၁ ရှမွေလ ၁:၁-၂၈

  • ဧ​လ​ကာ​န​နဲ့ ဇနီး​များ (၁-၈)

  • မြုံ​နေ​တဲ့​ဟန္န သား​ဆု​ပန် (၉-၁၈)

  • ရှ​မွေ​လ မွေး​လာ၊ ယေဟောဝါ​အတွက် ပေးအပ် (၁၉-၂၈)

 ဧဖရိမ်​တောင်​တန်း​ဒေ​သ၊+ ရာ​မ​သိမ်​ဇု​ဖိမ်​မြို့​မှာ+ ဧ​လ​ကာ​န​ဆို​တဲ့+ လူ​တစ်​ယောက် နေ​ထိုင်​တယ်။ သူ​ဟာ ဧ​ဖရိမ်​နယ်​သား​ပဲ။ သူ့​အဖေက ယေ​ရော​ဟံ၊ ယေ​ရော​ဟံ​ရဲ့​အဖေက ဧ​လိဟု၊ ဧ​လိဟု​ရဲ့​အဖေက တော​ဟူ၊ တော​ဟူ​ရဲ့​အဖေက ဇု​ဖလို့​ခေါ်​တယ်။ ၂  ဧ​လ​ကာ​န​မှာ ဇနီး​နှစ်​ယောက် ရှိ​တယ်။ တစ်​ယောက်​က ဟန္န၊ နောက်​တစ်​ယောက်​က ပေနိ​န္န။ ပေနိ​န္န​မှာ သား​သမီး ရှိ​ပေမဲ့ ဟန္န​မှာ​တော့ သား​သမီး မရှိ​ဘူး။ ၃  ဧ​လ​ကာ​န​က ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ကို ကိုးကွယ်​ဖို့၊ ပူ​ဇော်​သက္ကာ​ဆက်​သဖို့ နေ​ရင်း​မြို့​က​နေ ရှိ​လော​မြို့​ကို နှစ်​တိုင်း တက်​သွား​လေ့​ရှိ​တယ်။+ ဧ​လိ​ရဲ့​သား ဟော​ဖနိ​နဲ့​ဖိ​န​ဟတ်​က+ ယေဟောဝါ​ရဲ့ ပု​ရော​ဟိတ်​တွေ​အဖြစ် ရှိ​လော​မြို့​မှာ အမှု​ဆောင်​နေ​တယ်။+ ၄  ဧ​လ​ကာ​န​က ပူ​ဇော်​သက္ကာ ဆက်​သတဲ့​အခါ​တိုင်း ဇနီး​ပေနိ​န္န​နဲ့ သား​သ​မီးတွေ​ကို ဝေ​စု​ကိုယ်​စီ ခွဲ​ဝေ​ပေး​တယ်။+ ၅  ဟန္န​ကို သိပ်​ချစ်​တော့ အထူး​ဝေ​စု​တစ်​စု ပေး​တတ်​တယ်။ ဒါ​ပေမဲ့ ယေဟောဝါ​က ဟန္န​ကို သား​ဖွား​ခွင့်​မပေး​ဘူး။ ၆  ဟန္န​ကို ယေဟောဝါ သား​ဖွား​ခွင့် မပေး​တဲ့​အတွက် ပြိုင်​ဘက်​ဇနီး​က သူ စိတ်​ဆင်း​ရဲ​အောင်၊ မခံ​ချိ​မခံသာ​ဖြစ်​အောင် အမြဲပြော​လေ့​ရှိ​တယ်။ ၇  ပေနိ​န္န​က နှစ်​တိုင်း အဲဒီ​လို​လုပ်​တယ်။ ယေဟောဝါ​ရဲ့ အိမ်​တော်​ကို တက်​သွား​တဲ့​အခါ​တိုင်း+ ပေနိန္န​က မခံ​ချိ​မခံ​သာ​ဖြစ်​အောင် ပြော​တတ်​လို့ ဟန္န​ခမျာ မစား​နိုင် မသောက်​နိုင်​ဘဲ ငို​နေ​ရရှာ​တယ်။ ၈  ခင်​ပွန်း​ဧ​လ​ကာ​န​က “ဟန္န​ရယ်၊ ဘာ​လို့ မစား​မသောက်​ဘဲ ငို​နေ​တာ​လဲ။ ဘာ​လို့ ဒီ​လောက် စိတ်​ထိ​ခိုက်​နေ​တာ​လဲ။ ငါ​ဟာ မင်း​အပေါ် သား​ဆယ်​ယောက်​ထက်​တောင် ပို​ကောင်း​တယ် မဟုတ်​လား” ဆို​ပြီး​ပြော​တယ်။ ၉  ရှိ​လော​မြို့​မှာ သူတို့ စား​သောက်​ပြီး​တဲ့​နောက် ဟန္န​ထ​သွား​တယ်။ အဲဒီ​အချိန်​မှာ ပု​ရော​ဟိတ်​ဧ​လိ​က ယေဟောဝါ​ရဲ့ ဗိမာန်​တော်*+ တံခါး​တိုင်​နား​က ခုံ​မှာ ထိုင်​နေ​တယ်။ ၁၀  ဟန္န​လည်း စိတ်​ဆင်း​ရဲ​လွန်း​လို့ ယေဟောဝါ​ဆီ ဆုတောင်း​ရင်း+ ရှိုက်​ကြီး​တ​ငင် ငို​ချ​လိုက်​တယ်။ ၁၁  ပြီး​တော့ “ဗိုလ်​ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ​ဘုရား၊ ကျွန်​မ စိတ်​ဆင်း​ရဲ​နေ​တာ​ကို မြင်​ပြီး ကျွန်​မကို မေ့​မထား​ဘဲ သတိ​ရ​တဲ့​အနေ​နဲ့ သား​တစ်​ယောက် ပေး​သနား​မယ်​ဆို​ရင်+ အဲဒီ​က​လေး​ကို ဆံ​ပင်​မရိတ်​ဘဲ+ တစ်​သက်​လုံး ယေဟောဝါ​ဘုရား​အတွက် ပေး​ပါ့​မယ်” လို့ သစ္စာ​ကတိ​ပြု​တယ်။ ၁၂  ဟန္န​က ယေဟောဝါ​ဆီ အကြာ​ကြီး ဆုတောင်း​နေ​တာ​ကို ဧ​လိ စောင့်​ကြည့်​နေ​တယ်။ ၁၃  ဟန္န​က စိတ်​ထဲ​က​နေ ဆုတောင်း​နေ​တာ​ဖြစ်​လို့ အသံ​မထွက်​ဘူး၊ နှုတ်​ခမ်း​ပဲ လှုပ်​နေ​တယ်။ ဒါ​ကြောင့် သူ​ဝိုင်​မူး​နေ​တယ်​လို့ ဧ​လိ​ထင်​သွား​တဲ့​အတွက်၊ ၁၄  “မင်း ဘာ​လို့ ဝိုင်​မူး​နေ​တာ​လဲ။ မသောက်​နဲ့​တော့” လို့​ပြော​တယ်။ ၁၅  ဟန္န​က “သခင်၊ အဲဒီ​လို မဟုတ်​ရ​ပါ​ဘူး။ ကျွန်​မ စိတ်​ဖိ​စီး​မှု များ​လွန်း​လို့​ပါ။ ဝိုင်​မူး​နေ​တာ၊ အရက်​မူး​နေ​တာ မဟုတ်​ပါ​ဘူး။ ယေဟောဝါ​ဘုရား​ဆီ​မှာ ကျွန်​မ ရင်​ဖွင့်​နေ​တာ​ပါ။+ ၁၆  ကျွန်​မကို အသုံး​မကျ​တဲ့ မိန်း​မလို့ မထင်​လိုက်​ပါ​နဲ့။ စိတ်​ဆင်း​ရဲ​လွန်း​လို့၊ စိတ်​ဖိ​စီး​မှု များ​လွန်း​လို့ အခု​လို ရင်​ဖွင့်​ဆုတောင်း​နေ​တာ​ပါ” ဆို​ပြီး ဖြေတယ်။ ၁၇  ဒါ​နဲ့ ဧ​လိ​က “စိတ်​အေး​အေး ထား​ပြီး သွား​ပါ။ အစ္စရေး​တို့​ရဲ့ ဘုရား​သခင်​က မင်း​အသနား​ခံ​တဲ့​အတိုင်း လုပ်​ပေး​ပါ​စေ”+ လို့​ပြော​တဲ့​အခါ၊ ၁၈  ဟန္န​က “သခင့်​မျက်​နှာ​သာ​ရ​သူ ဖြစ်​ချင်​ပါ​တယ်” လို့​ဖြေတယ်။ အဲဒီ​နောက် ထွက်​သွား​ပြီး စား​သောက်​တယ်။ မျက်​နှာ​ညှိုး​ငယ် မနေ​တော့​ဘူး။ ၁၉  သူတို့​ဟာ မနက်​စော​စော​ထ၊ ယေဟောဝါ​ရှေ့​မှာ ပျပ်​ဝပ်​ကိုးကွယ်​ပြီး ရာ​မမြို့​မှာ​ရှိ​တဲ့ အိမ်​ကို ပြန်​လာ​ကြ​တယ်။+ ဧ​လ​ကာ​န​လည်း ဇနီး​ဟန္န​နဲ့ ဆက်ဆံ​တယ်။ ဟန္န​ရဲ့​ဆုတောင်း​ချက်​ကို ယေဟောဝါ နား​ထောင်​တဲ့​အ​တွက်၊+ ၂၀  တစ်​နှစ်​အတွင်း​မှာ ကိုယ်​ဝန်​ရှိ​လာ​ပြီး သား​လေး​မွေး​တယ်။ ဟန္န​က “ယေဟောဝါ​ဘုရား​ဆီ​မှာ တောင်း​လို့ ရ​လာ​တဲ့​သား​ပဲ” ဆို​ပြီး ရှ​မွေ​လ* လို့​နာ​မည်​ပေး​တယ်။+ ၂၁  အချိန်​တန်​တော့ ဧ​လ​ကာ​န​ဟာ ယေဟောဝါ​အတွက် နှစ်​စဉ်​ပူ​ဇော်​နေ​ကျ ပူ​ဇော်​သက္ကာ​နဲ့+ သစ္စာ​ကတိ​အ​လျောက်​ပေး​တဲ့ အလှူ​ကို ဆက်​သဖို့ အိမ်​သား​တွေ​နဲ့​အတူ တက်​သွား​တယ်။ ၂၂  ဟန္န​က​တော့ လိုက်​မသွား​ဘူး။+ သူ့​ခင်​ပွန်း​ကို “ကျွန်​မ မလိုက်​သေး​ဘူး။ က​လေး​ကို နို့​ဖြတ်​ပြီး​တာ​နဲ့ ယေဟောဝါ​ဘုရား​ရှေ့ ခေါ်​သွား​ပါ့​မယ်။ အဲဒီ​မှာ​ပဲ သူ​အမြဲနေ​ရ​မယ်”+ လို့​ပြော​တယ်။ ၂၃  ခင်​ပွန်း​ဧ​လ​ကာ​န​က​လည်း “ကောင်း​မယ်​ထင်​သလို​သာ လုပ်​ပါ။ က​လေး​ကို နို့​ဖြတ်​ပြီး​တဲ့​အထိ အိမ်​မှာ​ပဲ နေ​ပေါ့။ မင်း​ပြော​တဲ့​အတိုင်း ယေဟောဝါ​ဘုရား လုပ်​ဆောင်​ပေး​ပါ​စေ” လို့​ပြန်​ပြော​တယ်။ ဟန္န​လည်း အိမ်​မှာ​ပဲ​နေ​ပြီး က​လေး​ကို နို့​ဖြတ်​ချိန်​အထိ ကြည့်​ရှု​ပြု​စု​တယ်။ ၂၄  ဟန္န​က သား​လေး​ကို နို့​ဖြတ်​ပြီး​တာ​နဲ့ ရှိ​လော​မြို့​မှာ​ရှိ​တဲ့ ယေဟောဝါ​ရဲ့ အိမ်​တော်​ဆီ ခေါ်​သွား​တယ်။+ သုံး​နှစ်​သား​အရွယ် နွား​ထီး​တစ်​ကောင်၊ ဂျုံ​မှုန့်​တစ်​ဧ​ဖာ၊* စ​ပျစ်​ဝိုင်​အိုး​ကြီး တစ်​အိုး​လည်း+ ပါ​တယ်။ ၂၅  နွား​ထီး​ကို သတ်​ပြီး​နောက် သား​လေး​ကို ဧ​လိ​ဆီ ခေါ်​သွား​တယ်။ ၂၆  ဟန္န​က “အ​သက်​ရှင်​နေ​တဲ့ သခင့်​ကို တိုင်​တည်​ပြီး ပြော​ပါ့​မယ်၊ ကျွန်​မဟာ ဒီ​နေ​ရာ​မှာ သခင့်​အနား​ရပ်​ပြီး ယေဟောဝါ​ဘုရား​ဆီ ဆုတောင်း​ခဲ့​တဲ့ အမျိုး​သမီး​ပါ။+ ၂၇  ဒီ​သား​လေး​ကို ရ​ဖို့ ကျွန်​မ ဆု​တောင်း​ခဲ့​တာ။ ကျွန်​မ အသနား​ခံ​တဲ့​အတိုင်း ယေဟောဝါ​ဘုရား လုပ်​ပေး​ခဲ့​တဲ့​အတွက်၊+ ၂၈  ကျွန်​မက​လည်း ဒီ​သား​လေး​ကို ယေဟောဝါ​ဘုရား​ဆီ ပေး​အပ်​လိုက်​ပြီ။ သူ့​ကို တစ်​သက်​လုံး ယေဟောဝါ​ဘုရား​ဆီ ပေး​အပ်​လိုက်​ပြီ” လို့ ဧလိ​ကို ပြော​တယ်။ ဧ​လ​ကာ​န​က ယေဟောဝါ​ကို ပျပ်​ဝပ်​ကိုးကွယ်​တယ်။

အောက်ခြေမှတ်ချက်များ

တဲ​တော်။
အဓိပ္ပာယ်၊ “ဘုရား​သခင့်​နာ​မည်။”
၂၂ လီ​တာ​ဆံ့​တဲ့ ပုံး​တစ်​ပုံး​စာ​ရှိ။ နောက်​ဆက်​တွဲ ခ​၁၄ ကို​ကြည့်။