၁ ယောဟန် ၄:၁-၂၁

  • ဘုရားဆီကလာတဲ့ သတင်းစကား ဟုတ်မဟုတ် သိနိုင်ဖို့ စစ်ဆေး (၁-၆)

  • ဘုရားသခင်ကို သိကျွမ်းခြင်းနဲ့ ချစ်ခြင်း (၇-၂၁)

    • “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်” (၁၆)

    • ဘုရားသခင်ကို ချစ်မြတ်နိုးသူ ကြောက်စိတ်မရှိ (၁၈)

 ချစ်ရသူတို့၊ ဘုရားသခင်ဆီက လာတယ်လို့ထင်ရတဲ့ သတင်းစကားတိုင်းကို မယုံပါနဲ့။+ ဘုရားဆီကလာတဲ့ သတင်းစကား ဟုတ်မဟုတ် သိနိုင်ဖို့ စစ်ဆေးကြပါ။+ ပရောဖက်အတုအယောင်တွေ လောကမှာ အများကြီးပေါ်လာပြီဖြစ်လို့ပဲ။+ ၂  ဘုရားဆီကသတင်းစကား ဟုတ်မဟုတ် သိနိုင်တဲ့နည်းကတော့–  လူသားတစ်ယောက်အဖြစ် ယေရှုခရစ် ရောက်လာခဲ့တယ်ဆိုတာကို အသိအမှတ်ပြုတဲ့ သတင်းစကားမှန်ရင် အဲဒါဟာ ဘုရားသခင်ဆီကပဲ။+ ၃  ယေရှုကို  အသိအမှတ်မပြုတဲ့  သတင်းစကားမှန်သမျှဟာ ဘုရားဆီကလာတာ မဟုတ်ဘူး။+ ခရစ်တော်ကိုဆန့်ကျင်သူရဲ့* သတင်းစကားပဲ။ ဆန့်ကျင်သူက အဲဒီစကားတွေ ပြောမယ်ဆိုတာ ခင်ဗျားတို့ ကြားထားပြီးသားပါ။+ အခု လောကမှာ အဲဒီစကားတွေကို ပြောနေတယ်။+ ၄  သားသမီးတို့၊  ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့ ဘက်တော်သားတွေပါ။ ပရောဖက်အတုအယောင်တွေကို ခင်ဗျားတို့ အနိုင်ရခဲ့ပြီ။+ ခင်ဗျားတို့နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေတဲ့ ဘုရားသခင်ဟာ+ လောကနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေတဲ့ မာရ်နတ်ထက် တန်ခိုးကြီးတယ်။+ ၅  သူတို့ဟာ လောကရဲ့ ဘက်တော်သားတွေဖြစ်လို့+ လောကနဲ့ဆိုင်တဲ့အကြောင်းကို  ပြောတတ်ကြတယ်။ လောကကလည်း သူတို့ပြောတာကို  နားထောင်တတ်တယ်။+ ၆  ကျွန်တော်တို့ဟာ  ဘုရားသခင်ရဲ့ ဘက်တော်သားတွေပဲ။ ဘုရားသခင်ကို သိကျွမ်းသူဟာ ကျွန်တော်တို့ပြောတာကို  နားထောင်တယ်။+ ဘုရားသခင်ရဲ့ ဘက်တော်သား  မဟုတ်တဲ့သူကတော့  ကျွန်တော်တို့ပြောတာကို နားမထောင်ဘူး။+ ဒီနည်းအားဖြင့် မှန်တဲ့သတင်းစကားနဲ့ မှားတဲ့သတင်းစကားကို ခွဲခြားနိုင်တယ်။+ ၇  ချစ်ရသူတို့၊ အချင်းချင်း ချစ်မြဲချစ်ကြစို့။+  မေတ္တာဟာ  ဘုရားသခင်ဆီက အရင်းခံတယ်။ မေတ္တာရှိတဲ့သူဟာ ဘုရားသခင်ရဲ့ သားသမီး၊ ဘုရားသခင်ကို သိကျွမ်းသူဖြစ်တယ်။+ ၈  မေတ္တာမရှိတဲ့သူကတော့  ဘုရားသခင်ကို မသိဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်လို့ပဲ။+ ၉  ဘုရားသခင်က တစ်ဦးတည်းသောသားကို+ ဒီလောကဆီ စေလွှတ်ပြီး သူ့ အားဖြင့် အသက်လမ်း ဖွင့်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လောက်ချစ်မှန်း ပေါ်လွင်ထင်ရှားတယ်။+ ၁၀  ကျွန်တော်တို့ရဲ့  အပြစ်အတွက်+ အပြစ်ဖြေရာ ပူဇော်သက္ကာအဖြစ်+ သားတော်ကို စေလွှတ်ခဲ့တာဟာ ကျွန်တော်တို့ကို ဘုရားသခင် ချစ်လို့ပါ။ ကျွန်တော်တို့က ဘုရားသခင်ကို ချစ်ခဲ့လို့ မဟုတ်ပါဘူး။ ၁၁  ချစ်ရသူတို့၊ ဘုရားသခင်က အဲဒီလောက်တောင် ချစ်တယ်ဆိုတော့ ကျွန်တော်တို့လည်း အချင်းချင်းချစ်ဖို့ တာဝန်ရှိတယ်။+ ၁၂  ဘုရားသခင်ကို ဘယ်သူမှ မမြင်ဖူးပါဘူး။+ ဒါပေမဲ့ အချင်းချင်း ချစ်မြဲချစ်နေမယ်ဆိုရင် ဘုရားသခင်ဟာ ကျွန်တော်တို့နဲ့အတူ ရှိမြဲရှိနေမယ်။ ဒါကြောင့် ပြည့်ဝစုံလင်တဲ့ မေတ္တာကို ပြကြပါ။+ ၁၃  ကျွန်တော်တို့ဟာ ဘုရားသခင်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေမှန်း၊ ဘုရားသခင်ကလည်း ကျွန်တော်တို့နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေမှန်း ပေးသနားထားတဲ့ စွမ်းအားတော်ကြောင့် သိရတယ်။ ၁၄  အဖဘုရားက  သားတော်ကို လောကရဲ့ကယ်တင်ရှင်အဖြစ် စေလွှတ်လိုက်မှန်း+ ကျွန်တော်တို့ မြင်ခဲ့ရတယ်၊ ကိုယ်တိုင်မျက်မြင်သက်သေဖြစ်ခဲ့တယ်။ ၁၅  ယေရှုခရစ်ကို ဘုရားသခင့် သားတော်အဖြစ် အသိအမှတ်ပြုသူဟာ+ ဘုရားသခင်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေသလို ဘုရားသခင်ကလည်း သူနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေတယ်။+ ၁၆  ကျွန်တော်တို့ကို ဘုရားသခင် ချစ်မြတ်နိုးမှန်း သိလည်းသိတယ်။ ယုံလည်းယုံတယ်။+ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။+ မေတ္တာရှိတဲ့သူဟာ  ဘုရားသခင်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေသလို  ဘုရားသခင်ကလည်း  သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း  ဖြစ်နေတယ်။+ ၁၇  ဒါကြောင့် ပြည့်ဝစုံလင်တဲ့ မေတ္တာကို ပြကြပါ။ ဒီလိုပြမယ်ဆိုရင် တရားစီရင်ရာနေ့မှာ  ရဲရဲဝံ့ဝံ့ပြောဆိုခွင့်*+ ရလိမ့်မယ်။ ဒီလောကမှာ ကျွန်တော်တို့ဟာ ခရစ်တော်လို အနေအထားမျိုးနဲ့ အသက်ရှင်နေကြတယ်။ ၁၈  ဘုရားသခင်ကို ချစ်မြတ်နိုးသူမှာ ကြောက်စိတ်မရှိဘူး။+ ပြည့်ဝစုံလင်တဲ့ မေတ္တာက ကြောက်စိတ်ကို  ဖယ်ရှားပစ်တယ်။ ကြောက်စိတ်ကတော့ လူကို အဟန့်အတားဖြစ်စေတယ်။ ကြောက်စိတ်ဝင်နေတဲ့လူဟာ ပြည့်ဝစုံလင်တဲ့ မေတ္တာကို မပြနိုင်ဘူး။+ ၁၉  ဘုရားသခင်က အရင်ဦးဆုံးချစ်ခဲ့လို့  ကျွန်တော်တို့လည်း ချစ်တတ်ကြတာပါ။+ ၂၀  “ဘုရားသခင်ကို ချစ်တယ်” လို့ပြောပေမဲ့ ညီအစ်ကိုကို မုန်းတဲ့သူဟာ လူလိမ်ပဲ။+ မြင်နေရတဲ့ ညီအစ်ကိုကို မချစ်ရင်+ မမြင်ရတဲ့ ဘုရားသခင်ကို မချစ်နိုင်ဘူး။+ ၂၁  ဘုရားသခင်ကို ချစ်ရင် ညီအစ်ကိုကိုလည်း ချစ်ရမယ်ဆိုတဲ့ ပညတ်ကို ဘုရားသခင်ဆီက ကျွန်တော်တို့ ရထားတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ် “အန္တိခရစ်” ကိုကြည့်။
ခက်ဆစ်ကိုကြည့်။