၁ ရှမွေလ ၂၀:၁-၄၂
-
ဒါဝိဒ်ကို ယောနသန် သစ္စာရှိ (၁-၄၂)
၂၀ ဒါဝိဒ်ဟာ ရာမမြို့၊ နာယုတ်ရွာကနေ ထွက်ပြေးသွားတယ်။ ယောနသန်ဆီ ရောက်လာပြီး “ကျွန်တော် ဘာလုပ်မိလို့လဲ။+ ဘာပြစ်မှု ကျူးလွန်မိလို့လဲ။ ကျွန်တော် ဘာများပြစ်မှားမိလို့ အစ်ကို့ခမည်းတော်က ကျွန်တော့်ကို သတ်ချင်ရတာလဲ” လို့မေးတယ်။
၂ ယောနသန်က “ငါ့ညီရာ၊ မဖြစ်နိုင်တာ။+ မင်း ဘာလို့သေရမှာလဲ။ ခမည်းတော်က ကိစ္စကြီးငယ်မှန်သမျှ ငါ့ကို အသိမပေးဘဲ မလုပ်ဘူး။ ဒီကိစ္စကျမှ ဘာဖြစ်လို့ ဖုံးကွယ်ထားမှာလဲ။ ဒီလိုဖြစ်စရာအကြောင်း မရှိပါဘူး” လို့ဖြေတယ်။
၃ ဒါပေမဲ့ ဒါဝိဒ်က “အစ်ကို့ရှေ့မှာ ကျွန်တော် မျက်နှာသာရမှန်း အစ်ကို့ခမည်းတော် သိထားတော့+ ‘ဒီကိစ္စကို ယောနသန်မသိစေနဲ့၊ သိသွားရင် စိတ်ဆိုးလိမ့်မယ်’ ဆိုပြီး မှာထားတာနေမှာပေါ့။ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး၊ အသက်ရှင်နေတဲ့ အစ်ကို့ကို တိုင်တည်ပြီး ပြောဝံ့ပါတယ်။ ကျွန်တော်နဲ့ သေဘေး ခြေတစ်လှမ်းပဲ ခြားပါတော့တယ်”+ လို့ထပ်ပြောတယ်။
၄ ယောနသန်ကလည်း “ကောင်းပြီလေ။ မင်းပြောတဲ့အတိုင်း ငါလုပ်ပေးပါ့မယ်” လို့ပြောတယ်။
၅ ဒါဝိဒ်က “မနက်ဖြန် လဆန်းနေ့ဆိုတော့+ ကျွန်တော် မင်းကြီးနဲ့အတူ ထိုင်ပြီး စားသောက်ရမှာ။ ဒါပေမဲ့ သန်ဘက်ခါညနေအထိ တောထဲမှာ ပုန်းနေပါရစေ။ အစ်ကို ခွင့်ပြုပေးပါ။
၆ ကျွန်တော့်ကို မတွေ့လို့ မင်းကြီးမေးခဲ့ရင် ‘ဒါဝိဒ်က သူ့ဇာတိ ဘက်သလီဟင်မြို့မှာ+ နှစ်စဉ်ပူဇော်ပွဲရှိတဲ့အတွက် မိသားစုနဲ့အတူ စုဆုံချင်လို့+ ခဏပြန်ပါရစေဆိုပြီး ခွင့်တောင်းတာနဲ့ ကျွန်တော် ခွင့်ပေးလိုက်တယ်’ ဆိုပြီးပြောပေးပါ။
၇ မင်းကြီးက ‘ကောင်းပါတယ်’ လို့ပြောခဲ့ရင် ကျွန်တော် စိတ်အေးလက်အေး နေလို့ရပြီဆိုတဲ့ သဘောပဲ။ မင်းကြီး စိတ်ဆိုးခဲ့ရင်တော့ ကျွန်တော့်ကို ရန်ရှာဖို့ ဆုံးဖြတ်ထားတာ သေချာပြီ။
၈ အစ်ကိုနဲ့ ကျွန်တော်က ယေဟောဝါဘုရားရှေ့မှာ ကတိသစ္စာပြုထားတဲ့အတွက်+ ကျွန်တော့်ကို ခိုင်မြဲတဲ့မေတ္တာပြပါ။+ ကျွန်တော့်မှာ အပြစ်ရှိတယ် ဆိုရင်လည်း+ အစ်ကို့ခမည်းတော်လက်ထဲ အပ်မနေပါနဲ့။ အစ်ကို့လက်နဲ့သာ သတ်လိုက်ပါတော့” လို့ပြောတယ်။
၉ အဲဒီအခါ ယောနသန်က “ငါ့ညီရာ။ ငါအဲဒီလို လုပ်ပါ့မလား။ ခမည်းတော်က မင်းကိုရန်ရှာဖို့ ဆုံးဖြတ်ထားမှန်း ငါသိရင် မင်းကိုပြောမှာပေါ့။ စိတ်ချစမ်းပါ”+ လို့ဖြေတယ်။
၁၀ ဒါဝိဒ်ကလည်း “မင်းကြီးက အစ်ကို့ကို စိတ်ဆိုးဆိုးနဲ့ ပြန်ဖြေ၊ မဖြေဆိုတာ ကျွန်တော့်ကို ဘယ်သူလာအသိပေးမှာလဲ” လို့မေးတယ်။
၁၁ ယောနသန်က “လာ၊ ငါတို့ တောထဲသွားရအောင်” လို့ပြောပြီး နှစ်ယောက်သား တောထဲ ထွက်သွားကြတယ်။
၁၂ အဲဒီနောက် ယောနသန်က “အစ္စရေးတို့ရဲ့ ဘုရားသခင် ယေဟောဝါကို သက်သေထားပြီး ငါပြောမယ်။ မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါ ဒီလိုအချိန်မှာ ခမည်းတော်ကို ငါတီးခေါက်ကြည့်မယ်။ ခမည်းတော်က မင်းကို အကောင်းမြင်တယ်ဆိုရင် မင်းဆီ လူလွှတ်ပြီး အသိပေးမှာပါ။
၁၃ ခမည်းတော်က မင်းကို ရန်ရှာဖို့ ကြံစည်ထားမှန်း ငါသိလျက်နဲ့ အသိမပေးလို့ မင်း ဘေးကင်းကင်းနဲ့ မထွက်သွားနိုင်ဘူးဆိုရင် ယေဟောဝါဘုရားက ယောနသန်ကို ပြစ်ဒဏ်တစ်ခုပြီးတစ်ခု ပေးပါစေ။ ယေဟောဝါဘုရားက ခမည်းတော်နဲ့အတူ ရှိခဲ့သလို+ မင်းနဲ့လည်း အတူရှိပါစေ။+
၁၄ မင်းက ငါအသက်ရှင်နေတုန်းမှာရော၊ သေသွားတဲ့အခါမှာရော ယေဟောဝါဘုရားမှာရှိတဲ့ ခိုင်မြဲတဲ့မေတ္တာမျိုး ငါ့ကိုပြပါ။+
၁၅ ယေဟောဝါဘုရားက မင်းရဲ့ ရန်သူအားလုံးကို မြေပြင်ပေါ်ကနေ ဖယ်ရှားချိန်ရောက်ရင်တောင် ငါ့အိမ်သားတွေအပေါ် ခိုင်မြဲတဲ့မေတ္တာ ဆက်ပြပါ”+ လို့ပြောတယ်။
၁၆ အဲဒီနောက် ယောနသန်က “ဒါဝိဒ်ရဲ့ရန်သူတွေကို ယေဟောဝါဘုရား ပြစ်ဒဏ်ပေးပါစေ” ဆိုပြီး ဒါဝိဒ်ရဲ့အမျိုးနဲ့ပါ ကတိသစ္စာပြုလိုက်တယ်။
၁၇ ယောနသန်က ဒါဝိဒ်ကို ကိုယ်နဲ့ထပ်တူ ချစ်တဲ့အတွက်+ ဒါဝိဒ်ကို ချစ်တဲ့စိတ်နဲ့ ထပ်ပြီးကျိန်ဆိုတယ်။
၁၈ အဲဒီနောက် ယောနသန်က “မနက်ဖြန် လဆန်းနေ့ပဲ။+ မင်းရဲ့ထိုင်ခုံ လွတ်နေမှာဆိုတော့ မင်းမရှိမှန်း သိသာလိမ့်မယ်။
၁၉ သန်ဘက်ခါကျရင် မင်းမရှိမှန်း ပိုပြီးသိသာမှာပဲ။ ဒါကြောင့် ဟိုတစ်နေ့က မင်းပုန်းခဲ့တဲ့နေရာ ဒီကျောက်တုံးနားမှာ ပုန်းနေလိုက်။
၂၀ ကျောက်တုံးရဲ့ ဘေးနားကို ပစ်မှတ်ထားပြီး မြားသုံးစင်း ငါပစ်လိုက်မယ်။
၂၁ ပြီးရင် နောက်လိုက်ကို လွှတ်ပြီး ‘မြားတွေ သွားရှာခဲ့’ လို့ပြောမယ်။ ငါက ‘မြားတွေ မင်းအနားမှာပဲ။ ကောက်လာခဲ့’ လို့ နောက်လိုက်ကို ပြောရင် မင်းပြန်လာနိုင်တယ်။ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ငါပြောမယ်။ မင်းအတွက် ဘေးအန္တရာယ်ကင်းတယ်ဆိုတဲ့ သဘောပဲ။
၂၂ တကယ်လို့ ငါက ‘မြားတွေ မင်းကို ကျော်သွားပြီ’ လို့ နောက်လိုက်ကို ပြောရင် မင်းထွက်သွားလိုက်တော့။ မင်းကို ယေဟောဝါဘုရား ထွက်သွားခိုင်းပြီဆိုတဲ့ သဘောပဲ။
၂၃ ဒို့နှစ်ယောက်ကျိန်ဆိုတဲ့ ကတိသစ္စာမှာ+ ယေဟောဝါဘုရားဟာ ထာဝရသက်သေ ဖြစ်ပါစေ”+ လို့ပြောတယ်။
၂၄ ဒါဝိဒ်လည်း တောထဲမှာ ပုန်းနေတယ်။ လဆန်းနေ့ရောက်တော့ မင်းကြီးက စားသောက်ဖို့ စားပွဲမှာ ထိုင်တယ်။+
၂၅ မင်းကြီးက နံရံနား ထိုင်နေကျခုံမှာ ထိုင်တယ်။ ယောနသန်က မျက်နှာချင်းဆိုင်မှာ၊ အာဗနာက+ မင်းကြီးဘေးမှာ ထိုင်တယ်။ ဒါဝိဒ်နေရာကတော့ လွတ်နေတယ်။
၂၆ အဲဒီနေ့မှာ ရှောလုက “အကြောင်းတစ်ခုခုကြောင့် သူ မသန့်မရှင်း ဖြစ်နေတာနေမှာ။ ဟုတ်တယ်၊ သူ မသန့်ရှင်းတာ ဖြစ်ရမယ်”+ လို့တွေးမိပြီး ဘာမှမပြောဘူး။
၂၇ နောက်တစ်ရက်၊ လဆန်းနှစ်ရက်နေ့မှာလည်း ဒါဝိဒ်ရဲ့နေရာဟာ လွတ်နေတုန်းပဲ။ ဒါကြောင့် ရှောလုက “ယေရှဲရဲ့သားက+ စားသောက်ပွဲကို မနေ့ကရော၊ ဒီနေ့ရော ဘာလို့မလာတာလဲ” ဆိုပြီးမေးတယ်။
၂၈ ယောနသန်ကလည်း “ဒါဝိဒ်က ဘက်သလီဟင်မြို့ကို ပြန်ချင်လို့ ကျွန်တော့်ဆီ ခွင့်တောင်းပါတယ်။+
၂၉ သူက ‘ကျွန်တော့်မြို့မှာ မိသားစုလိုက် ပူဇော်ပွဲရှိတယ်။ အစ်ကိုတွေကလည်း ကျွန်တော့်ကို လာခိုင်းတယ်။ ဒါကြောင့် သွားခွင့်ပေးပါ။ ကျွန်တော့်ကို မျက်နှာသာပေးတဲ့အနေနဲ့ အစ်ကိုတွေနဲ့တွေ့ဖို့ ခဏပြန်ခွင့်ပေးပါ’ လို့ခွင့်တောင်းသွားပါတယ်။ ဒါကြောင့် မင်းကြီးရဲ့စားပွဲကို သူမလာနိုင်တာပါ” လို့ဖြေတယ်။
၃၀ အဲဒီအခါ ရှောလုက ယောနသန်ကို ဒေါသထွက်ပြီး “ပုန်ကန်တတ်တဲ့မိန်းမရဲ့သား၊ မင်းဟာ ကိုယ်တိုင်သာမက ကိုယ့်အမေကိုပါ အရှက်ကွဲခံပြီး ယေရှဲရဲ့သားဘက်မှာ နေတယ်ဆိုတာ ငါမသိဘူးများ မှတ်နေလား။
၃၁ ကမ္ဘာပေါ်မှာ ယေရှဲရဲ့သား အသက်ရှင်နေသရွေ့ မင်းနဲ့ မင်းရဲ့ဘုရင့်အရိုက်အရာ တည်မြဲမှာမဟုတ်ဘူးကွ။+ အခုချက်ချင်း လူလွှတ်ပြီး ဖမ်းလာခဲ့စမ်း။ သူ့ကို သတ်ပစ်ရမယ်”+ လို့အမိန့်ပေးတယ်။
၃၂ ယောနသန်က “သူ့ကို ဘာလို့သတ်ရမှာလဲ။+ သူ ဘာလုပ်မိလို့လဲ” ဆိုပြီး ခမည်းတော်ရှောလုကို ပြောတော့၊
၃၃ ရှောလုက သူ့ကို လှံနဲ့ပစ်ပေါက်တယ်။+ ဒါနဲ့ ဒါဝိဒ်ကိုသတ်ဖို့ ခမည်းတော် ဆုံးဖြတ်ထားမှန်း ယောနသန် သိသွားတယ်။+
၃၄ ဒါကြောင့် စိတ်ဆိုးဆိုးနဲ့ စားပွဲကနေ ချက်ချင်း ထသွားတယ်။ ဒါဝိဒ်အတွက် စိတ်ထိခိုက်တာရယ်၊+ ခမည်းတော်ကိုယ်တိုင် အရှက်ခွဲတာရယ်ကြောင့် လဆန်းနှစ်ရက်နေ့မှာ သူ ဘာမှမစားနိုင်ဘူး။
၃၅ မနက်ရောက်တော့ ယောနသန်က ဒါဝိဒ်နဲ့ချိန်းထားတဲ့အတိုင်း တောထဲကို နောက်လိုက်ကောင်လေးနဲ့အတူ ထွက်သွားတယ်။+
၃၆ ပြီးတော့ သူက “ကဲ၊ ပြေး။ ငါပစ်လိုက်တဲ့ မြားတွေကို ရှာလာခဲ့” လို့ ပြောတယ်။ နောက်လိုက် ပြေးသွားတဲ့အခါ သူ့ကိုကျော်သွားအောင် မြားပစ် လိုက်တယ်။
၃၇ ယောနသန်ပစ်လိုက်တဲ့ မြားအနားကို နောက်လိုက် ရောက်တဲ့အခါ ယောနသန်က “မြားက မင်းကို ကျော်သွားပြီလေ” လို့ အော်ပြောတယ်။
၃၈ ပြီးတော့ “အမြန်လုပ်။ မြန်မြန်သွား။ နှေးနှေးကွေးကွေး လုပ်မနေနဲ့” ဆိုပြီး အော်ပြောပြန်တယ်။ နောက်လိုက်လည်း မြားတွေကို ကောက်ပြီး သူ့သခင် ယောနသန်ဆီ ပြန်လာတယ်။
၃၉ နောက်လိုက်ကတော့ အဲဒီကိစ္စကို နားမလည်ရှာဘူး။ ယောနသန်နဲ့ ဒါဝိဒ်ပဲ နားလည်တယ်။
၄၀ ယောနသန်က လေးနဲ့မြားကို နောက်လိုက်ဆီ အပ်ပြီး “မြို့ထဲ ပြန်ယူသွား” လို့ပြောတယ်။
၄၁ နောက်လိုက် ထွက်သွားတဲ့အခါ ဒါဝိဒ်က တောင်ဘက်မှာရှိတဲ့ နေရာနားကနေ ထွက်လာတယ်။ မြေပေါ်ပျပ်ဝပ်ပြီး သုံးခါ ဦးညွှတ်တယ်။ အဲဒီနောက် နှစ်ယောက်သား နမ်းပြီး ငိုကြွေးကြတယ်။ ဒါဝိဒ်က ပိုပြီးငိုတာပေါ့။
၄၂ ယောနသန်က “‘မင်းနဲ့ငါ့ကြား၊ မင်းရဲ့မျိုးနွယ်နဲ့ ငါ့ရဲ့မျိုးနွယ်ကြားမှာ ယေဟောဝါဘုရားဟာ ထာဝရသက်သေ ဖြစ်ပါစေ’+ လို့ ယေဟောဝါဘုရားရဲ့ နာမည်ကို တိုင်တည်ပြီး ဒို့နှစ်ယောက် ကျိန်ဆိုထားတာပဲ။ စိတ်အေးအေးထားပြီး သွားပါ”+ လို့ပြောတယ်။
အဲဒီနောက် ဒါဝိဒ်ထွက်သွားတယ်။ ယောနသန်လည်း မြို့ထဲ ပြန်သွားတယ်။