၁ ရာဇဝင်ချုပ် ၁၆:၁-၄၃
၁၆ လူတွေက စစ်မှန်တဲ့ဘုရားသခင်ရဲ့ သေတ္တာတော်ကို သယ်လာပြီး ဒါဝိဒ်ဆောက်ထားတဲ့ တဲထဲမှာ ထားလိုက်တယ်။+ အဲဒီနောက် ဘုရားသခင်ရှေ့မှာ မီးရှို့ရာအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေ ဆက်သကြတယ်။+
၂ ဒါဝိဒ်က မီးရှို့ရာအလှူတွေ၊+ မိတ်သဟာယ ပူဇော်သက္ကာတွေကို+ ဆက်သပြီးတဲ့အခါ ယေဟောဝါရဲ့ နာမည်ကို အမှီပြုပြီး လူတွေကို ကောင်းချီးပေးတယ်။
၃ ဒါ့အပြင် အစ္စရေးအားလုံးကို ကျားမ,မရွေး မုန့်တစ်ချပ်စီ၊ စွန်ပလွံပျဉ်နဲ့ စပျစ်သီးပျဉ် တစ်ချပ်စီ ဝေပေးတယ်။
၄ အဲဒီနောက် ဒါဝိဒ်က ယေဟောဝါရဲ့ သေတ္တာတော်ရှေ့မှာ+ အမှုဆောင်ဖို့၊ အစ္စရေးတို့ရဲ့ ဘုရားသခင် ယေဟောဝါကို ဂုဏ်တင်ဖို့၊ ကျေးဇူးတင်ချီးမွမ်းဖို့ လေဝိအမျိုးသားတချို့ကို ခန့်လိုက်တယ်။
၅ သူတို့ရဲ့ခေါင်းဆောင်က အာသပ်၊+ လက်ထောက်က ဇာခရိ။ ယေယေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ မာတသိ၊ ဧလျာဘ၊ ဗေနာယ၊ သြဗက်ဧဒုံ၊ ယေယေလတို့က+ ကြိုးတပ်တူရိယာနဲ့ စောင်းတွေ တီးရတယ်။+ အာသပ်က လင်းကွင်းတီးရတယ်။+
၆ ပုရောဟိတ်တွေဖြစ်တဲ့ ဗေနာယနဲ့ ယဟာဇေလက ဘုရားသခင်ရဲ့ ပဋိညာဉ်သေတ္တာရှေ့မှာ ခရာ အမြဲမှုတ်ရတယ်။
၇ အဲဒီနေ့မှာ ဒါဝိဒ်က ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းတဲ့ သီချင်းတစ်ပုဒ်ကို ဦးဆုံး ရေးစပ်ပြီးနောက် အာသပ်နဲ့+ သူ့ညီအစ်ကိုတွေ သီဆိုတီးမှုတ်ဖို့ ပေးလိုက်တယ်-
၈ “ယေဟောဝါကို ကျေးဇူးတင်ကြ၊+ နာမတော်ကို ခေါ်ပြီး ဆုတောင်းကြ။
ဘုရားရဲ့ လုပ်ဆောင်မှုတွေအကြောင်း လူတွေကို ကြားသိစေကြ။+
၉ ဘုရားအတွက် သီချင်းဆိုကြ။ ချီးမွမ်းသီဆိုကြ။+
အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း စဉ်းစားဆင်ခြင်ကြ။*+
၁၀ သန့်ရှင်းမြင့်မြတ်တဲ့နာမတော်ကို ချီးမွမ်းရတာ ဂုဏ်ယူပါ။+
ယေဟောဝါကို ရှာတဲ့သူတွေ စိတ်ရွှင်လန်းပါစေ။+
၁၁ ယေဟောဝါနဲ့ အစွမ်းတန်ခိုးတော်ကို ရှာကြပါ။+
မျက်နှာသာတော်ရဖို့ ကြိုးစားကြပါ။+
၁၂ ဘုရားလုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်ရာတွေ၊+အံ့ဖွယ်လုပ်ရပ်တွေ၊ ချမှတ်ထားတဲ့ တရားစီရင်ချက်တွေကို သတိရကြ။
၁၃ ဘုရားကျွန် အစ္စရေးရဲ့ မျိုးနွယ်တို့၊+ဘုရားရွေးချယ်ထားတဲ့ ယာကုပ်ရဲ့ သားမြေးတို့။+
၁၄ ဘုရားသခင်ဟာ ငါတို့ရဲ့ဘုရား ယေဟောဝါပဲ။+
ကမ္ဘာတစ်ခွင်လုံးကို တရားစီရင်တယ်။+
၁၅ ဘုရားရဲ့ပဋိညာဉ်ကို ထာဝစဉ်သတိရကြ။
ပေးခဲ့တဲ့ကတိကို လူမျိုးဆက်တစ်ထောင်တိုင်အောင် သတိရကြ။+
၁၆ အာဗြဟံနဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်၊+အိဇက်ကိုပေးခဲ့တဲ့ ကျိန်ဆိုချက်ကို+ သတိရကြ။
၁၇ အဲဒီကျိန်ဆိုချက်ကို ယာကုပ် အတွက် အမိန့်အဖြစ် တည်စေခဲ့တယ်။+
အစ္စရေးအတွက် ထာဝရပဋိညာဉ်အဖြစ် တည်စေခဲ့တယ်။
၁၈ ‘ခါနန်ပြည်ကို+ အမွေအဖြစ်ငါခွဲဝေပေးမယ်’+ လို့ ဘုရားကျိန်ဆိုခဲ့တယ်။
၁၉ အဲဒီတုန်းက သူတို့ လူဦးရေ နည်းနည်းလေးပဲ။
ခါနန်ပြည်မှာ တိုင်းတစ်ပါးသားတွေအဖြစ် နေထိုင်ခဲ့ရတယ်။+
၂၀ လူတစ်မျိုးကနေ တစ်မျိုး၊တစ်နိုင်ငံကနေ တစ်နိုင်ငံ လှည့်လည်သွားလာခဲ့ရတယ်။+
၂၁ သူတို့ကိုဖိနှိပ်ဖို့ ဘယ်သူ့ကိုမှ ဘုရားခွင့်မပြုခဲ့ဘူး။+
သူတို့အတွက် ဘုရင်တွေကို ဆုံးမပြီး၊+
၂၂ ‘ငါဘိသိက်ပေးထားသူတွေကို မထိကြနဲ့။
ငါ့ပရောဖက်တွေကို မကောင်းတာတစ်ခုမှ မလုပ်ကြနဲ့’+ လို့ပြောခဲ့တယ်။
၂၃ မြေကြီးသားအပေါင်းတို့၊ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြ။
ကယ်တင်ခြင်းအကြောင်း နေ့စဉ်ရက်ဆက် ကြေညာကြ။+
၂၄ ဘုန်းတန်ခိုးတော်အကြောင်း လူမျိုးတွေအလယ်မှာ ကြေညာကြ။
အံ့ဖွယ်လုပ်ဆောင်မှုတွေကို လူတွေအလယ်မှာ ကြေညာကြ။
၂၅ ယေဟောဝါဟာ ကြီးမြတ်ပြီး ချီးမွမ်းခံထိုက်ဆုံးအရှင်ပဲ။
တခြားဘုရားတွေထက် ရိုသေခန့်ညားဖွယ် ကောင်းလှတယ်။+
၂၆ လူမျိုးခြားတွေရဲ့ ဘုရားတွေဟာ အသုံးမဝင်တဲ့ ဘုရားတွေပါ။+
ယေဟောဝါကတော့ ကောင်းကင်ကို ဖန်ဆင်းတဲ့ အရှင်ပဲ။+
၂၇ ရှေ့တော်မှာ ဘုန်းတန်ခိုးနဲ့ ခမ်းနားမှု ရှိနေတယ်။+
စံမြန်းရာအရပ်မှာ အစွမ်းတန်ခိုးနဲ့ ဝမ်းမြောက်ခြင်း ရှိနေတယ်။+
၂၈ လူမျိုးနွယ်တို့၊ ယေဟောဝါ ရထိုက်တာကို ပေးကြ။
ယေဟောဝါဟာ ဘုန်းအသရေနဲ့ အစွမ်းတန်ခိုးရှိတဲ့အတွက် ဘုရားရထိုက်တာကို ပေးကြ။+
၂၉ ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ နာမည်ကို ဂုဏ်တင် ချီးမွမ်းကြ။+
လက်ဆောင်တွေယူပြီး ရှေ့တော်ကို လာကြ။+
သန့်ရှင်းတဲ့အဝတ် ဝတ်ပြီး* ယေဟောဝါကို ဦးချကြ။+
၃၀ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်မှာ ကြောက်ရွံ့ တုန်လှုပ်ကြ။
ကမ္ဘာမြေကို ရွှေ့လို့မရနိုင်အောင် အခိုင်အမာ တည်ထားတယ်။+
၃၁ မိုးကောင်းကင် ပျော်ရွှင်ပါစေ။ ကမ္ဘာမြေ ရွှင်လန်းပါစေ။+
‘ယေဟောဝါ ဘုရင်ဖြစ်ပြီ’ လို့ လူမျိုးတွေအလယ်မှာ ကြေညာကြ။+
၃၂ ပင်လယ်နဲ့ ပင်လယ်ထဲမှာရှိသမျှ မြည်ဟည်းကြပါစေ။
လယ်ပြင်နဲ့ လယ်ပြင်မှာရှိသမျှ ဝမ်းမြောက်ကြပါစေ။
၃၃ တစ်ချိန်တည်းမှာ တောသစ်ပင်တွေလည်း ယေဟောဝါရှေ့ ရွှင်လန်းစွာ သီချင်းဆိုကြပါစေ။
ကမ္ဘာမြေကို တရားစီရင်ဖို့ ဘုရားကြွလာပြီ။
၃၄ ယေဟောဝါကို ကျေးဇူးတင်ကြပါ။ ဘုရားသခင်ဟာ ကောင်းမြတ်တယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။+
၃၅ ‘ကယ်တင်ရှင် ဘုရားသခင်၊ ကျွန်တော်တို့ကို ကယ်တင်လှည့်ပါ။+
သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ကျေးဇူးတင်ချီးမွမ်းနိုင်ဖို့၊+ကိုယ်တော့်ကို အားပါးတရ ချီးမွမ်းနိုင်ဖို့+
တခြားလူမျိုးတွေရဲ့ လက်ထဲကနေ ကယ်တင်ပြီး စုသိမ်းလှည့်ပါ။
၃၆ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို အစဉ်ထာဝရ ချီးမွမ်းကြပါစေ’ လို့ ပြောကြပါ။”
လူအားလုံးကလည်း “အာမင်”* လို့ပြောပြီး ယေဟောဝါကို ချီးမွမ်းကြတယ်။
၃၇ အဲဒီနောက် ဒါဝိဒ်က ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာရှေ့မှာ+ လုပ်ရိုးလုပ်စဉ်အတိုင်း အမြဲအမှုဆောင်ဖို့+ အာသပ်နဲ့+ သူ့ ညီအစ်ကိုတွေကို သေတ္တာတော်ရှေ့မှာ နေခိုင်းတယ်။
၃၈ သြဗက်ဧဒုံနဲ့ ဆွေမျိုးသားချင်း ၆၈ ယောက်ကိုလည်း နေခိုင်းတယ်။ ယေဒုသုန်ရဲ့သား သြဗက်ဧဒုံနဲ့ ဟောသကို တံခါးစောင့်အဖြစ် တာဝန်ပေးတယ်။
၃၉ ပုရောဟိတ် ဇာဒုတ်နဲ့+ အပေါင်းပါ ပုရောဟိတ်တွေက ဂိဗောင်မြို့၊ အထွတ်အမြတ်နေရာမှာရှိတဲ့ ယေဟောဝါရဲ့တဲတော်ရှေ့မှာ အမှုဆောင်ကြတယ်။+
၄၀ ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရာအလှူတွေကို ယေဟောဝါဆီ မနက်ရော ညပါ ပုံမှန်ပူဇော်ဖို့၊ အစ္စရေးတွေကို မိန့်မှာတဲ့ ယေဟောဝါရဲ့ ပညတ်ကျမ်းမှာ ရေးထားသမျှအတိုင်း လုပ်ဆောင်ဖို့ ဖြစ်တယ်။+
၄၁ သူတို့နဲ့အတူ ဟေမန်နဲ့ ယေဒုသုန်+ ရှိတယ်။ “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ်တည်မြဲ”+ တဲ့အတွက် ယေဟောဝါကို ချီးမွမ်းဖို့+ နာမည်နဲ့တကွ ရွေးချယ်ခံရတဲ့ ကျန်တဲ့လူတွေလည်း ရှိနေတယ်။
၄၂ သူတို့နဲ့အတူ ဟေမန်နဲ့+ ယေဒုသုန်က ခရာတွေ၊ လင်းကွင်းတွေ၊ တခြားတူရိယာတွေ တီးမှုတ်ပြီး ဘုရားသခင်ကို ချီးမွမ်းကြတယ်။ ယေဒုသုန်ရဲ့+ သားတွေကတော့ တံခါးစောင့် လုပ်ကြတယ်။
၄၃ အဲဒီနောက် လူတွေအားလုံး ကိုယ့်အိမ်ကိုယ့်ရာဆီ ပြန်သွားကြတယ်။ ဒါဝိဒ်လည်း သူ့အိမ်သားတွေကို ကောင်းချီးပေးဖို့ ပြန်သွားတယ်။