အားလုံး ပါတယ်။ တိုင်းပြည်တစ်ဝန်းလုံးမှာ ငြိမ်သက်အေးချမ်းနေတယ်။+
၂၅ ရှောလမုန်လက်ထက် တစ်လျှောက်လုံးမှာ ဒန်မြို့ကနေ ဗေရရှေဘမြို့အထိ ယုဒအမျိုးနဲ့ အစ္စရေးအမျိုးအားလုံး ကိုယ့်စပျစ်ပင်၊ ကိုယ့်သဖန်းပင်အောက်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်ကြတယ်။
၂၆ ရှောလမုန်မှာ မြင်းရထားတွေအတွက် မြင်းဇောင်း ၄,၀၀၀၊* မြင်း ၁၂,၀၀၀ ရှိတယ်။+
၂၇ ဝန်မင်းတွေက ရှောလမုန်မင်းကြီးနဲ့ မင်းကြီးရဲ့စားပွဲမှာ စားသောက်ရသူတွေအတွက် ရိက္ခာတွေ ဆက်သရတယ်။ ပွဲတော်စာအတွက် လိုလေသေးမရှိအောင် တစ်လမှာ ဝန်မင်းတစ်ပါးစီ အလှည့်ကျတာဝန်ယူရတယ်။+
၂၈ မြင်းတွေ၊ မြင်းအုပ်တွေအတွက် မုယောစပါးနဲ့ ကောက်ရိုးတွေကိုလည်း လိုအပ်တဲ့နေရာဆီ ခွဲတမ်းအလိုက် ယူသွားပေးရတယ်။
၂၉ ဘုရားသခင်က ရှောလမုန်ကို အတိုင်းမသိ များပြားတဲ့ ဉာဏ်ပညာနဲ့ ပိုင်းခြားသိမြင်မှု ပေးသနားတယ်။ သိနားလည်နိုင်စွမ်း* ကိုလည်း ပင်လယ်သဲပွင့်တမျှ အမြောက်အမြား ပေးသနားတယ်။+
၃၀ ရှောလမုန်ရဲ့ဉာဏ်ပညာဟာ အရှေ့ပြည်သားတွေနဲ့ အီဂျစ်ပြည်သားတွေရဲ့ ဉာဏ်ပညာထက် အဆမတန် သာလွန်တယ်။+
၃၁ သူဟာ လူတကာထက် ဉာဏ်ပညာကြီးတယ်။ ဧဇရဟိတ်အမျိုးသား ဧသန်၊+ မဟောလရဲ့သားတွေဖြစ်တဲ့ ဟေမန်၊+ ခါလကောလ၊+ ဒါရဒတို့ထက် ဉာဏ်ပညာကြီးတယ်။ ပတ်ဝန်းကျင်နိုင်ငံအားလုံးမှာ သူ့ဂုဏ်သတင်း ပျံ့နှံ့နေတယ်။+
၃၂ သူပြုစုခဲ့တဲ့ စကားပုံပေါင်း+ ၃,၀၀၀ ရှိပြီး ရေးစပ်ခဲ့တဲ့ သီချင်းပေါင်း+ ၁,၀၀၅ ပုဒ်ရှိတယ်။
၃၃ အပင်နဲ့ပတ်သက်လာရင် လက်ဘနွန်ပြည်မှာပေါက်တဲ့ သစ်ကတိုးပင်ကအစ တံတိုင်းပေါ်မှာပေါက်တဲ့ ဟုဿုပ်ပင်*+ အဆုံး အကုန်ပြောပြနိုင်တယ်။ တိရစ္ဆာန်တွေ၊+ ငှက်တွေ၊+ တွားသွားသတ္တဝါတွေ၊+ ငါးတွေအကြောင်းကိုလည်း ပြောပြနိုင်တယ်။
၃၄ နိုင်ငံအသီးသီးက လူတွေဟာ ရှောလမုန်ရဲ့ ဉာဏ်ပညာစကားကို နားထောင်ဖို့ လာကြတယ်။ ကမ္ဘာအရပ်ရပ်က ဘုရင်တွေတောင် သူ့ဉာဏ်ပညာအကြောင်း ကြားသိပြီး ရောက်လာကြတယ်။+