၁ ဘုရင်များ ၉:၁-၂၈

  • ရှော​လ​မုန်​ရဲ့​အိပ်​မက်​မှာ ယေဟောဝါ ထပ်​ရောက်​လာ (၁-၉)

  • ဟိ​ရံ​မင်း​ကို ရှော​လ​မုန် လက်​ဆောင်​ပေး (၁၀-၁၄)

  • ရှော​လ​မုန်​ရဲ့ စီ​မံ​ကိ​န်း​အမျိုး​မျိုး (၁၅-၂၈)

 ယေဟောဝါ​ရဲ့​အိမ်​တော်၊  နန်း​တော်​နဲ့+ အလို​ရှိ​ရာ မှန်​သမျှ​ကို ရှော​လ​မုန်  ဆောက်​လုပ်​ပြီး​သွား​တဲ့​အခါ၊+ ၂  ယေဟောဝါ​က ဂိဗောင်​မြို့​မှာ​တုန်း​က​လို​ပဲ ရှော​လ​မုန်​ရဲ့ အိပ်​မက်​မှာ ဒုတိ​ယ​အကြိမ် ရောက်​လာ​တယ်။+ ၃  ပြီး​တော့ ယေဟောဝါ​က “မင်း​ဆုတောင်း​တာ၊ မျက်​နှာ​သာ​ရ​ဖို့ အသနား​ခံ​တာ​ကို ငါ​ကြား​ပြီ။ မင်း​တည်​ဆောက်​တဲ့ အိမ်​တော်​ကို ငါ​သန့်​ရှင်း​မြင့်မြတ်​စေ​ပြီး အဲဒီ​မှာ ငါ့​နာ​မည်​ကို ထာ​ဝ​စဉ်​တည်​စေ​ပြီ။+ ဒါ​ကြောင့် ဒီ​အိမ်​တော်​ကို  ငါ  အမြဲကြည့်​ရှု​စောင့်​ရှောက်​မယ်။+ ၄  မင်း​ရဲ့​ဖခင် ဒါဝိဒ်​လို ငါ့​ရှေ့​မှာ တည်​ကြည်​တဲ့​စိတ်​နဲ့+  ဖြောင့်​မတ်​စွာ+  လျှောက်​လှမ်း​မယ်၊+  ငါ​မိန့်မှာ​သမျှ​အတိုင်း လုပ်​ဆောင်​ပြီး+ ငါ့​စည်း​မျဉ်း​တွေ၊ တရား​စီရင်​ချက်​တွေ​ကို  နာ​ခံ​မယ်​ဆို​ရင်၊+ ၅  ‘အစ္စရေး​ရာ​ဇ​ပလ္လင်​ပေါ်​မှာ နန်း​ထိုင်​မယ့် မင်း​ရဲ့​မျိုး​ဆက် ဘယ်​တော့​မှ မပြတ်​စေ​ရ​ဘူး’ ဆို​ပြီး မင်း​ရဲ့​ဖခင်​ကို ငါ​ကတိ​ပေး​ခဲ့​တဲ့​အတိုင်း အစ္စရေး​နိုင်​ငံ​မှာ မင်း​ရဲ့ရာ​ဇ​ပလ္လင်​ကို ငါ​တည်​မြဲစေ​မယ်။+ ၆  ဒါ​ပေမဲ့  မင်း​နဲ့  မင်း​ရဲ့​သား​မြေး​တွေ  ငါ့​ကို​ကျော​ခိုင်း​ပြီး  ငါ​မှာ​ထား​တဲ့ ပညတ်​ချက်​တွေ၊ ဥ​ပ​ဒေ​တွေ​ကို  မလိုက်​နာ​ဘူး​ဆို​ရင်၊ တခြား​ဘုရားတွေ​ကို သွား​ပြီး ရှိ​ခိုး​ဝတ်​ပြု​မယ်​ဆို​ရင်၊+ ၇  ငါ​ပေး​ထား​တဲ့​ပြည်​က​နေ အစ္စရေး​တွေ​ကို ပယ်​ရှင်း​မယ်။+ ငါ့​နာမည်​အတွက် သန့်​ရှင်း​မြင့်မြတ်​စေ​တဲ့ ဒီ​အိမ်​တော်​ကို ငါ့​ရှေ့​မှောက်​က​နေ ဖယ်​ရှား​မယ်။+ အစ္စရေး​တွေ​ဟာ လူမျိုး​တွေ​အလယ်​မှာ နှာ​ခေါင်း​ရှုံ့​စ​ရာ၊ လှောင်​ပြောင်​စ​ရာ ဖြစ်​လာ​မယ်။+ ၈  ဒီ​အိမ်​တော်​ဟာ​လည်း အပျက်​အယွင်း​ပုံ​ကြီး ဖြစ်​သွား​မယ်။+ လမ်း​သွား​လမ်း​လာတွေက အံ့​သြတ​ကြီး​ကြည့်​ပြီး လှောင်​ပြောင်​ကြ​မယ်။* ‘ယေဟောဝါ​က ဒီ​ပြည်​နဲ့ ဒီ​အိမ်​တော်​ကို ဘာ​ကြောင့် ဒီ​လို​လုပ်​လိုက်​တာ​ပါ​လိမ့်’ လို့​ပြော​ကြ​လိမ့်​မယ်။+ ၉  ပြီး​တော့ ‘အီဂျစ်​ပြည်​က​နေ သူတို့​ဘိုး​ဘေး​တွေ​ကို ခေါ်​ထုတ်​လာ​တဲ့​အရှင် သူတို့​ရဲ့​ဘုရား ယေဟောဝါ​ကို စွန့်​ပစ်​တဲ့​အပြင် တ​ခြား​ဘုရားတွေ​ကို ဆည်း​ကပ်​ပြီး ဦး​ချ​ဝတ်​ပြု​ခဲ့​တာ​ကိုး။ ဒါ​ကြောင့် ယေဟောဝါ​က သူတို့​ကို ဒီ​လို​ဘေး​ဆိုး​တွေ ကြုံ​စေ​တာ​ပေါ့’ ဆို​ပြီး ပြော​ကြ​လိမ့်​မယ်” လို့​ပြော​တယ်။+ ၁၀  ယေဟောဝါ​ရဲ့​အိမ်​တော်​နဲ့ နန်း​တော် အဆောက်​အအုံ​နှစ်​ခု​ကို ရှော​လ​မုန် တည်​ဆောက်​တဲ့​အချိန် အနှစ် ၂၀ စေ့​တဲ့​အခါ၊+ ၁၁  ရှော​လ​မုန်​မင်း​ကြီး​က တိုင်​ရာ​ဘုရင်​ဟိ​ရံ​ကို+ ဂါ​လိ​လဲ​နယ်​မှာ​ရှိ​တဲ့ မြို့​ပေါင်း ၂၀ ပေး​တယ်။ ဟိ​ရံ​မင်း​က သစ်​က​တိုး​သား​တွေ၊ ဂျူ​နီ​ပါ​ထင်း​ရှူး​သား​တွေ၊ ရွှေ​တွေ​ကို ရှော​လ​မုန် လို​ချင်​သလောက် ပေး​ခဲ့လို့​ပဲ။+ ၁၂  တိုင်​ရာ​မြို့​မှာ နန်း​စံ​တဲ့ ဟိ​ရံ​မင်း​က ရှော​လ​မုန်​ပေး​တဲ့​မြို့​တွေ​ကို သွား​ကြည့်​ပြီး​ သဘော​မကျ​တဲ့​အတွက်၊ ၁၃  “အဆွေ​တော်၊ ငါ့​ကို ဘယ်​လို​မြို့တွေ ပေး​လိုက်​တာ​လဲ” ဆို​ပြီး​ပြော​တယ်။ အဲဒီ​မြို့​တွေ​က ကာ​ဗု​လ​နယ်​မြေ* ဆို​ပြီး ဒီ​နေ့​အထိ နာ​မည်​တွင်​နေ​တုန်း​ပဲ။ ၁၄  အဲဒီ​အတော​အတွင်း​မှာ ဟိ​ရံ​က ရှော​လ​မုန်​မင်း​ကြီး​ကို ရွှေ​အချိန် တဲ​လင့်*+ ၁၂၀ ပို့​ပေး​တယ်။ ၁၅  ဒါ​က​တော့ ယေဟောဝါ​ရဲ့​အိမ်​တော်၊+ နန်း​တော်၊ တောင်​ကုန်း၊*+ ဂျေရု​ဆ​လင်​မြို့​ရိုး၊ ဟာ​ဇော်​မြို့၊+ မေဂိ​ဒေါ​မြို့၊+  ဂေဇာ​မြို့​တွေ+  ဆောက်​တုန်း​က  ရှော​လ​မုန်​မင်း​ကြီး​ခိုင်း​တဲ့ ချွေး​တပ်သား​တွေ​ရဲ့+  အကြောင်း​ပဲ။ ၁၆  (အီဂျစ်​ဘုရင်​ဖာ​ရော​က ဂေဇာ​မြို့​ကို ချီ​တက်​သိမ်း​ပိုက်​ပြီး မီး​ရှို့​လိုက်​တယ်။ မြို့​ထဲ​မှာ​နေ​တဲ့ ခါ​နန်​လူမျိုး​တွေ​ကို​လည်း+ ကွပ်​မျက်​တယ်။ ပြီး​တော့ ဂေဇာ​မြို့​ကို သမီး​တော်၊ ရှော​လ​မုန်​ရဲ့​မိ​ဖု​ရား​အတွက် လက်​ဖွဲ့​ပေး​လိုက်​တယ်။)+ ၁၇  ရှော​လ​မုန်​က ဂေဇာ​မြို့၊ အောက်​ဗေ​သော​ရုန်​မြို့၊+ ၁၈  ဗာလတ်​မြို့၊+  သူ့​တိုင်း​ပြည်​မှာ​ရှိ​တဲ့  တော​ကန္တာ​ရ​ထဲ​က တာမာ​မြို့၊ ၁၉  ရိက္ခာ​သို​လှောင်​ဖို့ မြို့​တွေ၊ မြင်း​ရထား​တွေ​ထား​ဖို့ မြို့​တွေ၊+ မြင်း​စီး​သူ​ရဲ​တွေ​ထား​ဖို့ မြို့​တွေ​ကို တည်​တယ်။ ဂျေရု​ဆ​လင်​မြို့၊ လက်​ဘ​နွန်​ပြည်​နဲ့ သူ့​နိုင်​ငံ​တစ်​ဝန်း​လုံး​မှာ အလို​ရှိ​ရာ​မှန်​သမျှ တည်​ဆောက်​တယ်။ ၂၀  အစ္စရေး​လူမျိုး​မဟုတ်​တဲ့ အာမောရိ၊ ဟိ​တ္တိ၊ ဖေရ​ဇိ၊ ဟိ​ဝိ၊ ယေ​ဗု​သိ​လူမျိုး​တွေ​ထဲ​က ကျန်​ကြွင်း​သူ​အားလုံး၊+ ၂၁  အစ္စရေး​တွေ မဖျက်​ဆီး​နိုင်​ခဲ့လို့ တိုင်း​ပြည်​မှာ ကျန်​ကြွင်း​တဲ့ အဲဒီ​လူမျိုး​တွေ​ရဲ့  သား​မြေး​တွေ​ကို ရှော​လ​မုန်​က  ကျွန်​အဖြစ်  စေ​ခိုင်း​တယ်။ ဒီ​နေ့​အထိ သူတို့ ကျွန်​ခံ​နေ​ရ​တုန်းပဲ။+ ၂၂  အစ္စရေး​တွေ​ကို​တော့ တစ်​ယောက်​မှ ကျွန်​မခံ​ခိုင်း​ဘူး။+ စစ်​သည်​တွေ၊ အမှု​ထမ်း​တွေ၊ မှူး​မတ်​တွေ၊ ဗိုလ်​မှူး​တွေ၊ ရထား​ထိန်း​နဲ့ မြင်း​စီး​သူ​ရဲ​တွေ​ရဲ့ ခေါင်း​ဆောင်​တွေ​အဖြစ် အမှု​ထမ်း​စေ​တယ်။ ၂၃  ရှော​လ​မုန်​ရဲ့​အလုပ်​ကို ကြီး​ကြပ်​ရ​တဲ့၊ အလုပ်​သမား​တွေ​ကို ကြီး​ကြပ်​ရ​တဲ့ ဝန်​မင်း+ ၅၅၀ ရှိ​တယ်။ ၂၄  ဖာ​ရော​ရဲ့​သမီး​တော်​က+ ဒါဝိဒ်​မြို့+ က​နေ​ထွက်​ပြီး ရှော​လ​မုန်​ဆောက်​ပေး​တဲ့ နန်း​ဆောင်​မှာ သွား​နေ​တယ်။ အဲဒီ​နောက် ရှော​လ​မုန်​က တောင်​ကုန်း​ကို*+ တည်​ဆောက်​တယ်။ ၂၅  ရှော​လ​မုန်​က  ယေဟောဝါ​အတွက် တည်​ဆောက်​တဲ့ ပူ​ဇော်ရာ​ပလ္လင်​ပေါ်​မှာ မီး​ရှို့​ရာ ပူ​ဇော်​သက္ကာတွေ၊ မိတ်​သဟာ​ယ  ပူ​ဇော်​သက္ကာတွေ​ကို တစ်​နှစ်​သုံး​ကြိမ်+ ပူ​ဇော်​တယ်။+ ယေဟောဝါ​ရှေ့၊ ပူ​ဇော်ရာ​ပလ္လင်​ပေါ်​မှာ မီး​ရှို့​ပူ​ဇော်​တယ်။ ဒီ​လို​နဲ့ အိမ်​တော်​ကို လက်​စ​သတ်​လိုက်​တယ်။+ ၂၆  ဒါ့​အပြင် ရှော​လ​မုန်​မင်း​ကြီး​က ဧ​ဒုံ​ပြည် ပင်လယ်​နီ​ကမ်း​နား၊+ ဧလုတ်​အရပ်​နား​က ဧ​ဇ​ယုန်​ဂါ​ဗာ​အရပ်​မှာ+ သင်္ဘော​တွေ  တည်​ဆောက်​တယ်။ ၂၇  ဟိ​ရံ​မင်း​ကြီး​က​လည်း  အတွေ့​အကြုံ​ရှိ​တဲ့ သူ့​ရဲ့ သင်္ဘော​သား​တ​ချို့​ကို+ လွှတ်​ပြီး ရှော​လ​မုန်​ရဲ့ အမှု​ထမ်း​တွေ​နဲ့​အတူ အမှု​ထမ်း​စေ​တယ်။ ၂၈  သူတို့​က သြဖိ​ရ​အရပ်​ကို+ သွား​ပြီး အဲဒီ​က​နေ ရွှေ​အချိန် တဲ​လင့် ၄၂၀ ကို ရှော​လ​မုန်​မင်း​ကြီး​ဆီ ယူ​လာ​ကြ​တယ်။

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “လေ​ချွန်​ကြ​လိမ့်​မယ်။”
“ညံ့​ဖျင်း​တဲ့​မြေ” လည်း​ဖြစ်​နိုင်။
တစ်​တဲ​လင့်​က ၃၄.၂ ကီ​လို​နဲ့​ညီ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။
ဒါ​မှ​မဟုတ်၊ “မိ​လော။” မြေဖို့​ထား​တဲ့​နေ​ရာလို့ အဓိပ္ပာယ်​ရှိ​တဲ့ ဟီ​ဘ​ရူး​စကား​လုံး။
ဒါ​မှ​မဟုတ်၊ “မိ​လော​ကို။” မြေဖို့​ထား​တဲ့​နေ​ရာလို့ အဓိပ္ပာယ်​ရှိ​တဲ့ ဟီ​ဘ​ရူး​စကား​လုံး။