၁ ရှမွေလ ၂:၁-၃၆

  • ဟန္နရဲ့ ဆုတောင်း​ချက် (၁-၁၁)

  • ဧ​လိ​သား​နှစ်​ယောက်​ရဲ့ အပြစ် (၁၂-၂၆)

  • ဧ​လိ​မိသား​စု​ကို ယေဟောဝါ စီ​ရင် (၂၇-၃၆)

 ဟန္န​ရဲ့ ဆုတောင်း​ချက်– “ယေဟောဝါ​ကြောင့် ကျွန်​မ စိတ်​ရွှင်​လန်း​တယ်။+ ယေဟောဝါ​က ငါ့​ဦး​ချို​ကို* ချီးမြှောက်​တယ်။ ရန်​သူ​တွေ​ကို ကျွန်​မ ရဲ​ရဲ​ကြီး ချေ​ပ​နိုင်​ပြီ။ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကြောင့် ဝမ်း​သာ​ပီ​တိ​ဖြစ်​ရ​ပြီ။  ၂  ယေဟောဝါ​လို သန့်​ရှင်း​မြင့်မြတ်​တဲ့​ဘုရား မရှိ​ပါ​ဘူး။ ကိုယ်​တော်​က​လွဲ​လို့ တ​ခြား​ဘုရား မရှိ​ပါ​ဘူး။+ ဒို့​ရဲ့​ဘုရား​သခင်​လို ခိုင်​မြဲတဲ့​ကျောက်​ဆောင်​မျိုး မရှိ​ပါ​ဘူး။+  ၃  ယေဟောဝါ​ဟာ အရာ​အားလုံး​ကို သိ​တဲ့ ဘုရား​သခင်​ဖြစ်​လို့+လူ​တွေ​ရဲ့​လုပ်​ရပ်​တွေ​ကို မှန်​မှန်​ကန်​ကန် အကဲ​ဖြတ်​နိုင်​တယ်။ ဒါ​ကြောင့် မောက်​မောက်​မာ​မာ မပြော​ကြ​ပါ​နဲ့။ ထောင်​လွှား​တဲ့​စကား​တွေ နှုတ်​က​နေ မထွက်​ကြ​ပါ​နဲ့။  ၄  ခွန်​အား​ကြီး​သူ​တွေ​ရဲ့ လေး​တွေ ကျိုး​ပဲ့​ကုန်​ပြီ။ အား​နည်း​သူ​တွေ​က​တော့ ခွန်​အား​ပြည့်​လာ​ပြီ။+  ၅  ဝ​ဝ​လင်​လင် စား​ခဲ့​ရ​သူ​တွေ​က စား​စ​ရာ​ရ​ဖို့ စာ​ရင်း​ငှား လုပ်​နေ​ရ​တယ်။ ဆာ​လောင်​သူ​တွေ​က​တော့ အဝ​စား​နေ​ရ​တယ်။+ မြုံ​တဲ့​မိန်း​မက က​လေး​ ခု​နစ်​ယောက် မွေး​တယ်။+ သား​တွေ​အများ​ကြီး​မွေး​ခဲ့​တဲ့ မိန်းမက​တော့ တစ်​ယောက်​မှ မရ​တော့​ဘူး။  ၆  ယေဟောဝါ​ဟာ သေစေ​နိုင်​တယ်၊ ရှင်​စေ​နိုင်​တယ်။ သင်္ချိုင်း​ရောက်​အောင် ပို့​နိုင်​တယ်၊ သင်္ချိုင်း​က​နေ ခေါ်​ထုတ်​နိုင်​တယ်။+  ၇  ယေဟောဝါ​ဟာ ဆင်း​ရဲ​နွမ်း​ပါး​စေ​နိုင်​တယ်၊ ချမ်း​သာ​ကြွယ်​ဝ​စေ​နိုင်​တယ်။+ နိမ့်​ကျ​စေ​နိုင်​တယ်၊ ချီး​မြှောက်​နိုင်​တယ်။+  ၈  နိမ့်​ကျ​သူ​ကို မြေမှုန့်​ထဲ​က​နေ ထူ​မတယ်။ နွမ်း​ပါး​သူ​ကို ပြာ​ပုံ​ထဲ​က​နေ* ချီမတယ်။+ သူတို့​ကို မင်း​ညီ​မင်း​သား​တွေ​နဲ့​အတူ ထိုင်​စေ​တယ်။ ဂုဏ်​အသရေ​ရှိ​တဲ့​နေ​ရာ​ကို ပေး​တယ်။ ယေဟောဝါ​ရဲ့ လက်​ထဲ​မှာ ကမ္ဘာမြေရဲ့ အုတ်​မြစ်​တွေ ရှိ​တယ်။+ အုတ်​မြစ်​တွေ​ပေါ်​မှာ ကမ္ဘာ​မြေကို တင်​ထား​တယ်။  ၉  ဘုရား​သခင်​က သစ္စာ​စောင့်​သိ​သူ​တွေ​ရဲ့ ခြေ​လှမ်း​ကို စောင့်​ရှောက်​တယ်။+ ဆိုး​ညစ်​သူ​တွေ​က​တော့ အမှောင်​ထု​ထဲ​မှာ နှုတ်​ဆိတ်​နေ​ရ​လိမ့်​မယ်။+ လူ​ဟာ ကိုယ့်​အစွမ်း​အစ​နဲ့ အောင်​မြင်​မှု မရ​နိုင်​ဘူး။+ ၁၀  ယေဟောဝါ​ကို ဆန့်​ကျင်​တိုက်​ခိုက်​သူ​တွေ ချေ​မှုန်း​ခံ​ရ​မယ်။*+ သူတို့​အပေါ် ကောင်း​ကင်​က​နေ မိုးခြိမ်း​စေ​မယ်။+ ယေဟောဝါ​က မြေတစ်​ပြင်​လုံး​ကို တရား​စီရင်​မယ်။+ ခန့်​အပ်​ထား​တဲ့​ဘုရင်​ကို တန်ခိုး​ပေး​မယ်။+ ဘိ​သိက်​ပေး​ထား​သူ​ရဲ့ ဦး​ချို​ကို* ချီး​မြှောက်​မယ်။”+ ၁၁  အဲဒီ​နောက် ဧ​လ​ကာ​န​က ရာ​မ​မြို့​မှာ​ရှိ​တဲ့​အိမ်​ကို ပြန်​သွား​တယ်။ သား​ငယ်​ရှ​မွေ​လ​က​တော့ ပု​ရော​ဟိတ်​ဧ​လိ လက်​အောက်​မှာ ယေဟောဝါ​အတွက် အမှု​ဆောင်​သူ ဖြစ်​လာ​တယ်။+ ၁၂  ဧ​လိ​ရဲ့​သား​တွေ​က​တော့ ဆိုး​ညစ်​သူ​တွေ၊+ ယေဟောဝါ​ကို မလေး​စား​သူ​တွေ​ပဲ။ ၁၃  သူတို့​က လူ​တွေ​ဆီ​က​နေ ပု​ရော​ဟိတ်​တွေ ရ​ပိုင်​ခွင့်​ရှိ​တဲ့​ဝေ​စု​ကို+ ဘယ်​လို​လုပ်​ကြ​သလဲ​ဆို​တော့ တစ်​ယောက်​ယောက် ပေး​လှူ​တဲ့ ယဇ်​ကောင်​ရဲ့​အသား​ကို ပြုတ်​နေ​တုန်း​မှာ​ပဲ သူတို့​ရဲ့​နောက်​လိုက်​က သုံး​ခွ​ခက်​ရင်း​ကိုင်​ပြီး ရောက်​လာ​တတ်​တယ်။ ၁၄  အိုး​တွေ​ထဲ​မှာ ထည့်​ပြုတ်​ထား​တဲ့ အသား​တုံး​ကို ခက်​ရင်း​နဲ့​ထိုး​ပြီး ပါ​လာ​သမျှ​ကို ပု​ရော​ဟိတ်​အတွက် ယူ​သွား​တတ်​တယ်။ ရှိ​လော​မြို့​ကို​လာ​တဲ့ အစ္စရေး​တွေ​ကို အဲဒီ​လို​ပဲ လုပ်​လေ့​ရှိ​တယ်။ ၁၅  ဒါ့​အပြင် ပူ​ဇော်​သူ​က အဆီ​တွေ မီး​မရှို့​ရ​သေး​ခင်​မှာ+ ပု​ရော​ဟိတ်​ရဲ့ နောက်​လိုက် ရောက်​လာ​ပြီး “ပု​ရော​ဟိတ်​အတွက် အသား​ကင်​ပေး​ချင်​လို့ အသား​စိမ်း​တွေ ပေး​စမ်း။ ပြုတ်​ပြီး​သား မလို​ချင်​ဘူး” ဆို​ပြီး ပြော​တတ်​တယ်။ ၁၆  ပူ​ဇော်​သူ​က “အဆီ​တွေ​ကို အရင်​ဆုံး မီး​ရှို့​လိုက်​ဦး​မယ်။+ ပြီး​မှ ခင်​ဗျား​တို့ စား​ချင်​တဲ့​အပိုင်း​ကို ယူ​သွား​ပါ” လို့​ပြော​တဲ့​အခါ “မရ​ဘူး။ အခု​ချက်​ချင်း​ပေး။ မပေး​ရင် လု​မှာ​ပဲ” ဆို​ပြီး ပြော​တတ်​တယ်။ ၁၇  ဒါ​ကြောင့် အဲဒီ​နောက်​လိုက်​တွေ​က ယေဟောဝါ​ရှေ့​မှာ အပြစ်​ကြီး​လွန်း​တယ်။+ ယေဟောဝါ​ဆီ ပူ​ဇော်​မယ့် အလှူ​တွေ​ကို သူတို့ မလေး​မစား လုပ်​ကြ​တယ်။ ၁၈  လူငယ်​လေး​ဖြစ်​တဲ့ ရှ​မွေ​လ​က​တော့ ချည်​သင်​တိုင်း​ကို* ဝတ်​ပြီး+ ယေဟောဝါ​ရှေ့​မှာ အမှု​ဆောင်​နေ​တယ်။+ ၁၉  သူ့​မိ​ခင်​က နှစ်​စဉ် ပူ​ဇော်​နေ​ကျ ပူဇော်​သက္ကာ​ကို+ ဆက်​သဖို့ ခင်​ပွန်း​နဲ့​အတူ​လာ​တဲ့​အခါ သူ့​အတွက် လက်​ပြတ်ဝတ်ရုံ​တစ်​ထည် ချုပ်​ပြီး ယူ​လာ​လေ့​ရှိ​တယ်။ ၂၀  ဧ​လိ​က “ဒီ​သား​ကို ယေဟောဝါ​ဆီ ပေး​အပ်​လိုက်​တဲ့​အတွက် နောက်​ထပ်​ က​လေး​တစ်​ယောက်​ကို ယေဟောဝါ ပေး​သနား​ပါ​စေ”+ ဆို​ပြီး ဧ​လ​ကာ​န​တို့​ဇနီး​မောင်​နှံ​ကို ဆု​မွန်​ကောင်း တောင်း​ပေး​တယ်။ သူတို့​လည်း အိမ်​ပြန်​သွား​ကြ​တယ်။ ၂၁  အဲဒီ​နောက် ယေဟောဝါ​က ဟန္န​ကို သတိ​ရ​တဲ့​အတွက် သူ့​မှာ ကိုယ်​ဝန်​ရှိ​လာ​ပြီး+ သား​သုံး​ယောက်၊ သမီး​နှစ်​ယောက် မွေး​တယ်။ လူငယ်​လေး ရှ​မွေ​လ​လည်း ယေဟောဝါ​ရှေ့​မှာ ကြီး​ပြင်း​လာ​တယ်။+ ၂၂  ဧ​လိ​ဟာ သိပ်​ကို​အသက်​ကြီး​နေ​ပြီ။ အစ္စရေး​တွေ​အပေါ် သူ့​သား​တွေ ဘယ်​လို​ ပြု​မူ​တဲ့​အကြောင်း၊+ တွေ့​ဆုံ​ရာ​တဲ​တော်​ဝင်​ပေါက်​မှာ အမှု​ဆောင်​တဲ့ အမျိုး​သမီး​တွေ​နဲ့ အတူ​အိပ်​တဲ့​အကြောင်း+  အား​လုံး​ကို  သူ​ကြား​တယ်။ ၂၃  ဧ​လိ​က “မင်း​တို့ ဘာ​လို့ ဒီ​လို​လုပ်​တာ​လဲ။ မင်း​တို့​နဲ့​ပတ်​သက်​ပြီး လူ​တွေ​ဆီ​က​နေ ငါ​ကြား​ရ​တဲ့​သတင်း​က မကောင်း​ဘူး​နော်။ ၂၄  ငါ့​သား​တို့၊ အဲဒီ​လို မလုပ်​ကြ​ပါ​နဲ့​တော့။ ယေဟောဝါ​ရဲ့ လူမျိုး​အလယ်​မှာ ပြန့်​နေ​တဲ့ မင်း​တို့​ရဲ့​သတင်း​က လူ​ကြား​လို့ မကောင်း​ဘူး။ ၂၅  လူ​လူ​ချင်း ပြစ်​မှား​မိ​ရင် ပြစ်​မှား​သူ​အတွက် ယေဟောဝါ​ဘုရား​ဆီ အသနား​ခံ​ပေး​မယ့်​သူ ရှိ​တယ်။* ယေဟောဝါ​ဘုရား​ကို ပြစ်​မှား​မိ​ရင်​တော့+ ပြစ်​မှား​သူ​အတွက် ဘယ်​သူ အသနား​ခံ​ပေး​မလဲ” ဆို​ပြီး ပြော​လေ့​ရှိ​တယ်။ ဒါ​ပေမဲ့ သူတို့ နား​မထောင်​ကြ​ဘူး။ ယေဟောဝါ​က သူတို့​ကို သေဒဏ်​ပေး​ဖို့ ဆုံး​ဖြတ်​ထား​တယ်။+ ၂၆  အဲဒီ​အတော​အတွင်း လူငယ်​ရှ​မွေ​လ​ဟာ ကြီး​ပြင်း​လာ​ပြီး ယေဟောဝါ​ရှေ့​မှာ​ရော လူ​တွေ​ရှေ့​မှာ​ပါ မျက်​နှာ​သာ​ရ​သူ ဖြစ်​လာ​တယ်။+ ၂၇  ဘုရား​သခင် စေ​လွှတ်​လိုက်​သူ​တစ်​ယောက်​က ဧ​လိ​ဆီ ရောက်​လာ​ပြီး ပြော​တယ်– “ယေဟောဝါ​ဘုရား မိန့်မှာ​တာ​က ‘အီဂျစ်​ပြည်၊ ဖာ​ရောမ​င်း​ဆီ​မှာ မင်း​ဘိုး​ဘေး​ရဲ့ သား​မြေး​တွေ ကျွန်​ခံ​နေ​တုန်း သူတို့​ကို ငါ​ထင်​ရှား​ပြခဲ့​တယ်။+ ၂၈  မင်း​ရဲ့​ဘိုး​ဘေး​ကို ငါ့​ရဲ့​ပု​ရော​ဟိတ်​အဖြစ် အမှု​ဆောင်​ဖို့၊ ပူ​ဇော်ရာ​ပလ္လင်​ပေါ်​မှာ ပူ​ဇော်​သက္ကာ​ဆက်​သဖို့၊+ နံ့​သာ​ပေါင်း​ပူ​ဇော်​ဖို့၊* သင်​တိုင်း​ဝတ်​ဆင်​ဖို့ အစ္စရေး​အနွယ်​အားလုံး​ထဲ​က​နေ ရွေး​ချယ်​ခဲ့​တယ်။+ အစ္စရေး​တွေ မီး​ရှို့​ဆက်​သတဲ့ အလှူ​တွေ​ကို​လည်း သူ့​သား​မြေး​ကို ငါ​ပေး​ခဲ့​တယ်။+ ၂၉  ငါ​နေ​ထိုင်​ရာ​အရပ်​မှာ+ ဆက်​သခိုင်း​ထား​တဲ့ ပူ​ဇော်​သက္ကာတွေ၊ အလှူ​တွေ​ကို ဘာ​ကြောင့် မထီ​လေး​စား လုပ်​ကြ​တာ​လဲ။ မင်း​တို့​က ငါ့​လူမျိုး​အစ္စရေး​တွေ ပူ​ဇော်​သမျှ​ထဲ​က အကောင်း​ဆုံး​အပိုင်း​တွေ​ကို စား​ပြီး ဆူ​ဖြိုး​နေ​တယ်။+ ဒီ​နည်း​နဲ့ ဘာ​လို့ မင်း​ရဲ့​သား​တွေ​ကို ငါ့​ထက် ချီး​မြှောက်​နေ​ရ​တာ​လဲ။ ၃၀  “‘ဒါ​ကြောင့် အစ္စရေး​တို့​ရဲ့​ဘု​ရား ယေဟောဝါ​ပြော​တာ​က “မင်း​ရဲ့​သား​မြေး၊ မင်း​ဘိုး​ဘေး​ရဲ့​သား​မြေး​က ငါ့​ရှေ့​မှာ အမြဲအမှု​ဆောင်​ရ​မယ်* လို့ ငါ​ပြော​ခဲ့​ဖူး​တယ်။”+ အခု​တော့ ယေဟောဝါ​က “အဲဒီ​လို လုံး​ဝ မဖြစ်​နိုင်​တော့​ဘူး။ ငါ့​ကို ချီး​မြှောက်​သူ​တွေ​ကို ငါ​ချီး​မြှောက်​မယ်။+ ငါ့​ကို မထီ​လေး​စား လုပ်​သူ​တွေ​က​တော့ မထီ​လေး​စား ဆက်ဆံ​ခံ​ရ​လိမ့်​မယ်” လို့​ပြော​တယ်။ ၃၁  မင်း​ရဲ့​အစွမ်း​ခွန်​အား၊ မင်း​ဘိုး​ဘေး​ရဲ့ သား​မြေး​မှာ​ရှိ​တဲ့ အစွမ်း​ခွန်​အား​ကို ငါ​ဖယ်​ရှား​မယ့်​နေ့ ရောက်​လာ​မယ်။ ဒါ​ကြောင့် မင်း​ရဲ့​သား​မြေး​တွေ​ထဲ​မှာ ယောက်ျား​တစ်​ယောက်​မှ သက်​တမ်း​စေ့​နေ​ရ​မှာ မဟုတ်​ဘူး။+ ၃၂  ကောင်း​မွန်​တဲ့​အရာတွေ​ကို အစ္စရေး​တွေ ခံစား​နေ​ရ​ချိန်​မှာ မင်း​က​တော့ ငါ​နေ​ထိုင်​ရာ​အရပ်​မှာ ရန်​သူ​ကို​ပဲ တွေ့​ရ​လိမ့်​မယ်။+ မင်း​ရဲ့​သား​မြေး​တွေ​ထဲ​မှာ သက်​တမ်း​စေ့​နေ​ရ​တဲ့ ယောက်ျား​တစ်​ယောက်​မှ ရှိ​မှာ​မဟုတ်​ဘူး။ ၃၃  မင်း​ရဲ့ သား​မြေး​တစ်​ယောက်​ကို​တော့ ငါ့​ပူ​ဇော်ရာ​ပလ္လင်​မှာ အမှု​ဆောင်​ဖို့ ငါ​ချန်​ထား​မယ်။ သူ့​ကြောင့် မင်း ဝမ်း​နည်း​ပူ​ဆွေး​ပြီး မျက်​လုံး ကွယ်​သွား​မယ်။ မင်း​ရဲ့ သား​မြေး​အများ​စု​က​တော့ ဓား​ဘေး​နဲ့ သေရ​မယ်။+ ၃၄  မင်း​ရဲ့​သား​နှစ်​ယောက် ဟော​ဖနိ​နဲ့ ဖိ​န​ဟတ်​က တစ်​ရက်​တည်း​မှာ သေရ​မယ်။ ဒါ​ဟာ မင်း​ကို​ပေး​တဲ့ နိ​မိတ်​ပဲ။+ ၃၅  အဲဒီ​နောက် သစ္စာ​ရှိ​တဲ့ ပု​ရော​ဟိတ်​တစ်​ယောက်​ကို ငါ့​အတွက် ပေါ်​ထွန်း​စေ​မယ်။+ ငါ့​စိတ်​ဆန္ဒ​အတိုင်း သူ​လုပ်​ဆောင်​မယ်။ သူ့​မျိုး​ဆက်​ကို ငါ​တည်​မြဲစေ​မယ်။ ငါ​ဘိ​သိက်​ပေး​ထား​သူ​အတွက် သူ​အမှု​ဆောင်​လိမ့်​မယ်။ ၃၆  မင်း​ရဲ့​အမျိုး​ထဲ​မှာ အသက်​ရှင်​ကျန်​ရစ်​သူ​ဟာ လုပ်​အား​ခ​နဲ့ မုန့်​တစ်​လုံး​ရ​ဖို့ ငါ့​ပု​ရော​ဟိတ်​ဆီ လာဦး​ညွှတ်​ပြီး “စား​စ​ရာ​လေး ရ​နိုင်​ဖို့ ကျွန်​တော့်​ကို ပု​ရော​ဟိတ်​တာဝန် ခန့်​ပေး​ပါ​ခင်​ဗျာ”+ ဆို​ပြီး တောင်း​ပန်​ရ​လိမ့်​မယ်။’”

အောက်ခြေမှတ်ချက်များ

ဒါ​မှ​မဟုတ်၊ “အစွမ်း​ခွန်​အား​ကို။” ခက်​ဆစ်​ကို​ကြည့်။
“အမှိုက်​ပုံ​ထဲ​က​နေ” လည်း​ဖြစ်​နိုင်။
“ယေဟောဝါ​နဲ့ ဖက်​ပြိုင်​သူ​တွေ ထိတ်​လန့်​ကြ​လိမ့်​မယ်” လည်း​ဖြစ်​နိုင်။
ဒါ​မှ​မဟုတ်၊ “အစွမ်း​ခွန်​အား​ကို။”
ခက်​ဆစ်​ကို​ကြည့်။
“ဘုရား​သခင် ကြား​ဝင်​စေ့​စပ်​ပေး​မယ်” လည်း​ဖြစ်​နိုင်။
“နံ့​သာ​ငွေ့ တ​လူ​လူ​တက်​စေ​ဖို့” လည်း​ဖြစ်​နိုင်။
မူ​ရင်း၊ “လျှောက်​လှမ်း​ရ​မယ်။”