၁ ရှမွေလ ၂၄:၁-၂၂

  • ရှောလုကို ဒါဝိဒ်အသက်ချမ်းသာပေး (၁-၂၂)

    • ယေဟောဝါဘိသိက်ပေးထားသူကို ဒါဝိဒ်လေးစား ()

၂၄  ရှောလုက ဖိလိတိလူတွေကို လိုက်တိုက်ပြီး ပြန်ရောက်လာတဲ့အခါ “အင်ဂေဒိတောမှာ ဒါဝိဒ်ရောက်နေတယ်”+ ဆိုတဲ့သတင်းကို ရတယ်။ ၂  ဒါကြောင့် အစ္စရေးတွေထဲက လက်ရွေးစင်စစ်သည် ၃,၀၀၀ ကိုခေါ်ပြီး တောင်ဆိတ်တွေကျက်စားတဲ့ ကျောက်တောင်တွေမှာ ဒါဝိဒ်နဲ့ သူ့လူတွေကို လိုက်ရှာတယ်။ ၃  သွားရင်းနဲ့ လမ်းဘေးနားက ကျောက်နံရံကာ သိုးခြံတွေဆီ ရှောလု ရောက်လာတယ်။ အဲဒီနားမှာ လိုဏ်ဂူတစ်ခု တွေ့တော့ ဝင်ပြီး အပေါ့အပါးသွားတယ်။ ဒါဝိဒ်နဲ့ သူ့လူတွေက လိုဏ်ဂူအတွင်းပိုင်း ချောင်ထဲမှာ ထိုင်နေကြတယ်။+ ၄  ဒါဝိဒ်ရဲ့လူတွေက“ရန်သူကို ခင်ဗျားလက်ထဲ ယေဟောဝါဘုရား အပ်လိုက်တာပဲ။+ သူ့ကို စိတ်ကြိုက်လုပ်ဖို့ ဘုရားသခင် ခွင့်ပြုလိုက်ပြီ” လို့ပြောတော့ ဒါဝိဒ်လည်း ထသွားပြီး ရှောလုရဲ့ လက်ပြတ်ဝတ်ရုံ အနားစွန်းကို အသာလေး ဖြတ်ယူလိုက်တယ်။ ၅  ဒါပေမဲ့ ရှောလုရဲ့ လက်ပြတ်ဝတ်ရုံ အနားစွန်းကို ဖြတ်ယူမိတဲ့အတွက် နောက်ပိုင်းမှာ ဒါဝိဒ်ရဲ့စိတ်က* ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတော့တယ်။+ ၆  ဒါကြောင့် သူ့လူတွေကို “ယေဟောဝါဘုရားရဲ့ ရှုထောင့်ကကြည့်ရင် ယေဟောဝါ ဘိသိက်ပေးထားတဲ့ မင်းကြီးကို ဒီလိုလုပ်ဖို့ ကျွန်တော် စဉ်းတောင် မစဉ်းစားသင့်ဘူး။ မင်းကြီးဟာ ယေဟောဝါ ဘိသိက်ပေးထားသူပဲ။ သူ့ကို ထိခိုက်အောင် မလုပ်သင့်ဘူး”+ လို့ပြောပြီး၊ ၇  သူ့လူတွေကို တားလိုက်တယ်။* ရှောလုကို တိုက်ခိုက်ဖို့ ခွင့်မပြုဘူး။ ရှောလုကတော့ လိုဏ်ဂူထဲကထွက်ပြီး ခရီးဆက်တယ်။ ၈  ဒါဝိဒ်လည်း လိုဏ်ဂူထဲက ထွက်လာပြီး “အရှင်မင်းကြီး”+ လို့အော်ခေါ်တယ်။ ရှောလု လှည့်ကြည့်တဲ့အခါ ဒါဝိဒ် ဦးညွှတ်ပျပ်ဝပ်လိုက်တယ်။ ၉  ပြီးတော့ “‘မင်းကြီးကို အန္တရာယ်ပြုဖို့ ဒါဝိဒ်ကြံစည်နေတယ်’ ဆိုပြီး လူတွေပြောတာကို ဘာလို့နားယောင်ရတာလဲ။+ ၁၀  ဒီနေ့ ယေဟောဝါဘုရားက လိုဏ်ဂူထဲမှာ မင်းကြီးကို ကျွန်တော့်လက်ထဲအပ်ခဲ့တာ မင်းကြီးသိရဲ့လား။ မင်းကြီးကိုသတ်ဖို့ တစ်ယောက်က တိုက်တွန်းသေးတယ်။+ ဒါပေမဲ့ ကျွန်တော်က မင်းကြီးကို သနားတဲ့အတွက် ‘မင်းကြီးဟာ ယေဟောဝါဘုရား ဘိသိက်ပေးထားသူပဲ။ သူ့ကို ထိခိုက်အောင် မလုပ်သင့်ဘူး’+ ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ ၁၁  ခမည်းတော် အရှင်မင်းကြီး၊ ကျွန်တော့်လက်ထဲက လက်ပြတ်ဝတ်ရုံ အနားစွန်းကို ကြည့်ပါဦး။ ဒါကိုဖြတ်ယူတုန်းက မင်းကြီးကို သတ်နိုင်ပေမဲ့ မသတ်ခဲ့ပါဘူး။ မင်းကြီးက ကျွန်တော့်အသက်ကိုသတ်ဖို့ လိုက်နေပေမဲ့+ ကျွန်တော်ကတော့ မင်းကြီးကို အန္တရာယ်ပြုဖို့၊ ပုန်ကန်ဖို့ မကြံစည်ဘူး၊ မင်းကြီးကို မပြစ်မှားဘူးဆိုတာ+ အခု သဘောပေါက်သင့်ပါပြီ။ ၁၂  မင်းကြီးနဲ့ ကျွန်တော့်ကို ယေဟောဝါဘုရားပဲ တရားစီရင်ပေးပါစေ။+ ကျွန်တော့်အတွက် မင်းကြီးကို ယေဟောဝါဘုရား လက်စားချေပေးပါစေ။+ ကျွန်တော်ကတော့ မင်းကြီးထိခိုက်အောင် မလုပ်ပါဘူး။+ ၁၃  ‘ဆိုးညစ်မှုကို ဆိုးညစ်သူတွေပဲ လုပ်တတ်ကြတယ်’ ဆိုတဲ့ ရှေးစကားပုံရှိတယ်။ ဒါကြောင့် မင်းကြီးထိခိုက်အောင် ကျွန်တော်မလုပ်ဘူး။ ၁၄  အစ္စရေးဘုရင်က ဘယ်သူ့ကို လိုက်ဖမ်းနေတာလဲ။ ခွေးသေကောင်ကိုလား။ ဘာမဟုတ်တဲ့ ခွေးသန်းတစ်ကောင်ကိုလား။+ ၁၅  တရားသူကြီးဖြစ်တဲ့ ယေဟောဝါဘုရားပဲ မင်းကြီးနဲ့ကျွန်တော့်ကို တရားစီရင်ပေးပါစေ။ ဘုရားသခင်က ဒီကိစ္စကို စစ်ဆေးလိမ့်မယ်။ ကျွန်တော့်ဘက်ကနေ ခုခံကာကွယ်ပြီး+ စီရင်ပေးပါလိမ့်မယ်။ မင်းကြီးလက်ကနေလည်း ကယ်တင်ပေးပါလိမ့်မယ်” လို့ပြောလိုက်တယ်။ ၁၆  ဒါဝိဒ် အဲဒီလိုပြောပြီးတဲ့အခါ ရှောလုက “ငါ့သား ဒါဝိဒ်၊ ဒါ မင်းရဲ့အသံလား”+ ဆိုပြီး အော်ငိုတော့တယ်။ ၁၇  အဲဒီနောက် “မင်းဟာ ငါ့ထက် ပိုဖြောင့်မတ်ပါတယ်။ မင်းက ငါ့အပေါ်ကောင်းပေမဲ့ ငါကတော့ မင်းကို အကောင်းနဲ့မတုံ့ပြန်ဘူး။+ ၁၈  ဒီနေ့ ယေဟောဝါဘုရားက ငါ့ကို မင်းလက်ထဲအပ်တာတောင် မင်း မသတ်ဘူး။ ငါ့အပေါ် တကယ်ကောင်းခဲ့ပါတယ်။+ ၁၉  ရန်သူကိုတွေ့လျက်နဲ့ ဘာမှမလုပ်ဘဲ လွှတ်လိုက်တဲ့သူ ရှိပါ့မလား။ ဒီနေ့ မင်းလုပ်တဲ့ကောင်းမှုအတွက် ယေဟောဝါဘုရား ဆုချမှာပါ။+ ၂၀  မင်းဟာ ဘုရင်ဖြစ်လာမှာ သေချာတယ်။+ မင်းလက်ထဲမှာ အစ္စရေးနိုင်ငံ တည်မြဲမယ်ဆိုတာ ငါသိတယ်။ ၂၁  ဒီတော့ မင်းက ငါ့ရဲ့သားမြေးတွေကို မဖယ်ရှားဘူး၊ ငါ့နာမည်ကိုလည်း ငါ့အမျိုးထဲကနေ မပယ်ဖျက်ဘူးလို့+ ယေဟောဝါဘုရားကို တိုင်တည်ပြီး သစ္စာဆိုပါ”+ လို့ပြောတယ်။ ၂၂  ဒါဝိဒ်လည်း ရှောလုပြောတဲ့အတိုင်း သစ္စာဆိုတယ်။ အဲဒီနောက် ရှောလုက နန်းတော်ကို ပြန်သွားတယ်။+ ဒါဝိဒ်နဲ့သူ့လူတွေက ခံတပ်ရှိရာကို တက်သွားကြတယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “အမှားအမှန်သိစိတ်။”
“လူစုခွဲလိုက်တယ်” လည်းဖြစ်နိုင်။