၁ ရာဇဝင်ချုပ် ၁၉:၁-၁၉

  • ဒါဝိဒ်ရဲ့တမန်တွေကို အမ္မုန်လူတွေ စော်ကား (၁-၅)

  • အမ္မုန်နဲ့ ဆီးရီးယားလူတွေကို အောင်ပွဲခံ (၆-၁၉)

၁၉  နောက်တော့ အမ္မုန်ဘုရင်နေဟက် ကွယ်လွန်သွားပြီး သူ့သား နန်းတက်လာတယ်။+ ၂  ဒါဝိဒ်က “နေဟက်မင်းက ငါ့ကို ခိုင်မြဲတဲ့မေတ္တာ ပြခဲ့တဲ့အတွက်+ ငါလည်း သူ့သားဟာနုန်ကို ခိုင်မြဲတဲ့မေတ္တာပြမယ်” ဆိုပြီး ဖခင်ကွယ်လွန်လို့ ဝမ်းနည်းနေတဲ့ ဟာနုန်ကို နှစ်သိမ့်စကား ပြောကြားဖို့ တမန်တွေ စေလွှတ်လိုက်တယ်။ ဒါဝိဒ်ရဲ့တမန်တွေ အမ္မုန်ပြည်ကို+ ရောက်လာတဲ့အခါ၊ ၃  အမ္မုန်မှူးမတ်တွေက “ဒါဝိဒ်က ခမည်းတော်ကို လေးစားတဲ့အနေနဲ့ တမန်တွေ လွှတ်ပြီး နှစ်သိမ့်ပေးတာလို့ မင်းကြီး ထင်နေပါသလား။ တကယ်တော့ တိုင်းပြည်ကို ဖျက်ဆီးဖို့ တမန်တွေလွှတ်ပြီး ထောက်လှမ်းခိုင်းလိုက်တာပါ” လို့ ဟာနုန်မင်းကို လျှောက်တင်တယ်။ ၄  ဒါကြောင့် ဟာနုန်က ဒါဝိဒ်ရဲ့တမန်တွေကို ဖမ်းဆီးပြီး မုတ်ဆိတ်မွေးကိုရိတ်၊+ ဝတ်ရုံကို တင်ပါးအထိဖြတ်ပြီး ပြန်လွှတ်လိုက်တယ်။ ၅  ဒီသတင်းကို ဒါဝိဒ်ကြားတာနဲ့ တမန်တွေဆီ လူလွှတ်ပြီး ကြိုခိုင်းလိုက်တယ်။ သူတို့ အကြီးအကျယ် အရှက်ခွဲခံလိုက်ရတာကိုး။ ဒါဝိဒ်က “မင်းတို့ မုတ်ဆိတ်တွေ ပြန်ရှည်လာတဲ့အထိ ယေရိခေါမြို့မှာ နေကြ။+ ပြီးမှ ပြန်လာခဲ့ကြပါ” လို့မှာလိုက်တယ်။ ၆  အမ္မုန်လူတွေက သူတို့ကို ဒါဝိဒ်မုန်းနေမှန်း သိသွားတယ်။ ဒါကြောင့် ဟာနုန်မင်းနဲ့ အမ္မုန်လူတွေက မက်ဆိုပိုတေးမီးယားပြည်၊ အာရံမာခါပြည်၊ ဇောဘပြည်ကနေ မြင်းရထားတွေ၊ မြင်းစီးသူရဲတွေကို ငွေတဲလင့်* ၁,၀၀၀ ပေးပြီး ငှားရမ်းတယ်။+ ၇  မြင်းရထား ၃၂,၀၀၀ အပြင် မာခါဘုရင်နဲ့ သူ့လူတွေကိုပါ ငှားလိုက်တဲ့အတွက် သူတို့ ချီတက်လာပြီး မေဒဘအရပ်ရှေ့မှာ+ တပ်ချကြတယ်။ အမ္မုန်လူတွေလည်း မြို့တွေထဲကနေ တစုတစည်းတည်း ထွက်လာတယ်။ ၈  ဒီသတင်းကို ဒါဝိဒ်ကြားတဲ့အခါ ခွန်အားကြီး စစ်သည်တွေအပါအဝင် ယွာဘနဲ့+ တပ်မကြီးတစ်ခုလုံးကို လွှတ်လိုက်တယ်။+ ၉  အမ္မုန်လူတွေ ထွက်လာပြီး မြို့အဝင်မှာ စစ်ခင်းထားတယ်။ စစ်ချီလာတဲ့ ဘုရင်တွေကတော့ လွင်ပြင်မှာ စစ်ခင်းထားတယ်။ ၁၀  အရှေ့နဲ့ အနောက် စစ်မျက်နှာနှစ်ဖက် ဖွင့်ထားတာကို ယွာဘမြင်တဲ့အခါ အစ္စရေးလက်ရွေးစင် စစ်သည်တချို့ကို ရွေးချယ်ပြီး ဆီးရီးယားတွေနဲ့တိုက်ဖို့ စစ်ခင်းတယ်။+ ၁၁  ကျန်တဲ့စစ်သည်တွေကို အမ္မုန်လူတွေနဲ့ စစ်ခင်းဖို့ အစ်ကိုအဘိရှဲလက်ထဲ+ အပ်လိုက်တယ်။ ၁၂  ပြီးတော့ ယွာဘက “ဆီးရီးယားတွေ+ ငါ့ကို အသာစီးရရင်  မင်းလာကူရမယ်။  အမ္မုန်လူတွေ မင်းကို အသာစီးရရင် ငါလာကူမယ်။ ၁၃  ဒို့လူမျိုးအတွက်၊ ဒို့ဘုရားသခင်ပိုင်တဲ့ မြို့တွေအတွက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြစို့။+ ယေဟောဝါဘုရားကလည်း အလိုရှိတဲ့အတိုင်း လုပ်ဆောင်ပေးမှာပါ” လို့မှာတယ်။ ၁၄  ယွာဘနဲ့ စစ်သည်တွေ တိုက်ဖို့ ရှေ့တိုးလာတဲ့အခါ  ဆီးရီးယားတွေ ထွက်ပြေးကြတယ်။+ ၁၅  ဆီးရီးယားတွေ ထွက်ပြေးတာကို မြင်တော့ အမ္မုန်လူတွေလည်း ယွာဘအစ်ကို အဘိရှဲရှေ့ကနေ ထွက်ပြေးပြီး မြို့ထဲ ပြန်ဝင်သွားကြတယ်။ အဲဒီနောက် ယွာဘက ဂျေရုဆလင်မြို့ကို ပြန်လာတယ်။ ၁၆  ဆီးရီးယားတွေက အစ္စရေးတွေလက်ချက်နဲ့ သူတို့ အရေးနိမ့်မှန်း သိတဲ့အခါ  တမန်တွေလွှတ်ပြီး မြစ်ကြီး*+ အနီးမှာနေတဲ့ ဆီးရီးယားတွေကို ခေါ်လိုက်တယ်။  ဟာဒဒေဇာရဲ့ဗိုလ်ချုပ် ရှောပက်က သူတို့ကို ဦးဆောင်လာတယ်။+ ၁၇  ဒီသတင်းကို ကြားတာနဲ့ ဒါဝိဒ်မင်းက အစ္စရေးစစ်သည်တွေကို စုရုံး၊ ဂျော်ဒန်မြစ်ကို ဖြတ်ပြီး ချီတက်လာတယ်။ ပြီးတော့ ဆီးရီးယားတွေနဲ့ တိုက်ခိုက်ဖို့ စစ်ခင်းတဲ့အခါ သူတို့လည်း ပြန်တိုက်ခိုက်ကြတယ်။+ ၁၈  ဒါပေမဲ့ ဆီးရီးယားတွေ အရေးနိမ့်ပြီး ထွက်ပြေးရတယ်။ ဒါဝိဒ်က ဆီးရီးယားစစ်ရထားမှူး ၇,၀၀၀၊ ခြေလျင်တပ်သား ၄၀,၀၀၀ ကို ကွပ်မျက်တယ်။ ဗိုလ်ချုပ်ရှောပက်ကိုလည်း ကွပ်မျက်တယ်။ ၁၉  ဟာဒဒေဇာမင်းရဲ့ လူတွေက သူတို့ ရှုံးနိမ့်မှန်းသိတဲ့အခါ+ ချက်ချင်းပဲ စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းပြီး ဒါဝိဒ်ဆီမှာ လက်အောက်ခံကြတယ်။+ အဲဒီအချိန်ကစပြီး ဆီးရီးယားတွေဟာ အမ္မုန်လူတွေကို စစ်ကူ မပေးတော့ဘူး။

အောက်ခြေမှတ်ချက်များ

တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ယူဖရေးတီးမြစ်။