၁ ရှမွေလ ၁၁:၁-၁၅
၁၁ အဲဒီနောက် အမ္မုန်ဘုရင် နေဟက်က+ စစ်ချီလာပြီး ဂိလဒ်ပြည်၊ ယာဗက်မြို့ကို+ တိုက်ဖို့ စခန်းချတယ်။ ယာဗက်မြို့သားတွေက “ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ပါ။ သစ္စာခံပါ့မယ်” လို့ လျှောက်တင်တဲ့အခါ၊
၂ နေဟက်က “မင်းတို့ရဲ့ ညာဘက်မျက်လုံးကို ဖောက်ထုတ်ပြီး အစ္စရေးတစ်မျိုးလုံးကို အရှက်ခွဲရမှ ငါမဟာမိတ်ဖွဲ့နိုင်မယ်” ဆိုပြီး ပြောတယ်။
၃ ယာဗက်မြို့ အကြီးအကဲတွေကလည်း “ကျွန်တော်တို့ကို ခုနစ်ရက်လောက်တော့ အချိန်ပေးပါ။ အစ္စရေးနယ် တစ်လျှောက်လုံးကို တမန်တွေ လွှတ်ကြည့်မယ်။ ကျွန်တော်တို့ကို ကယ်မယ့်သူမရှိရင် မင်းကြီးဆီမှာ အညံ့ခံပါ့မယ်” လို့ အကြောင်းပြန်လိုက်တယ်။
၄ ဒီလိုနဲ့ တမန်တွေက ရှောလုရှိရာ ဂိဗာမြို့ကို+ ရောက်လာပြီး လူတွေကို အကြောင်းစုံ ပြောပြတော့ သူတို့ အကြီးအကျယ် အော်ငိုကြတယ်။
၅ အဲဒီအချိန်မှာ ရှောလုက တိရစ္ဆာန်အုပ်ကို မောင်းပြီး လယ်တောကနေ ပြန်လာတယ်။ “ဘာတွေ ဖြစ်နေတာလဲ။ လူတွေ ဘာလို့ ငိုနေကြတာလဲ” လို့ သူမေးတော့ ယာဗက်မြို့သားတွေဆီက သတင်းကို ပြန်ပြောပြကြတယ်။
၆ အဲဒီသတင်းကို ကြားတဲ့အခါ ရှောလုအပေါ် ဘုရားသခင်ရဲ့ စွမ်းအားတော် သက်ရောက်လာတယ်။+ သူ အကြီးအကျယ် ဒေါသထွက်တဲ့အတွက်၊
၇ နွားနှစ်ကောင်ကိုယူ၊ အပိုင်းပိုင်းဖြတ်၊ တမန်တွေလက်ထဲ ထည့်ပြီး အစ္စရေးနယ်မြေအားလုံးဆီ ပို့လိုက်တယ်။ “ရှောလုနဲ့ ရှမွေလနောက် မလိုက်တဲ့သူတွေရဲ့ နွားတွေကို ဒီလိုလုပ်ပစ်မယ်” ဆိုပြီး မှာလိုက်တယ်။ ယေဟောဝါက လူတွေကို ကြောက်စိတ်ဝင်စေတဲ့အတွက် တညီတညွတ်တည်း ထွက်လာကြတယ်။
၈ ဗေဇက်အရပ်မှာ လူတွေကို ရေတွက်ကြည့်တဲ့အခါ အစ္စရေး ၃၀၀,၀၀၀၊ ယုဒအမျိုး ၃၀,၀၀၀ ရှိတယ်။
၉ ရှောလုနဲ့ သူ့လူတွေက ရောက်နေတဲ့တမန်တွေကို “‘မနက်ဖြန် နေမြင့်ချိန်မှာ လာကယ်မယ်’ လို့ ဂိလဒ်ပြည် ယာဗက်မြို့သားတွေကို ပြောလိုက်ပါ” ဆိုပြီး မှာတယ်။ တမန်တွေက အဲဒီသတင်း ပြန်ပြောပြတဲ့အခါ ယာဗက်မြို့သားတွေ သိပ်ဝမ်းသာသွားကြတယ်။
၁၀ ဒါနဲ့ သူတို့က “မနက်ဖြန်ကျရင် ကျွန်တော်တို့ အညံ့ခံပါ့မယ်။ မင်းကြီး ကြိုက်သလိုသာ လုပ်ပါ”+ ဆိုပြီး နေဟက်မင်းကို အကြောင်းပြန်တယ်။
၁၁ နောက်တစ်နေ့၊ ရှောလုက လူတွေကို သုံးစုခွဲပြီးနောက် မိုးသောက်ယံအချိန်မှာ တပ်စခန်းထဲဝင်ပြီး နေမြင့်ချိန်အထိ အမ္မုန်လူတွေကို ချေမှုန်းတယ်။+ မသေဘဲကျန်တဲ့သူတွေလည်း ကစဉ့်ကလျားဖြစ်ပြီး တစ်ယောက်တစ်ကွဲစီ ထွက်ပြေးကုန်တယ်။
၁၂ အဲဒီအခါ လူတွေက “‘ရှောလုလိုလူကများ ငါတို့ကို အုပ်ချုပ်မလို့လား’+ ဆိုပြီးပြောတာ ဘယ်သူတွေလဲ။ ကျွန်တော်တို့ဆီ အပ်ပါ။ သူတို့ကို သတ်ပစ်ရမယ်” လို့ရှမွေလကို ပြောကြတယ်။
၁၃ ဒါပေမဲ့ ရှောလုက “ဒီနေ့ဟာ အစ္စရေးတွေကို ယေဟောဝါဘုရား ကယ်တင်တဲ့နေ့ပဲ။ ဘယ်သူ့ကိုမှ မသတ်ရဘူး”+ လို့ပြောတယ်။
၁၄ အဲဒီနောက် ရှမွေလက “ဂိလဂါလမြို့ကို သွားကြစို့။+ ရှောလု ဘုရင်ဖြစ်ပြီဆိုတာကို အဲဒီမှာ ထပ်ပြီးအတည်ပြုရအောင်”+ လို့ ပြောတယ်။
၁၅ လူတွေလည်း ဂိလဂါလမြို့ကိုသွားပြီး ယေဟောဝါရှေ့မှာ ရှောလုကို မင်းမြှောက်ကြတယ်။ မိတ်သဟာယ ပူဇော်သက္ကာတွေကိုလည်း ယေဟောဝါရှေ့မှာ ဆက်သကြတယ်။+ ရှောလုနဲ့ အစ္စရေးတစ်မျိုးလုံး အကြီးအကျယ် ပွဲခံပြီး ရွှင်လန်းကြတယ်။+