၁ ဘုရင်များ ၅:၁-၁၈
၅ တိုင်ရာ+ ဘုရင်ဟိရံဟာ ဒါဝိဒ်မင်းရဲ့ အဆွေတော် ဖြစ်ခဲ့တယ်။ အခု ရှောလမုန်ကို ဒါဝိဒ်နေရာမှာ မင်းမြှောက်ပြီး ဘိသိက်ပေးလိုက်ပြီဆိုတဲ့ သတင်းကို သူကြားတော့ မှူးမတ်တွေကို စေလွှတ်လိုက်တယ်။+
၂ ရှောလမုန်ကလည်း ဟိရံမင်းဆီ စကားပါးလိုက်တယ်–+
၃ “ခမည်းတော်ဒါဝိဒ်ဟာ ယေဟောဝါဘုရားရဲ့နာမည်အတွက် အိမ်တော်ကို မတည်ဆောက်နိုင်ခဲ့မှန်း မင်းကြီး ကောင်းကောင်းသိပါတယ်။ ရန်သူတွေကို သူ့ခြေအောက်မှာ ယေဟောဝါချထားချိန်အထိ ပတ်ဝန်းကျင်ရန်သူတွေနဲ့ တိုက်ခိုက်နေခဲ့ရလို့ပါ။+
၄ အခု ကျွန်တော့်လက်ထက်ရောက်တော့ ယေဟောဝါဘုရားက အရပ်ရပ်မှာ ငြိမ်သက်အေးချမ်းစေတယ်။+ ပုန်ကန်သူတစ်ယောက်မှ မရှိဘူး။ ဘေးအန္တရာယ်တွေလည်း မရှိတော့ပါဘူး။+
၅ ယေဟောဝါဘုရားက ခမည်းတော်ဒါဝိဒ်ကို ‘မင်းရဲ့ထီးနန်းကိုဆက်ခံမယ့် သားက ငါ့နာမည်အတွက် အိမ်တော်ကို တည်ဆောက်လိမ့်မယ်’ ဆိုပြီး ကတိပေးခဲ့ပါတယ်။ ဒါကြောင့် ယေဟောဝါဘုရားရဲ့ နာမည်အတွက် အိမ်တော်တည်ဆောက်ဖို့ ကျွန်တော် ရည်ရွယ်ထားပါတယ်။+
၆ အခု ကျွန်တော့်အတွက် လက်ဘနွန်က သစ်ကတိုးပင်တွေကို+ ခုတ်ပေးဖို့ အမိန့်ထုတ်ပြန်ပေးပါ။ ကျွန်တော့် အမှုထမ်းတွေက မင်းကြီးရဲ့ အမှုထမ်းတွေနဲ့အတူ တွဲပြီးလုပ်ပါ့မယ်။ မင်းကြီးရဲ့ အမှုထမ်းတွေအတွက် လုပ်အားခကိုလည်း မင်းကြီး သတ်မှတ်တဲ့နှုန်းအတိုင်း ပေးပါ့မယ်။ မင်းကြီးသိတဲ့အတိုင်း ကျွန်တော်တို့ဆီမှာ ဆိုင်ဒုန်လူမျိုးတွေလို သစ်ခုတ်တတ်တဲ့သူ တစ်ယောက်မှမရှိလို့ပါ။”+
၇ ဟိရံမင်းက ရှောလမုန်ရဲ့စကားကို ကြားတဲ့အခါ ဝမ်းသာအားရဖြစ်ပြီး “ဒီလူမျိုးကြီးကို အုပ်ချုပ်ဖို့ ဒါဝိဒ်ကို ဉာဏ်ပညာရှိတဲ့ သားတစ်ယောက် ပေးသနားတဲ့အရှင် ယေဟောဝါကို ချီးမွမ်းကြပါစေ”+ လို့ပြောတယ်။
၈ ရှောလမုန်ဆီကိုလည်း “မင်းကြီးရဲ့ အမှာစကားကို ရရှိပါတယ်။ သစ်ကတိုးသားတွေ၊ ဂျူနီပါထင်းရှူးသားတွေကို+ လိုချင်သလောက် ပေးပါ့မယ်။
၉ ကျုပ်ရဲ့အမှုထမ်းတွေက သစ်လုံးတွေကို လက်ဘနွန်ကနေ ပင်လယ်အထိ သယ်လာပေးမယ်။ သစ်လုံးဖောင်ဖွဲ့ပြီး မင်းကြီးသတ်မှတ်တဲ့နေရာ ရောက်အောင် မျှောချပေးမယ်။ အဲဒီနေရာရောက်ရင် ဖောင်တွေကို ဖျက်ပေးမယ်။ အဲဒီလိုဆိုရင် သစ်တွေကို သယ်လို့ရပြီ။ မင်းကြီးဘက်ကနေလည်း ကျုပ်ရဲ့နန်းတော်သားတွေအတွက် စားနပ်ရိက္ခာကို တောင်းဆိုထားတဲ့အတိုင်း ပြန်ထောက်ပံ့ပေးပါ” ဆိုပြီး သတင်းပါးလိုက်တယ်။+
၁၀ ဟိရံမင်းက သစ်ကတိုးသားတွေ၊ ဂျူနီပါ ထင်းရှူးသားတွေကို ရှောလမုန် လိုချင်သလောက် ပို့ပေးတယ်။
၁၁ ရှောလမုန်ကလည်း ဟိရံမင်းရဲ့ နန်းတော်သားအတွက် စားနပ်ရိက္ခာအဖြစ် ဂျုံကောရ* ၂၀,၀၀၀၊ သံလွင်ဆီစစ်စစ် ကောရ ၂၀ ကို နှစ်စဉ် ပြန်ထောက်ပံ့ပေးတယ်။+
၁၂ ယေဟောဝါက ကတိတော်အတိုင်း ရှောလမုန်ကို ဉာဏ်ပညာ ပေးသနားတယ်။+ ဟိရံမင်းနဲ့ ရှောလမုန်မင်းတို့ နှစ်ဦးသား ကတိသစ္စာပြုထားပြီး နှစ်နိုင်ငံဟာ သင့်မြတ်ငြိမ်းချမ်းနေတယ်။
၁၃ ရှောလမုန်မင်းကြီးက အစ္စရေးတွေထဲကနေ အမျိုးသား ၃၀,၀၀၀ ကို ချွေးတပ်မှာ အမှုထမ်းဖို့ ဆင့်ခေါ်ပြီး၊+
၁၄ တစ်လကို လူ ၁၀,၀၀၀ စီ လက်ဘနွန်ကို အလှည့်ကျ စေလွှတ်တယ်။ လက်ဘနွန်မှာ တစ်လ၊ အိမ်မှာ နှစ်လ နေစေတယ်။ အဒေါနိရံက+ ချွေးတပ်ကို ကြီးကြပ်ရတယ်။
၁၅ ရှောလမုန်ဆီမှာ အထမ်းသမား ၇၀,၀၀၀၊ တောင်ပေါ်မှာ ကျောက်ဆစ်မယ့်သူ ၈၀,၀၀၀၊+
၁၆ လုပ်သားတွေကို ကြီးကြပ်ရတဲ့ ဝန်မင်း ၃,၃၀၀ ရှိတယ်။+
၁၇ အလုပ်သမားတွေက အိမ်တော်အုတ်မြစ်အတွက်+ ကျောက်တုံးကြီးတွေ၊ အဖိုးတန်ကျောက်တွေကို+ ဘုရင့်အမိန့်နဲ့ တူးထုတ်ပြီး ထုဆစ်ကြတယ်။+
၁၈ ရှောလမုန်ရဲ့ အမှုထမ်းတွေ၊ ဟိရံမင်းရဲ့ အမှုထမ်းတွေ၊ ဂေဗလမြို့သားတွေက+ ကျောက်တွေကို ထုဆစ်ကြတယ်။ အိမ်တော်တည်ဆောက်ဖို့ သစ်သားတွေ၊ ကျောက်တုံးတွေကို ပြင်ဆင်ကြတယ်။
အောက်ခြေမှတ်ချက်များ
^ တစ်ကောရက ၂၂၀ လီတာဆံ့တဲ့ ပုံးတစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။